Friday, January 23, 2015

ဂျာမနီ ဥရောပ မျိုးချစ်လှုပ်ရှားမှု ခေါင်းဆောင် ဟစ်တလာ လက်သစ်အဖြစ် သတ်မှတ်ခံရပြီးနောက် နုတ်ထွက်


ဂျာမနီနိုင်ငံတွင် “ပီဂီဒါ” အမည်ရ မျိုးချစ်ဥရောပသားများ၏ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြ မှုများ လုပ်ဆောင်နေသည့် ခေါင်းဆောင်ဖြစ်သူကို မီဒီယာတစ်ခုက ဟစ်တလာနှင့် နှိုင်းယှဉ်ကာ ဓာတ်ပုံဖော်ပြလိုက်ပြီးနောက် ဆန္ဒပြလှုပ်ရှားမှုများမှ ၎င်းနုတ်ထွက်သွားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ဂျာမနီနိုင်ငံတွင် အစ္စလာမ် ကြီးထွားလာမှု ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင် လတ်ဇ်ဘတ်ခ်ျမန်သည် နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်အခြေချ နေထိုင်လာမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ပြောဆို ခဲ့ပြီး ၎င်းကို ပြည်တွင်းသတင်းစာ တစ်စောင်က “ဟစ်တလာလို ပုဂ္ဂိုလ်” ဟု ရေးသားဖော်ပြလိုက်သည်။

အဆိုပါ သတင်းစာတွင် ၎င်း၏ ဓာတ်ပုံကို ဟစ်တလာပုံစံ နှုတ်ခမ်းမွေးနှင့် ဆံပင်ပုံစံမျိုး ပြုလုပ်ထားပြီး ဒုက္ခသည်များအပေါ် ၎င်း၏ ထင်မြင်သုံးသပ်ချက် များနှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချထားသည်။

လတ်ဇ်ဘတ်ခ်ျမန်သည် ဂျာမနီနိုင်ငံတွင်းသို့ မွတ်ဆလင် ဒုက္ခသည်များ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ “သနားစရာမလိုသူများ၊ တိရစ္ဆာန်များ” ဟု ဝေဖန်ပြောဆိုခဲ့သည်။

အဆိုပါသတင်းနှင့် ဓာတ်ပုံ ပေါ်ထွက်လာပြီးနောက် လတ်ဇ်ဘတ်ခ်ျမန်သည် ပီဂီဒါ လှုပ်ရှားမှုမှ နုတ်ထွက် သွားခြင်း ဖြစ်သည်ဟု ယင်းလှုပ်ရှားမှုတွင် ပါဝင်သူများက ဆိုသည်။

လက်ရှိ အနေအထားတွင် ပီဂီဒါ လှုပ်ရှားမှုကို ဂျာမနီနိုင်ငံ၏ သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သော လိုက်ပ်ဇစ်၌ ပြုလုပ်လျက်ရှိပြီး နိုင်ငံတွင်း အစ္စလာမ် ကြီးထွားလာမှုကို မလိုလားကြသူ ထောင်ပေါင်းများစွာ ပူးပေါင်းပါ ဝင်လျက် ရှိသည်။

သို့သော် တစ်ဖက်တွင် ပီဂီဒါ လှုပ်ရှားမှုကို ဆန့်ကျင်သည့် အင်အားစုများကလည်း တန်ပြန်ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိရာ နှစ်ဖက်အင်အားစုများအကြား ပဋိပက္ခ ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် လိုက်ပ်ဇစ်၌ ဂျာမန် ရဲတပ်ဖွဲ့ဝင်ပေါင်း များစွာ တပ်ဖြန့်ထားသည်။

ပီဂီဒါ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သူများက “ငါတို့သည် ဂျာမန်ပြည်သူများ ဖြစ်သည်” ဟု ကြွေးကြော်ကြပြီး ယင်းအင်အားစုများကို ဆန့်ကျင်သူများက “ဒီကနေ ထွက်သွားကြ” ဟု တုံ့ပြန်အော်ဟစ်ကြသည်။

ထိုသို့ သဘောထားချင်း ဆန့်ကျင်သည့် အင်အားစုနှစ်ရပ် ချီတက်ဆန္ဒပြမှုများ လုပ်ဆောင်နေကြသော် လည်း အကြမ်းဖက်မှုများနှင့် ပဋိပက္ခများ တစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ပေ။

ဂျာမန်စပီဂယ် သတင်းစာ၏ ရေးသားဖော်ပြချက်အရ ပီဂီဒါ လှုပ်ရှားမှု ခေါင်းဆောင် လတ်ဇ်ဘတ်ခ်ျမန်သည် ၎င်း၏ ပြောဆိုဝေဖန်မှုများအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ပီဂီဒါ ဘုတ်အဖွဲ့ကနေ ကျွန်တော် ထွက်လိုက်ပါပြီ၊ မဆင်မခြင် ပြောဆိုခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ဟု ၎င်းကဆိုသည်။

ပီဂီဒါ၏ အဓိပ္ပာယ် အပြည့်အစုံမှာ Patriotic Europeans Against the Islamization of the West ဖြစ်ပြီး အနောက်ကမ္ဘာသို့ အစ္စလာမ် ဇာတ်သွင်းခြင်း ကို ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများဟု အဓိပ္ပာယ်ရ သည်။

The Voice Weekly

No comments:

Post a Comment

My Blog List