Monday, January 12, 2015

လူ့အခွင့်အရေး ကိုယ်စားလှယ် သတင်းလွတ်လပ်ခွင့် ဆွေးနွေး


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂဖံွ့ဖြိုးရေး အစီအစဉ် UNDP ရုံးမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အဖွဲ့ဝင်တွေ၊ ရုပ်သံမီဒီယာနဲ့ ပုံနှိပ်မီဒီယာမှာ လုပ်ကိုင်နေသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီ တွေ့ဆုံပွဲမှာ ရုပ်သံဥပဒေကြမ်းနဲ့ပတ်သက်ပြီး တင်ပြခဲ့သလို မြန်မာနိုင်ငံမှာ သတင်းထောက်တွေ အပြင် ထုတ်ဝေသူတွေပါ ဖမ်းဆီးအရေးယူခံနေရတာတွေကို ပြောပြခဲ့တယ်လို့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ မြန်မာပြည်ရုံး တာဝန်ခံ ဦးတိုးဇော်လတ်က ပြောပါတယ်။

"ကျနော်တို့ကတော့ လက်ရှိဖြစ်ပျက်နေတဲ့ဟာ လက်ရှိဖြစ်နေရတဲ့ အခက်အခဲအဖြစ်အပျက် အဲ့လိုပဲပြော ကြတာပေါ့၊ ကိုယ့်ဆိုင်ရာဆိုင်ရာကဏ္ဍအလိုက် ပြောကြပါတယ်၊ အခုပြန်ပြီး ၁၉ ရက်နေ့မှာ ပါလီမန်ပြန်ချရင် အခုအသစ်ရေးဆွဲထားတဲ့အစီအစဉ် မီဒီယာဥပဒေတွေပါ လာမယ်လေ၊ အသံလွှင့်မီဒီယာ ကိစ္စတွေပေါ့" မစ္စရန်ဟီးလီနဲ့ တွေ့ဆုံရာမှာ ဦးသီဟစော၊ ဦးစည်သူအောင်မြင့်၊ ဦးဆန်နီဆွေ၊ ဦးကျော်စွာမင်းနဲ့ မသီတာ (စမ်းချောင်း) တို့လည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍမှာ လွတ်လပ်ခွင့်တွေရှိလာပြီဖြစ်ပေမယ့် ထိန်းချုပ်မှုတွေ ရှိနေသေးကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံမှုအပြီးမှာ မစ္စရန်ဟီးလီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ကို သွားရောက်ပြီး အရပ်ဘက်
လူမှုအဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ် ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ
ကို လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ အစီရင်ခံစာ တင်ပြမှာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List