Tuesday, January 20, 2015

နယ်မှ ဆန္ဒပြကျောင်းသားများ ရန်ကုန်သို့ ချီတက်၊ သပိတ်စခန်းဖွင့်ရန် အစီအစဉ်ရှိ


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရေးအတွက် ရက်ပေါင်း ၆၀ အတွင်း ညှိနှိုင်းရန် တောင်းဆိုထားခြင်း ကို    အစိုးရဘက်က တုန့်ပြန်ခြင်း မရှိသည့် အတွက်  ကျောင်းသားများက ၎င်းတို့၏ နိုင်ငံလုံးကျွတ် ဆန္ဒပြ ပွဲကို အင်္ဂါနေ့တွင် နယ်မြို့ကြီးများမှ ရန်ကုန်သို့  စတင် ချီတက်ခြင်းဖြင့် စတင်လိုက်သည်။
နံနက်ပိုင်း မန္တလေးမှ ချီတက်လာသူများသည်   အဝေးပြေးလမ်းတွင် ရောက်နေပြီး  ၁၅ ရက်ကြာ ခရီး တွင် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ ပြည်မြို့များကို ဖြတ်သွားမည်ဟု   ဆန္ဒပြကျောင်းသားများနှင့် ဖွဲ့စည်း ထားသည့်  ဒီမိုကရေစီပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီက ပြောသည်။

"အကြမ်းဖက်နှိမ်နှင်းတာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ရင်လည်း ကျွန်တော်တို့ ရည်မှန်းထားတဲ့ ရန်ကုန်ကို မရောက်ရောက်အောင် သွားမယ်။  ဒါကိုမှ အစိုးရက ဒီထက်ပိုပြီး  အကြမ်းဖက်မှုတွေပြုလုပ်မယ် ဆို ရင်တော့ ကျန်တဲ့ အပိုင်းကအစိုးရမှာပဲ တာဝန်ရှိတော့တယ်" ဟု ကော်မတီဝင်တစ်ဦးဖြစ်သူ  ကိုအောင်နေ ပိုင်က ပြောကြားသည်။

အစားအသောက်၊ ဆေးဝါး၊ အသုံးဆောင်ပစ္စည်းတို့အတွက် လမ်းတလျှောက် ပြည်သူများထံမှ အလှူခံ မည်ဖြစ်ကြောင်း၊ နယ်မြို့ကြီးများမှ ချီတက်လာသူများ  ရန်ကုန်မြို့ တစ်နေရာတွင် ဖွင့်မည့် သပိတ်စခန်းသို့ သွားရောက်စုစည်း မည်ဖြစ်ကြောင်း သိရသည်။

ချီတက်ရာလမ်းတစ်လျှောက်တွင် သပိတ် သပိတ် - မှောက်မှောက်၊ မီးတုတ် မီးတုတ် - ရှိုရှို၊ အရေးတော် ပုံ အောင်မည်၊ ကျောင်းသားပြည်သူအခြေမခံသော အမျိုးသား ပညာရေး - အလိုမရှိ၊ ဒီမိုကရေစီပညာရေး စနစ် ဖော်ထုတ်ပေး၊ ကျောင်းသား သမဂ္ဂ  လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရေး ဒို့အရေး စသဖြင့် ကြွေးကြော်လာ သည်ဟု သိရသည်။

လွန်ခဲ့သော ၂ လကျော်က စတင်ပြီး ပေါ်ပေါက်လာသော ကျောင်းသား ဆန္ဒပြပွဲများ၊ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး အစိုးရက တုန့်ပြန်ခြင်း မရှိခဲ့ပေ။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းပေးရန်  သတ်မှတ် ထားသည့် ရက်ပေါင်း ၆၀ ပြည့်ပြီး နောက်တစ်နေ့တွင် ကျောင်းသားတချို့ တိုက်ခိုက်ခံခဲ့ရသည်။

 စနေနေ့ညနေပိုင်းတွင် အင်အား ၃၀ ခန့် ပါဝင်သည့် လူအုပ်စုတစ်ခုက ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် အတွင်း တက်ကြွ လှုပ်ရှားသည့် တက္ကသိုလ် ကျောင်းသားငါးဦးကို  ဒဏ်ရာ အပြင်းအထန် ရသည်အထိ တိုက်ခိုက်ခဲ့ကြသည်။

ထိုဖြစ်စဉ်အတွင်း အနီးတွင် ရှိသော ရဲတပ်သားတစ်ဦးက တိုက်ခိုက်သူများကို ဟန့်တားခြင်း မရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

The Yangon Globe

No comments:

Post a Comment

My Blog List