Thursday, January 22, 2015

နိုင်ငံရေးသမားရဲ့ ဘဝ


စာဖတ်သူတို့ကို နိုင်ငံရေး လေ့ လာလိုက်စားဖို့ မျက်ခြည် မပြတ်ဖို့ တိုက်တွန်း နေခဲ့မိပါတယ်။ စာဖတ်သူက စိတ် ပါလာပြီး နိုင်ငံရေးသမားဘဝကို ခံယူမယ်ဆိုရင်တော့ ကျွန်တော် အတိုင်းထက်အလွန် ဝမ်းသာမိမှာ အမှန် ပါပဲ။
နိုင်ငံရေးသမားဘဝ မခံယူချင်ဦးတော့ မိမိ ဝါသနာပါရာ အလုပ်ကိုလုပ်ရင်း နိုင်ငံရေးကိုတော့ စိတ်ဝင်တ စား လေ့လာသင့်ပါတယ်။ နိုင်ငံရေးကို နားလည် နေရင် မိမိရဲ့ ပတ်ဝန်းကျင်အပေါင်းအသင်း မိတ်ဆွေ တွေ ကိုလည်း တစ်ဆင့်နား လည်အောင် ရှင်းပြနိုင်ပါတယ်။ ကိုယ့်ကို ဦးဆောင်ချင်ပါတယ်ဆိုတဲ့ နိုင်ငံရေး သမား အမည်ခံ အမတ်လောင်းတွေကိုလည်း နိုင်ငံရေးမှတ် ကျောက်နဲ့ တိုက်ကြည့်ပြီး ဘယ်သူ့ကို ဆန္ဒမဲပေးသင့် သလဲ၊ တိုင်းပြည်အတွက် ဘယ်ဟာက ပိုအကျိုးရှိနိုင် မလဲဆိုတာကိုလည်း တွက်ချက်နိုင်ပါတယ်။

မတူညီတဲ့ နိုင်ငံရေးစနစ်တွေအပေါ် မူတည် ပြီး နိုင်ငံတစ်ခုနဲ့ တစ်ခုမှာ နိုင်ငံရေး သမားတွေ ကျင်လည် ရုန်းကန်ရတာ မတူညီကြပါဘူး။

ကြုံကြိုက်လို့ လက်ရှိ မြန်မာ့နိုင်ငံရေးသမား လို့ အမည်ခံထားသူတွေ အကြောင်း ပြောချင်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ကြည့်ရတာ နိုင် ငံရေးသမား ဖြစ်ဖို့ လွယ်လွန်းလှပါတယ်။ နိုင်ငံရေးသမား ဆိုတာ စက်ရုံကနေ ထုတ်လို့ရသလား ထင်ရလောက်အောင် နေ့ချင်းညချင်း အမတ်မင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ၂ဝ၁ဝ အမတ်မင်းများဟာ ကမ္ဘာပေါ်မှာတော့ ကံအကောင်း ဆုံးလို့ ဆိုရလောက်အောင် မပင်မပန်း သက်သောင့် သက်သာ ရှိလှပါတယ်။

တချို့နေရာတွေမှာ နယ်ခံတွေကလည်း အ မတ်မင်းကို မမြင်ဖူးကြ။ နာမည် လည်း မသိ။ အမတ် မင်းကလည်း နယ်ခံတွေအကြောင်း ဘာမှမသိဖြစ်ခဲ့ ကြရတဲ့ အဖြစ်မျိုးပါ။ နိုင်ငံရေးစနစ်ကလည်း ဒီမိုက ရေစီလည်း မဟုတ်၊ စစ်အာဏာရှင်စနစ်လည်း မဟုတ် တဲ့ အောက်ကလိအာ စနစ်ဖြစ်တဲ့အတွက် လုပ်နည်း ကိုင်နည်းတွေက ပုံစံခွက်ထဲက နည်းစနစ်ဆိုတော့ 'မို' ထဲကထွက်လာတဲ့ အမတ်မင်း အရုပ်ကလေးတွေနဲ့ တူ လှပါတယ်။

Democracy မဖြစ်ဘဲ Armocracy နဲ့ ချီ တက်ခဲ့တာပါ။ နိုင်ငံတွေမှာ စနစ်အမျိုးမျိုး ကွဲပြားတဲ့ အပေါ် မူ တည်ပြီး နိုင်ငံရေးသမားတွေရဲ့ ဘဝကြမ်းတမ်း ခက်ခဲမှုတွေလည်း ကွာခြားသွားပါတယ်။

ဥပမာ တရုတ်ပြည်မှာဆိုရင် ငြိမ်ဝပ်ပိပြား ရေးကို ဇောင်းပေးပြီး ပညာတတ်အများစုပါဝင်တဲ့ တစ်ပါတီ စနစ်ဆိုတော့ ခုခေတ် တရုတ်နိုင်ငံရေး သမားတွေ ရဲ့ဘဝဟာ မြန်မာနိုင်ငံမှာလောက် လွယ်ကူသက် သာ ခြင်း မရှိပေမယ့် ပင်ပင်ပန်းပန်း ရုန်းကန်ရတာတော့ မရှိပါဘူး။

စင်ကာပူနိုင်ငံကျတော့ တရုတ်ပြည်ထက် နည်းနည်း ပိုလွတ်လပ်တဲ့ နိုင်ငံရေး စနစ်ဖြစ်ပါတယ်။ မှတ်ပုံတင် ထားတဲ့ ပါတီပေါင်း ၂၈ ပါတီရှိပြီး ရှစ်ပါတီ လောက် က ရွေးကောက်ပွဲ မဝင်နိုင်ပါဘူး။ တရုတ်ပြည် လို တစ်ပါတီ ကွန်မြူနစ်စနစ် မဟုတ်တဲ့အတွက် ယှဉ် ပြိုင်မှုတော့ ပိုရှိလာပါတယ်။

အခုလက်ရှိမှာ လီကွမ်ယု တည်ထောင်ခဲ့တဲ့ PAP ပါတီက အားကောင်းနေဆဲပဲ။ ဘာပဲဖြစ်ဖြစ် စင်ကာပူ နိုင် ငံရေးသမားတစ်ယောက် ဟာ တရုတ်နိုင်ငံရေး သမားထက်တော့ ခက်ခဲရုန်းကန် ရပါတယ်။ နောက်တစ်ခု က သူတို့နှစ်နိုင်ငံ စလုံးဟာ မြန်မာနိုင်ငံမှာလိုမဟုတ်ဘဲ တိကျတဲ့မူဝါဒတွေ ရှိကြတာ ပါပဲ။

ဗင်နီဇွဲလားနဲ့ အိန္ဒိယနိုင်ငံတို့မှာကျတော့ လူ ထု ဒီမိုကရေစီစနစ် ကျင့်သုံးကြ တဲ့အတွက် နိုင်ငံရေးသ မားတွေရဲ့ ဘဝဟာ မလွယ်ကူဘဲ ယှဉ်ပြိုင်မှုတွေ များ ပါတယ်။ အီရန်နိုင်ငံမှာတော့ အခြေခံဥပဒေတစ်ပိုင်း၊ ဘာသာရေးတစ်ပိုင်း စနစ်ကို ကျင့်သုံးတယ်။ ဘာသာ ရေးနဲ့ နိုင်ငံရေး ရောထွေးယှက်တင်နေတယ်။ သီရိ လင်္ကာမှာ စစ်တပ်စွက်ဖက်တဲ့ နိုင်ငံရေးဖြစ်နေတယ်။

ဒီမိုကရေစီနဲ့ ရောထွေးပြီး လက်တစ်ဆုပ် စာ လူတစ်စုက အာဏာရယူထားတဲ့ စနစ်ကတော့ ရုရှား မှာ ကျင့်သုံးနေတာပါ။

ဒီမိုကရေစီကို အပေါ်ယံ မိတ်ကပ်လိမ်းကျံ ထားတဲ့ အုပ်ချုပ်မှု အာဏာတွေ မှန်သမျှမှာ အာဏာ အလွဲသုံး မှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ အမြဲပြဿနာ ကြုံတွေ့ကြရပါတယ်။

ဒီလိုခြစားမှုတွေ မတော်မတရား မှုတွေကို လွတ်လွတ်လပ်လပ် လုပ်ချင်တဲ့ အစိုးရများဟာ စတုတ္ထမဏ္ဍိုင်ဖြစ် တဲ့ မီဒီယာတွေကို နာလန်မထူနိုင် အောင် နှိပ်ကွပ်လေ့ ရှိပါတယ်။

နိုင်ငံရေးကို လူတွေ ဘာကြောင့် တီထွင်အ သုံးပြုလာကြသလဲဆိုတော့ ရှင်ဘုရင်ပဒေသရာဇ်စနစ် အောက် မှာ လူ့အခွင့်အရေးမရကြလို့ လူ့အခွင့်အရေး ရရှိဖို့ နိုင်ငံရေး လုပ်လာကြတာပါ။ ဒါပေမဲ့လည်း လူ တစ်စု၊ အဖွဲ့တစ်ဖွဲ့က ဒီနိုင်ငံရေးကိုပဲ လက်ဝါးကြီး အုပ် လိုက်ပြီး အာဏာကို ထိန်းချုပ်ဖို့ လုပ်လာတဲ့အခါ မှာ စော စောက လူအများစု အလိုရှိတဲ့ လူ့အခွင့်အရေးလည်း ပျောက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိကမ္ဘာ ကြီးဟာ ရွာကြီးတစ်ရွာလို ဖြစ်လာပြီမို့ နိုင်ငံတစ်နိုင်ငံမှာ ဖြစ် ပျက်နေတာတွေကို ကျန်တဲ့သူတွေက ပစ်မ ထားဘဲ ဝိုင်း ဝန်းပြီး ဂရုတစိုက် စောင့်ကြည့်ရင်း အမှန်တရားဘက် က ရပ်တည်နေကြပြီမို့ အရင်ကလို ရုပ်ပျက်ဆင်းပျက် လက်လွှတ်စပယ်တော့ မလုပ်ဝံ့ကြတော့ပါဘူး။

ဒီတော့ အာဏာ လက်ဝါးကြီးအုပ်ချင်သူတွေ ဟာ ပြောင်ပြောင်တင်းတင်း မလုပ်ရတော့တဲ့အတွက် ပြည်သူ ကို လိမ်လည်လှည့်ဖျားတဲ့နည်းတွေ သုံးလာပါ တယ်။ နိုင်ငံရေး ပဉ္စလက်နည်းတွေ၊ နိုင်ငံရေး မှော်ပညာ တွေ သုံးလိုသုံး၊ အောက်လမ်းနည်းတွေ အားကိုးလိုကိုး၊ နောက်ဆုံးငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာကိုတောင် နာမည်အ ပျက်ခံပြီး ကိုယ်အာဏာရဖို့ အသုံးချလာကြပါတယ်။

ဒါတွေကို သိထား မြင်ထားဖို့ရာက ပြည်သူ တိုင်း၊ ကျောင်းသားတိုင်း၊ အလုပ်သမားတိုင်း နိုင်ငံရေး ကိုသိ ထားမှ ကိုယ်သိထားတာတွေကိုလည်း နီးစပ်ရာ မျှဝေပေးကြပါမှ တော်ရုံကျမှာပါ။ ကိုယ်အလိမ်ခံရတာ က အရေးမကြီးဘူး။ ကိုယ့်သားသမီး မြေးမြစ်တွေအထိ အောင် လူစဉ်မမီတဲ့ ဘဝရောက်သွားနိုင်ပါတယ်။

၂ဝ၁ဝ ပြည့်နှစ်က ထုတ်လုပ်လိုက်တဲ့ လွှတ် တော် နိုင်ငံရေးသမားတချို့ ဟာ နိုင်ငံရေးဆိုတာ ဘာ လဲတောင် သိပုံမရပါဘူး။ 'နိုင်ငံရေးဆိုတာ အလုပ်ပဲ လေ'လို့ ရောကြိတ်ပြီး ပြောသွားတာ ကြားလိုက်ရပါ တယ်။ ဒီစက်ရုံကထွက်ရင် ဒီလိုပဲ လာနေမှာပဲလို့ သက်ပြင်းချ ရင်း အောင့်အည်း နားထောင်လိုက်ရပါတယ်။ တချို့ ကလည်း ပြောတယ်။ နိုင်ငံရေးဆိုတာ နိုင် ငံကောင်းဖို့ လုပ်တာပဲလေလို့ ပြောတယ်။ ဒီစကားကလည်း မှား တယ်လို့ ပြော လို့မရပေမယ့် လိုအပ်ချက်တွေ ချွတ်ယွင်း ချက်တွေ ရှိနေတယ်။

ရှင်းပါမယ်။ နိုင်ငံရေးဆိုတာ အလုပ်ပဲလို့ ရောကြိတ်လို့ မရပါဘူး။ အလုပ်တစ်ခုကို ဘယ်လိုနည်း နဲ့ လုပ်တာ လဲဆိုတော့မှ နိုင်ငံရေးနဲ့ သက်ဆိုင်လာပါ တယ်။ လက်ရုံးရည်အားကိုးပြီး အဓမ္မနည်းဖြစ်တဲ့ စစ် ရေးနည်း နဲ့လား ဒါမှမဟုတ် နှလုံးရည်ကို အသုံးပြုပြီး အနုနည်းနဲ့ ပြည်သူကိုစည်းရုံးရင်း အမြင်ချင်း ဖလှယ်ရ တဲ့ နိုင်ငံရေးနည်းလားဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တိုင်းကို နိုင်ငံရေးနည်းနဲ့လို့ ဆိုလို့မရပါ ဘူး။ နောက်ပြီး နိုင်ငံကောင်းဖို့ လုပ်တယ်ဆိုတိုင်း နိုင်ငံရေး မဟုတ်ပါဘူး။ ဥပမာက ပူပူနွေးနွေးပဲ ရှိပါသေးတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဝန်ခံ ပြောဆိုသွားရာမှာ စစ်တပ်က ကောင်းမယ်ထင်လို့ အာ ဏာသိမ်းခဲ့တယ်။ အဖြေက ကောင်းမလာဘူး။ နိုင်ငံ နိမ့်ကျ ဆင်းရဲသွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ နိုင်ငံအ တွက် ကောင်းမယ်ထင်လို့ စစ်တပ်က အာဏာသိမ်း ခြင်းဟာ နိုင်ငံရေး မဟုတ်ပါဘူး။ နိုင်ငံရေး ပျောက် ကွယ်သွားပြီး စစ်ရေး အစားထိုးဝင်လာခြင်းသာ ဖြစ်ပါ တယ်။

နိုင်ငံရေးဆိုတာသာ ပျောက်မသွားခဲ့ရင် တိုင်း ပြည် ချမ်းသာခဲ့ရမှာပေါ့။ နိုင်ငံရေးက တိုင်းပြည်တစ်ပြည် အတွက် ငရဲ ဘဝ ရောက်မလား၊ နတ်ပြည်လိုဘဝမျိုး ရမလားဆိုတာ အဆုံးအဖြတ် ပေးမှာပါ။ ဒီလောက် အထိ အရေး ကြီးလှပါတယ်။ ဒီနေ့ ဆီးရီးယားလိုနိုင်ငံမှာ ပြည်တွင်း စစ်ကြောင့် နိုင်ငံရေးဆိုတာ ပျောက် သွားပါပြီ။ တိုင်းပြည် ကလည်း ဒုက္ခအပေါင်း သရဖူဆောင်းပြီး ငရဲတမျှ ဖြစ် နေပါပြီ။

ကျွန်တော်တို့နိုင်ငံက သူများနဲ့မတူတဲ့ အ ဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ကြရတာကြောင့် သူများနိုင်ငံနဲ့ မတူ တဲ့ နိုင်ငံရေးသမားမျိုးလည်း ပေါ်ပေါက်လာခဲ့ပါ တယ်။ အဲဒါကတော့ ၈၈ ပွင့်လင်းအဖွဲ့က ကျောင်း သား ခေါင်းဆောင်ဟောင်းတွေ၊ ၈၈ အရေးအခင်းနောက် ပိုင်းမှာ အာဏာရှင်တို့ရဲ့ ငါးဖယ်တေသလို အတေခံခဲ့ ရပြီးမှ နွံမှာပေါက်တဲ့ ကြာပန်းတွေလို ဖြူဖြူစင်စင်ရှိ တဲ့ နိုင်ငံရေးသမားများစွာ ပေါ် ထွန်းလာခဲ့ ရတာဟာ မြန်မာပြည်အတွက် အားရှိစရာ ဖြစ်ပါတယ်။

ဘာလို့ ဖြူစင်တဲ့နိုင်ငံရေးသမား (Sainf Politicians) တွေလို့ ပြောရတာလဲ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့က အစ အရေးအခင်းမှာ ရုန်းကန်ခဲ့ရတဲ့ နိုင်ငံရေးသမား တွေ ဟာ အာဏာကို ငမ်းခြင်း၊ နိုင်ငံရေးအကြောင်းပြု ပြီး သူဋ္ဌေးဖြစ်လိုခြင်း၊ နာမည်ကြီး ထင်ပေါ်လိုခြင်း မရှိ တာကတော့ အားလုံးအမြင်ဖြစ်ပြီး ထင်ရှားလှပါတယ်။

သူတို့ ရွေးကောက်ခံတယ်ဆိုရင်တောင်မှ ကိုယ်ကောင်းစားဖို့ လုပ်တာမဟုတ်ဘဲ တိုင်းပြည်ကောင်း ကျိုးအတွက် အပင်ပန်းခံ လုပ်ဆောင်ပေးတယ်ဆိုတာ သေချာ လှပါတယ်။ သူတို့လို နိုင်ငံရေးသမားတွေ လက်ထဲသာတိုင်းပြည်အာဏာ ရောက် သွားခဲ့ရင် ပြည်သူ တွေဟာ စိတ်ချလက်ချ နေလို့ရပါတယ်။ ကိုယ်ကျိုး ရှာမယ့် သူတွေ မဟုတ်ဘဲ ကိုယ်ကျိုးစွန့်ပြီး ပေးဆပ် မယ့်သူတွေသာ ဖြစ်ပါတယ်။

ဥပမာ ပြောရမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ မှာ ပိတ်ပင်ထားလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင် တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သနား တဲ့ သူတွေ ရှိပါတယ်။ ဒါမှားပါတယ်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတမဖြစ်ခဲ့ရင် သူဟာ သနားစရာမဟုတ် ဘဲ ပြည်သူတွေသာ သနားစရာဖြစ်မှာဆိုတာ အတိ အလင်း ပြောလိုက်ရပါတယ်။ ။

Yangon Media Group

No comments:

Post a Comment

My Blog List