Wednesday, January 21, 2015

သမ္မတအိုဘားမား ဆဌမမြောက် နိုင်ငံတော်အခြေပြမိန့်ခွန်း


အမေရိကန် အရှေ့ဘက်ခြမ်း အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၉ နာရီ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီခွဲမှာ ပြောကြားမယ့် သမ္မတ Barack Obama ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားရာမှာ ချမ်းသာတဲ့ သူတွေ ဆီကနေ အခွန် ပို တိုးကောက်ရေး တိုက်တွန်းပြောဆိုမှာပါ။
Republican တွေကြီးစိုးတဲ့ လွှတ်တော်နှစ်ရပ်လုံး ရှေ့မှောက်မှာ အခုလို ပထမဆုံး မိန့်ခွန်းပြောကြားမှာပါ။ သူ့ရဲ့သမ္မတသက်တမ်းလက်ထက် စီးပွားရေး အလားအလာ ကောင်းလာတာကြောင့် လူကြိုက်များလာ တယ်လို့ လူထုကောက်ခံမှု စစ်တမ်းတွေအရ သိရပါတယ်။

ကျူးဘားနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ကောင်းလာတာ၊ တရားမ၀င် နေထိုင်သူတွေ ကို နေထိုင်ခွင့်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်ပေးဖို့  မစ္စတာ အိုဘားမားရဲ့ လုပ်ဆောင်ချက်တွေကို မဲပေးသူ တော်တော်များ များ က ထောက်ခံကြပါတယ်။

ဒါပေမဲ့လည်း တဘက်မှာတော့ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အမေရိကန် အထက်နဲ့ အောက်လွှတ်တော်တွေ မှာ ကိုယ်စားလှယ်ဦးရေ ပိုအနိုင်ရခဲ့တဲ့ Republican တွေကို  သမ္မတအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အခုလို ရင်ဆိုင်ရမှာပါ။ Republican အတော်များများဟာ သမ္မတရဲ့ ကျူးဘားနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအပြင် သက်တမ်း ၅ နှစ်ရှိပြီဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကိုလည်း အပြောင်းအလဲလုပ်နိုင်အောင် ကြိုးစားနေတာပါ။

Stock၊ ငွေစုစာချုပ်နဲ့ အိမ်ခြံမြေလို ပိုင်ဆိုင်မှုတွေ ရောင်းချတာကနေ ရလာတဲ့အမြတ်အပေါ် အခွန် တိုးကောက်ဖို့၊ ဒေါ်လာသန်းပေါင်း များစွာတန်တဲ့ အမွေရ အိမ်ခြံမြေတွေအပေါ် အခွန်မကောက်ဘဲ ရပ်ထားတာကို အဆုံးသတ်ဖို့၊ နိုင်ငံရဲ့ အကြီးမားဆုံး ဘဏ္ဍာငွေကြေး ကုမ္ပဏီတွေအပေါ် ငွေကောက်ခံဖို့ စတာတွေကို မစ္စတာ အိုဘားမား ထည့်ပြောမှာပါ။

အဲဒီလို ကောက်ခံတာတွေကနေ နောင် ၁၀ နှစ်အတွင်း ရလာမယ့် ခန့်မှန်းအခွန်ငွေ ဒေါ်လာဘီလီယံ ၃၂၀ ကို အလယ်အလတ်ဝင်ငွေရှိ အမေရိကန် နိုင်ငံသားတွေအပေါ် အခွန်လျှော့ပေးထားတာ ကာမိစေဖို့နဲ့ ဒေသ ဆိုင်ရာ ကောလိပ်တွေမှာ အခမဲ့ ပညာသင်ပေးတာလိုမျိုး ကိစ္စတွေမှာ သမ္မတက အသုံးပြုချင်ပါတယ်။

ဒီအဆိုပြုချက်တွေကို Republican လွှတ်တော်အမတ်တွေဘက်က အပြင်းအထန် ကန့်ထားပြီး အခုလို အခွန်တိုးကောက်တာတွေ လုပ်မယ်ဆိုရင် စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတား ဖြစ်နိုင်တယ် ဆိုပြီး ပြောဆိုကြ ပါတယ်။

VOA

No comments:

Post a Comment

My Blog List