အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်၏ နေအိမ်အနီးတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး ဌာနက ဒီလာဝဲရှိ ဘိုင်ဒန်ပိုင် နေအိမ်အနီးပစ်ခတ်မှု ဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီး ထိုအချိန် တွင် ဒုတိယ သမ္မတသည် ယင်းနေအိမ်၌ ရှိမနေခဲ့ဟုလည်း ဆိုသည်။
ဇန်နဝါရီ (၁၇)ရက်က လုံခြုံရေး သတ်မှတ်ဇုန် အပြင်ဘက် ဂရင်းဗီးလ်တွင် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒုတိယ သမ္မတ ၏ နေအိမ်နှင့် မီတာ ရာဂဏန်းမျှသာ ကွာဝေးကြောင်း သိရသည်။
ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ပြီး တစ်စုံတစ်ရာ ထိခိုက်မှု ရှိခဲ့သည့် အထောက်အထားမျိုး မတွေ့ရဟု လည်း ဆိုသည်။ အဆိုပါ ပစ်ခတ်မှုသည် အရှိန်ဖြင့် ဖြတ်မောင်းသွားသည့် ကားတစ်စီးပေါ်မှ ဖြစ်ကြောင်းလည်း သတင်း များက ဖော်ပြခဲ့သည်။
အဆိုပါ နေရာအနီးရှိ လူတစ်ဦးကို ရဲများက ထိန်းသိမ်းခဲ့သော်လည်း ၎င်းသည် ပစ်ခတ်မှုနှင့် တိုက်ရိုက် ဆက်နွှယ်ခြင်း ရှိ၊ မရှိ အတိအကျ မသိရချေ။
ပြီးခဲ့သည့် လေးလကလည်း ဓားကိုင်ထားသူတစ်ဦးသည် အစောင့်များကို ရှောင်ရှားကာ အိမ်ဖြူတော်အတွင်း ဝင်ရောက်နိုင် ခဲ့သည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ဖူးသည်။ ယင်းကဲ့သို့ လုံခြုံရေး သတ်မှတ်ချက် ကျိုးပေါက်မှု များကြောင့် အမေရိကန် အစိုးရ ၏ အတွင်းစည်း လုံခြုံရေးဌာန အကြီးအကဲသည် ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်းလည်း သိရှိရသည်။
Ref: BBC
7Day News Journal

No comments:
Post a Comment