Thursday, January 22, 2015

ကန့်ဘလူ လယ်သမားအရေးအတွက် တရားစွဲ၊ ထောင်ချခြင်းခံနေရသော မူလတောင်သူများနှင့် တပ်မတော်တို့ ညှိနှိုင်းဆွေးနွေးမည်


တပ်မတော်ကြံစီမံကိန်း တပ်သိမ်းမြေ ပြဿနာကြောင့် တရားစွဲ၊ ထောင်ချခံနေကြရသော ကန့်ဘလူ မြေသိမ်း ခံ တောင်သူများအတွက် တပ်မတော်တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း မြေယာ အရေး ဆောင်ရွက်သူများနှင့် ဥပဒေပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။
တပ်မတော်အရာရှိတစ်ဦး ကမ်းလှမ်းချက်အရ မြေသိမ်းခံတောင်သူများက ထွန်တုံးတိုက်ပွဲပြုလုပ်တော့မည် မဟုတ်ဟု ကတိပေးပါက မြေသိမ်းခံတောင်သူ များအပေါ် လက်ရှိစွဲဆိုထားသည့် အမှုတွဲများစွာကို  ပိတ် သိမ်းပေးရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

“တပ်မတော်ဘက်က အမှုပိတ်သိမ်းပေးမယ်။ မူလတောင်သူတွေဘက်က ထွန်တုံးတိုက်ပွဲဆက်မလုပ်ဖို့ ကတိပေးရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ရထား တယ်။ မြေယာပိုင်ဆိုင်မှုကိုတော့ ဥပဒေကြောင်းအရ ဆက်ပြီး လုပ်မှာပေါ့။

ဒီအချက်ကို တပ်မတော်ဘက်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

တပ်မတော်၏ အဆိုပါကမ်းလှမ်းချက်အပေါ် မြေသိမ်းခံတောင်သူများနှင့်မြေယာအရေးဆောင်ရွက်သူ များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘက်ပေါင်းစုံမှ ကျပ်တည်းနေသော တောင်သူများက အဆိုပါကမ်းလှမ်းမှုကို မူအားဖြင့် သဘောတူညီခဲ့ကြသည်။ သဘောတူညီချက်ကို စာချုပ်ချုပ်ဆိုရာတွင် မူလတောင်သူများဘက်မှ ဥပဒေပညာရှင်များ လိုက်ပါဆောင်ရွက် မည်ဖြစ်ပြီး မြေယာလုပ်ကိုင်ခွင့်နှင့် ပတ်သက်၍လည်း ဆက် လက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ပိုင်ဆိုင်ခဲ့တဲ့ မြေတွေကို ပြန်ပေးပါ။ သူတို့စီမံကိန်းအတိုင်း ကြံစိုက်ပြီး စက်ရုံကိုသွင်းပေးမယ်။ သီးစားသမားတွေကိုတော့ သူတို့စီးပွားရေးအတွက် ကျွန်မတို့ မြေပေါ်မှာ လုပ်ကိုင်ခွင့်မပြုနိုင်ပါဘူး” ဟု ခအုံးတာကျေးရွာ တောင် သူဒေါ်စန်းက ဆိုသည်။

မူလ တောင်သူများကို တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများ မတိုင်မီက ဆွေးနွေးပွဲတွင် ယခုကဲ့သို့ တောင်း ဆိုချက်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တပ်မတော် အရာရှိတစ်ဦးက ပယ်ချခဲ့ပြီး မြေသိမ်းခံတောင်သူ များ၏ တောင်းဆိုမှုကို လိုက်လျောပါက တပ်မတော် ကြံစီမံကိန်းမှာ ထိခိုက်နစ်နာမှုမရှိနိုင် သကဲ့သို့ ကာလ ရှည်ကြာ မြေယာပြဿနာကိုလည်း အလွယ်တကူ ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း မြေယာအရေး ဆောင်ရွက်သူ များက သုံးသပ်သည်။

“သကြားစက်ရုံက အရှုံးပေါ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက စက်ရုံတာဝန်ရှိသူတွေက ပြောခဲ့တယ်။ အမှန်မှာ စီမံကိန်းက တကယ်မလုပ်နိုင်တဲ့ ဧရိယာကများနေလို့ ဖြစ်ရတာ။ အခု မူလတောင်သူတွေ ရဲ့တောင်း ဆိုချက်အရဆိုရင် ရှဉ့်လည်းစွဲ၊ ပျားလည်း လျှောက်သာဖြစ်မှာပါ” ဟု မြေယာအရေး ဆောင်ရွက် သူ ဦးအောင်မြင့်က ဆိုသည်။

“ကာချုပ်ကလည်း လယ်ယာမြေသိမ်း ဆည်းမှုတွေနဲ့ပတ်သက်ပြီး ပြန်ပေးဖို့ပြော ထားတာရှိတယ်။ သူရဦးရွှေမန်းကလည်း တောင်သူတွေရဲ့ အကျိုးစီးပွားနဲ့ပတ်သက် ပြီး တောင်သူရေးရာတွေ့ဆုံပွဲတွေမှာ တဖွဖွ ပြောခဲ့တယ်။ နိုင်ငံ့အကြီးအကဲတွေရဲ့ ဒီလိုပြောဆိုချက်တွေကို ကျွန်တော်တို့ ယုံကြည် ချင်ပါတယ်” ဟု FNI တောင်သူကွန်ရက်မှ လယ်ယာအရေး ဆောင်ရွက်သူတစ်ဦးက ပြောကြားသည်။

ကန့်ဘလူမြို့နယ်မှာ မြေယာသိမ်းဆည်းမှု အမြောက်အမြား ရှိနေသော ဒေ သဖြစ်သော်လည်း ကြံစီမံကိန်း တပ်သိမ်းမြေအတွက်သာ ညှိနှိုင်းဆွေးကြမည်ဖြစ်ပြီး အပြန်အလှန် တရားစွဲဆိုမှုများ ဖြစ်ပေါ်နေသော မြေ မွန်စိုက်ကွင်း တပ်သိမ်းမြေကိုမူ ဆွေးနွေးမှုပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။

အဓမ္မ မြေယာသိမ်းဆည်းမှုကြောင့် ၁၅ နှစ်ဝန်းကျင်ခန့် မြေယာမဲ့အဖြစ် ရုန်းကန်း ခဲ့ရမှုများ၊ ကာလရှည်ကြာ အမှုရင်ဆိုင်ရကာ တရားစွဲထောင်ချခြင်း ခံခဲ့ရမှုများနှင့် ထိခိုက်နစ်နာနေရသော ကန့်ဘလူလယ်သမားများ ၏ ဖြစ်စဉ်ကို ယူအင်န်သို့ အစီရင်ခံစာ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List