Monday, January 19, 2015

ငြိမ်းချမ်းရေးအတွက် အဟန့်အတားများ


စာနယ်ဇင်းသမားတစ်ဦးက အခုဖြစ်နေတဲ့ ဖားကန့်ဒေသတိုက်ပွဲများနဲ့ ပတ်သက်ပြီး မေး လာပါတယ်။ အခုရက်ပိုင်းအတွင်း ကျွန်တော်က ခရီးသွားတာ၊ အခမ်းအနားနဲ့ အစည်းအဝေးတက်တာတွေများတဲ့ အတွက် မေးလ်တွေ မစစ်ဖြစ်သလို ဖုန်းကလည်းပိတ်ထားတာ များတဲ့အတွက် မေးခွန်းတွေ မဖြေနိုင်ခဲ့ပါ ဘူး။ ဒါ့ကြောင့် အားလုံးသိအောင် ဒီနေရာကပဲ ရှင်းပြလိုပါတယ်ကချင်ပြည်နယ်မှာနောက်ဆုံးဖြစ်နေ တဲ့ တိုက်ပွဲများနဲ့ပတ်သက်ပြီး ဘာ့ကြောင့်ဖြစ်သလဲ ဆိုတာသုံးသပ်နိုင်ဖို့အတွက် အောက်ပါအချက်တွေကို စဉ်းစားကြည့်ပါ။
၁။ ဇန်န၀ါရီလ ၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၁၂ ဖွဲ့ က ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို ဖေ ဖော်ဝါရီလ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် အားလုံးကြိုးစားကြရန် တိုက်တွန်းခဲ့တယ်။ ပြီးတာနဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေ ချက်ခြင်းစတင်ဖို့လည်း အဆိုပြုခဲ့ တယ်။ ဒီတိုက်တွန်းချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၂ ဖွဲ့လုံးက ကြိုဆိုခဲ့တယ်။ အတူ တူကြိုးစားဖို့ ကတိပြုပေး ခဲ့ကြတယ်။

၂။ ဇန်န၀ါရီလ ၁၂ ရက်နေ့နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ ပြုလုပ်တဲ့ နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီအချို့နဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးအချို့ က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လက်ရှိသဘောတူထားပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့အရင် လက်မှတ်ရေးထိုးပြီး နိုင် ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး စတင်ဖို့ ၊ ကေအိုင်အေလို လက်မှတ် မထိုး သေးတဲ့အဖွဲ့တွေကို တံခါးဖွင့် ထားပြီး ဆက် ဖိတ်ခေါ်ဖို့၊လိုအပ်ရင် နိုင် ငံရေးဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် တက်ခွင့်ပြုဖို့ စတဲ့ အချက်များကို အဆိုပြုခဲ့ကြတယ်။

၃။ တစ်ဖက်မှာလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနဲ့ တိုင်းရင်း သားလက်နက် ကိုင်တွေ ရဲ့ NCCT အဖွဲ့ကြားမှာလည်း နောက်ဆုံးကျန် တဲ့ အချက်တွေကို အပြီးသတ်ညှိဖို့အတွက် အစည်းအဝေးလုပ်ဖို့ စီစဉ်နေတယ်။

၎။ အဲဒီလိုတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင် ငံရေး ဆွေးနွေးမှုတွေအမြန် ဆုံးစတင်ဖို့ ကြိုးပမ်းမှုတွေအရှိန်ရလာချိန်မှာ ဇန်န၀ါရီလ ၁၄ ရက် နေ့မှာ ကချင်ပြည်နယ်ဆောက်လုပ်ရေး ၀န်ကြီးကို ခေတ္တ ထိန်းသိမ်းထားပြီး လုံခြုံရေး လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခေါ်ဆောင်သွား တဲ့ ဖြစ်စဉ်ပေါ်လာတာပါပဲ။

ဒါဟာ တကယ်တော့ ကေအိုင်အေ အဖွဲ့တွင်းက အပစ်အခတ်ရပ်စဲရေးကို မလို လားတဲ့အုပ်စုများက ငြိမ်း ချမ်းရေးဆွေးနွေးမှု အရှိန်ပျက်သွားအောင်၊ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့အတွက် အဟန့်အတားဖြစ်အောင် တမင်ရည်ရွယ် ဆောင်ရွက်တာလို့ ယုံကြည်ဖို့အကြောင်းအချက်တွေအများကြီး ရှိပါတယ်။ ဘာ့ကြောင့် လဲ
အခုအဖမ်းခံရတဲ့ ဖားကန့်-ဟွေခါလမ်းဟာ အများပြည်သူသုံးနေတဲ့ ကားလမ်း ဖြစ်ပြီး ဒီလမ်းအတိုင်း အစိုးရ အဖွဲ့အစည်းများက တာဝန်ရှိသူတွေ အကြိမ်ကြိမ်သွားနေတဲ့ လမ်းပါ။ ကချင်ပြည်နယ်ဝန်ကြီးကလည်း ဖားကန့်ကနေ အဲဒီလမ်းအတိုင်း လမ်းအခြေ အနေတွေကို စစ်ဆေးသွားမယ်ဆိုတာ အားလုံးသိပါတယ်။ လျှို့ဝှက်ခရီးစဉ်မဟုတ်ပါ ဘူး။ ဒီလမ်းပေါ်မှာ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေကို ဖမ်းဆီးမယ်၊ လုံခြုံရေး တပ် ဖွဲ့တွေကို ဖမ်းဆီးခေါ်ဆောင်သွားမယ်ဆိုရင် နယ်မြေခံတပ်မတော် စစ်ကြောင်းများအနေ နဲ့ ဖမ်းဆီးခံ ရသူတွေကို ကယ်တင်နိုင်ဖို့ အတွက် လိုက်လံရှင်းလင်း ရမယ်ဆိုတာ ကေအိုင်အေက သိပြီးသားပါ။ ဒါ့ကြောင့် ဒီဖြစ်စဉ်အား တပ်မတော် ဘက်က နယ်မြေလိုက်လံ ရှင်းလင်းအောင်၊ နယ်မြေရှင်းတဲ့တပ်ဖွဲ့များ ကို ကေအိုင်အေ တပ်ဖွဲ့များက စောင့်ဆိုင်း တိုက်ခိုက်ခြင်းအားဖြင့် တိုက်ပွဲပြန်ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို ထိခိုက်အောင် ရည် ရွယ်ချက်ရှိရှိဆောင်ရွက်ခဲ့တာလို့ပဲမြင်ပါတယ်။ တိုက်ပွဲတွေစဖြစ်တာနဲ့ ဖားကန့်၊ လုံးခင်း ဒေသမှာ မိုင်းခွဲမှုတွေ၊ ရဲစခန်းကို တိုက်ခိုက်ခဲ့မှုတွေ တစ်ပြိုင်တည်းဖြစ်ခဲ့တာတွေ ကြည့်ရင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ယူဆနိုင်စရာအခြေအနေကို တွေ့ရမှာပါ။

ဒီနေရာမှာ စာနယ်ဇင်းသမားအချို့က အဖမ်းခံရတဲ့ရဲတပ်ဖွဲ့ဝင်များကယ်ဆယ် နိုင် ဖို့ချက်ခြင်း လိုက်မရှင်း ပဲ စောင့်သင့်တယ်လို့ရေးတာလည်းတွေ့ရပါတယ်။ အဖမ်းခံ ရတဲ့ ရဲတပ်ဖွဲ့ဝင်များသာ အဲဒီစာနယ်ဇင်း သမားများရဲ့ မိဘဆွေမျိုး များ ဖြစ်ခဲ့ရင် ဘာပြော မလဲလို့ ကျွန်တော်စဉ်းစားမိပါတယ်။ ကေအိုင်အေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ လက်နက် ကိုင်တပ်ဖွဲ့ဝင်များ၊ အစိုးရကို အားပေးကူညီ တယ်လို့ ကေအိုင်အေက စွတ်စွဲ ခံရသူများ ရဲ့ ကံကြမ္မာဘယ်လိုရှိတယ်ဆိုတာ ကချင်ပြည်နယ်မှာ နေဖူးသူတိုင်းသိပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေ နဲ့အမြန်ဆုံး ကယ်နိုင်အောင်ကြိုးစားဖို့၊ ကေအိုင်အေအနေနဲ့ ရဲတပ်ဖွဲ့ဝင်များ ကို အရင်သူတို့လုပ်နေကြပုံစံအတိုင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း မပြု အောင် လို့ဖိအားပေးရန်ကလွဲပြီး အခြားနည်းလမ်းမရှိပါဘူး။

တစ်ချို့ကလည်း ကေအိုင်အေက ထုတ်ပြန်တဲ့ အခုဖြစ်ရပ်ဟာ အောက်ခြေ တပ် ဖွဲ့တွေက လုပ်တာပါ။ သူတို့မသိပါဘူးဆိုတဲ့ အပြောကို နားယောင်နေတာ လည်း သတိ ပြုမိပါတယ်။ တကယ်တော့ ကေအိုင်အေ အဖွဲ့ဟာ Command & Control လို့ ခေါ်တဲ့ကွပ်ကဲကြီးကြပ်မှုစနစ်အတော်ကောင်းတဲ့အဖွဲ့ပါ။ အောက်ခြေ အထိ ဆက်သွယ်ရေး စက် တွေကို သုံးနိုင်ပါတယ်။

ဒီဖြစ်စဉ်မှာလည်း ကချင်ပြည်နယ်ဝန်ကြီးကို ဖမ်းဆီးထားတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက ဆက်သွယ်ရေး စက်နဲ့ အထက်ကို ဆက်သွယ်တင်ပြခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ပြန်လွတ်လာသူတွေက ပြော ထားပါတယ်။နောက်ပြီး ဟိုးအောက်ခြေက တပ်မတော်သားလေးတစ်ဦးရဲ့ လုပ်ရပ်ကိုတောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာတာဝန်ရှိတယ်ဆိုပြီးရေးတတ်၊သုံးသပ်တတ်တဲ့စာနယ်ဇင်း များက အောက်ခြေက လုပ်တာပါ၊ ကေအိုင်အေ ဗဟိုက မသိပါဘူး ဆိုတဲ့ ဆင်ခြေကို လွယ်လွယ်လေးနဲ့လက်ခံနေတာဟာလည်း အံ့သြစရာပါပဲ။

ဒါ့ကြောင့် ကေအိုင်အေနဲ့တပ်ပွဲဖြစ်ရတာ တပ်မတော်က ငြိမ်းချမ်းရေးကို မလိုလားလို့ ဆိုပြီးလွယ်လွယ် မပြောစေချင်ပါဘူး။ အပစ်အခတ်ရပ်စဲရေးလက်မှတ် ထိုးထားတဲ့ ကရင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်ပြည်နယ်မှာ ဒီကေဘီအေနဲ့ တစ်ကြိမ်ဖြစ်တာ ကွဲလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းထားနိုင်တာ၊ တိုက်ပွဲတွေမဖြစ်တာတွေ့နိုင်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သာ တိုက်ပွဲတွေဖြစ်နေတာကို ကြည့်ရင် ဘယ်သူက အပစ်အခတ်ရပ်စဲရေးကိုမလိုလားဘူး လဲ။ ဘယ်သူက တပ်မတော်အနေနဲ့ နယ်မြေစိုးမိုးရေးတွေ လုပ်ဆောင်လာအောင်၊ မိမိကိုယ် မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးလာအောင် ဆွပေးနေသလဲဆို တာတွေ့နိုင် ပါတယ်။ ဒီနေ့ ထုတ် 7 Day Daily စာမျက်နှာ ၁၈ မှာပါတဲ့ ဆောင်းပါးမှာ ၂၀၁၁ ခုနှစ်တစ်နှစ် ထဲမှာ တရုတ်ကို ကချင်ပြည်နယ်က ကျောက်စိမ်းတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးရှိတယ် ဆိုတဲ့ ဟားဗတ်တက္ကသိုလ်ရဲ့ အစီရင်ခံစာ၊ မကြာခင်က ကေအိုင်အေ ခွင့်ပြုချက်စာနဲ့ အတူ ဖမ်းမိခဲ့တဲ့ တရုတ်သစ်ခိုးအဖွဲ့များကိစ္စများဟာ ကေအိုင်အေ အနေ နဲ့ အပစ်အခတ်ရပ် စဲပြီး နိုင်ငံရေးဖြစ်စဉ်ထဲကို ၀င်ပါလာရင် ကေအိုင်အေ ခေါင်းဆောင် များ အနေနဲ့ဘယ်လို အခွင့်အရေးတွေ ဆုံးရှုံးကုန်မလဲဆိုတာ မှန်းဆကြည့်နိုင်ပါ တယ်။

ဒါ့ကြောင့် လက်ရှိတိုက်ပွဲဖြစ်နေတာတစ်ခုတည်းကို မကြည့်ပဲ နောက်ကွယ်က အကြောင်းတွေ ဆက်စပ်နေ တဲ့အခြေအနေများကို သုံးသပ်ပြီးမှ ရေးကြ ပြော ကြ စေချင်ပါတယ်။

Ye Htut

No comments:

Post a Comment

My Blog List