Thursday, January 15, 2015

မြန်မာပြည် အတွက် ဘယ်လိုခေါင်းဆောင် လိုသလဲ


နေပြည်တော် အထူး အစီအစဉ် အဖြစ် DVB Debate ရှိုးနှစ်ခုကို တစ်ရက် တည်း ရိုက်ခဲ့ပါတယ်။ ပထမ အစီအစဉ်ကို ကျွန်တော်က တင်ဆက်သူ အဖြစ် ရိုက်ခဲ့ပြီး၊ ဒုတိယ အစီအစဉ်ဖြစ်တဲ့ ”မြန်မာပြည် အတွက် ဘယ်လို ခေါင်းဆောင်မျိုး လိုသလဲ” ဒီဘိတ်ကိုတော့ မျိုးမျိုးက တင်ဆက်သူ အ ဖြစ် ရိုက်ပါတယ်။
မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေက အလှုပ်အခတ်၊ အကျပ်အတည်း တွေ ရှိနေချိန်မှာ မြန်မာပြည် အတွက် ခေါင်းဆောင်ကောင်းတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒီဘိတ်ခေါင်းစဉ်ဟာ အချိန်ကိုက် ဖြစ် ခဲ့ပါတယ်။ နေပြည်တော် အထူး အစီအစဉ်မို့ နေရာကလည်း ထိုက်တန်တဲ့ နေရာ ဖြစ်နေပါတယ်။

ဒီဘိတ်မှာ ဦးဆောင် ဆွေးနွေးသူတွေ အဖြစ် လွှတ်တော် အမတ်နှစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့် နဲ့ ဒေါ်ခင်ဝိုင်းကြည်၊ သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူး ဇော်)၊ မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်း အ မြစ် အဖွဲ့အစည်း ဒါရိုက်တာ ဒေါက်တာ တင်မောင်သန်း တို့က ပါဝင်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန် အယ်လ်ဒီ ပါတီ) ပရိသတ်များတဲ့ ဒီဘိတ် တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီလိုခေါင်းဆောင် လိုနေတယ်
မြန်မာ့ မျက်မှောက်နိုင်ငံရေးဟာ စိန် ခေါ်မှုတွေနဲ့ ပြည့်နှက်နေပြီး ခေတ်ပြောင်း တော်လှန်ရေး အသွင် လုပ်ဆောင် ရလိမ့် မယ်၊ နိုင်ငံတွင်းရှိတဲ့ ပြည်သူတိုင်း ကလည်း စိတ်ဓာတ်တွေ ပြောင်းလဲကြရမယ်။ လက် ရှိ အကွဲအပြဲ အလှုပ် အရမ်းတွေ များချိန် မှာ လူထုချစ်ခင်တဲ့ သြဇာရှိတဲ့ အရည်အ ချင်းရှိတဲ့ ခေါင်းဆောင်မျိုး လိုပါတယ်လို့ ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

ဗဟိုဦးစီး(ဝါ)ဗဟိုချုပ်ကိုင်မှုများတဲ့ ခေတ်ကနေ ဒီမိုကရေစီစနစ်ကိုကူးပြောင်းချိန်မှာစိန်ခေါ်မှုတွေ ပြည့်နှက်
နေသလို ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်း စစ်ဖြစ်ပွား တဲ့နိုင်ငံ မြန်မာပြည်မှာ သွေးထွက် သံယိုမှု မရှိဘဲ ဒီမိုကရေစီကို ကူးပြောင်းနိုင်တဲ့ ခေါင်းဆောင်ဟာ လက်ရှိ သမ္မတပါလို့ ဦးဇော်ဌေး က ပြောပါတယ်။

လူတွေကို စိတ်မျက်စိထဲ မြင်စေမယ့် မြင်ကွင်း တစ်ခုကို ပြောပြမယ်။ လူတွေ ဟာ ”မြန်မာ၊ မြန်မာ၊ မြန် မာ၊ မြန်မာ” ဆိုပြီး အော်ကြတယ်၊ ”ဟေး…” ဆိုပြီး အော် လိုက်တယ်။ ”မြန်မာဟေ့…” လို့ အော်ပြန်တယ်။ အဲဒီမြင်ကွင်းမျိုး၊ အဲဒီ နိုးကြားမှုမျိုး (စိတ်နှိုးမှုမျိုး)ကို ပေးနိုင်တာ ယူ-၁၉ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း ပဲ ရှိ တယ်။ နိုင်ငံရေး လောကမှာတော့ အနာဂတ်ကို နှိုးနိုင်တဲ့ ခေါင်းဆောင်မျိုး မှန်းမျှော် ကြည့်လိုက်ပေမယ့် မတွေ့သေး ဘူးလို့ ဒေါက်တာ တင်မောင်သန်းက ပြောပါတယ်။

အမျိုးသမီး/အမျိုးသား ခြားနားသလို အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြ တယ်။ ခေါင်းဆောင်တွေ အတွက် စိတ် ဓာတ် အရေးကြီးပြီး၊ အမျိုးသမီးတွေဟာ ပင်ကို အားဖြင့် ပရဟိတစိတ်၊ စွန့်လွှတ် အနစ်နာခံတဲ့ စိတ်၊ မဟုတ်မခံ စိတ်၊ အမှန် တရားမြတ်နိုး စိတ်တွေရှိကြတယ်။ ”မိန်းမ ဖျက်လို့ပြည်ပျက်” ဆိုတာမျိုး ရှိသလို ”ပုခက် လွှဲသော လက်သည် ကမ္ဘာကို စိုးပိုင် သည်” ဆိုတာကလည်း ရှိပြန်တော့ နိုင်ငံ လူဦးရေရဲ့ထက် ဝက်ကျော်  အမျိုးသမီး တွေရှိတဲ့ မြန်မာနိုင်ငံမှာ လုပ်ရည် ကိုင်ရည် နဲ့ အစွမ်း အစရှိတဲ့၊ နိုင်ငံအတွက် အလုပ် လုပ်နိုင်တဲ့ အမျိုးသမီး ခေါင်းဆောင် တွေလည်း ရှိပါတယ်၊ သုံးနိုင်ပါတယ်လို့ ဒေါ်ခင်ဝိုင်းကြည်က ပြော ပါတယ်။

အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစု ကြည်ကို စစ်မှန်တဲ့ ခေါင်းဆောင်လို့ ပြော နိုင်သလို ကြံ့ခိုင်ရေး ပါတီကလည်း သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေ မန်း တို့ကို ခေါင်းဆောင်ကောင်းတွေလို့ သတ်မှတ်နိုင် ကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အတွက်၊ ပြည်တွင်း ငြိမ်းချမ်း ရေး အတွက်၊ အင်အားကြီး နိုင်ငံတွေကြား ရောက်နေတဲ့၊ ပထဝီဝင်နိုင်ငံရေး အရ အ ရေးပါတဲ့ နေရာမှာ ရှိနေတဲ့ မြန်မာပြည် အတွက်၊ ရခိုင် ပဋိပက္ခ အပါအဝင် လူမှု- စီးပွားရေး မတည်ငြိမ်မှုတွေ အတွက် သဟ ဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း ကို ဖန်တီး နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မျိုး လိုအပ်ပါ တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အရင်က လုပ်ခဲ့လို့ အခုလည်း ခေါင်း ဆောင် ဆက်လုပ်မယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး၊ လက်ရှိခေါင်းဆောင်က ကောင်းတာတွေ လုပ်ပြီးနေပြီ ဆိုရင် လက် ဆင့် ကမ်းပြေးပွဲ လို လွှဲပေးဖို့ လိုအပ်တယ်။ ခေါင်းဆောင် ဆိုတာ လုပ်ချင်တိုင်း လုပ်လို့ ရတာမျိုး မဟုတ်ဘူး။ လူထုကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ပို့နိုင်တဲ့၊ သဘောထား ကြီးတဲ့၊ လှုံ့ဆော်နိုင် စွမ်းရှိတဲ့၊ ဖြောင့်မတ်တဲ့၊ စွမ်းရည်ပြည့်တဲ့၊ အနာဂတ်ကို ကြည့်နိုင်တဲ့၊ သဟဇာတ လူ့အဖွဲ့ အစည်းကို တည်ဆောက်နိုင် တဲ့ ခေါင်းဆောင်မျိုး ကိုလိုတယ်လို့ ဦးအောင်ကြည် ညွန့်က ပြောပါတယ်။ ဒီလို ခေါင်းဆောင် မျိုးက ကြည့်သူ အပေါ် မူတည်တယ်၊ မမြင် ကြလို့ ဖြစ်မယ်လို့လည်း သူက ဒီဘိတ် မှာ သုံးသပ်ခဲ့ပါတယ်။

နာယက ဂုဏ်ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်၊ နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံးရဲ့ ပုံရိပ်ကောင်း ဖြစ်တဲ့ သူ၊ စည်းကမ်း နည်းလမ်းကျပြီး ဥပဒေကိုလိုက်နာ နိုင်တဲ့သူ၊ ထိန်းချုပ်နိုင်တဲ့သူ၊ စုစည်းနိုင်တဲ့သူ၊ ခေါင်းဆောင်နိုင်တဲ့သူ၊ ပြည်သူကို အသုံးမချတဲ့ သူ၊ ပြည်သူ အတွက် စတေး ဝံ့တဲ့သူ၊ အဲဒီလို လူဟာ ခေါင်းဆောင် ပဲ လို့ ဒေါ်ခင်ဝိုင်းကြည် က ပြောပါတယ်။

အရပ်ဘက် -စစ်ဘက် ဆက်ဆံရေး ခေါင်းဆောင် ပြည်သူလူထုကို စိတ်နိုး ကြား တက်ကြွလာအောင် အတိုင်းအတာ တစ်ခု အထိတော့ ဒေါ်အောင်ဆန်းစုကြည် က စွမ်းနိုင်ပေမယ့် နိုင်ငံရေးကို ဇောင်းပေး တဲ့ ခေါင်းဆောင်မျိုးမို့ ဖွံ့ဖြိုးရေး ဘက်မှာ အားနည်းသွားတယ်လို့ ဒေါက်တာတင်မောင်သန်း က သုံးသပ် ပါတယ်။ မျက် မှောက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အရပ်ဘက် -စစ်ဘက် ဆက်ဆံရေးက အရေးကြီး ပြီး၊ စစ်တပ်က ယုံကြည်တဲ့ ခေါင်း ဆောင်မျိုး ရှိခဲ့ရင် စစ်တပ်က ဆုတ်ခွာ မှာ ဖြစ်တယ်။ စစ်တပ် က သူတို့ ယုံကြည်တဲ့ လက်ခံတဲ့၊ သူတို့အတွက် လုံခြုံတဲ့ ခေါင်း ဆောင်မျိုးကို ကြည့်နေတယ်လို့ ဒေါက်တာ တင်မောင် သန်းက ပြောပါတယ်။

မျက်မှောက် မြန်မာ့နိုင်ငံရေး ဟာ စစ်တပ်ချက်ချင်း ထွက်ဆိုပြီး လုပ်လို့ မရ ဘူး။ တိုင်းပြည်မှာ ပြည်တွင်း စစ်တွေဖြစ် နေသေးတယ်၊ ငြိမ်းချမ်းရေး ကလည်း မရ သေးဘူး။ တခြား ပဋိပက္ခတွေ ကလည်း ရှိနေသေး လေတော့ အရပ်ဘက် -စစ် ဘက် ဆက်ဆံရေးဟာ သိပ်ကို အရေးကြီး နေတယ်။ နားလည်မှု ရှိရပြီး၊ စစ်တပ်ရဲ့ စိုးရိမ် ပူပန်မှုက ဘာလဲ ဆိုတာကို ကြည့်ရ မယ် လို့ ဦးဇော်ဌေးက ပြောပါတယ်။

အရပ်ဘက် -စစ်ဘက် ဆက်ဆံရေး အကြောင်း ပြောတဲ့နေရာ မှာ ဒေါက်တာ တင်မောင်သန်း နဲ့ ဦးဇော်ဌေး တို့က သဘော ညီနေကြတာ တွေ့ရပါတယ်။ ဦးဇော်ဌေး က ပိုပြောတာ ကတော့ အတိတ်ရဲ့ အကျဉ်း သား၊ စကားလုံးတွေ ရဲ့အကျဉ်းသား မဖြစ်ရဘူး လို့ ဆိုပါတယ်။ အတိတ်ကို မေ့ပါ၊ စကားလုံး တစ္ဆေ အခြောက် မခံကြပါနဲ့၊ အတိတ် က အမှားတွေကို သင်ခန်းစာ ယူပါ လို့ သူက တိုက်တွန်း ခဲ့ပါတယ်။

စစ်တပ်ကလာတဲ့ ခေါင်းဆောင်တွေ ကို ပြည်သူတွေက စိတ်ကုန်နေပါပြီ လို့ အန်အယ်လ်ဒီ ပါတီရဲ့အမတ် ဦးနိုင်ငံလင်း က ပြောပါ တယ်။
ဒေါက်တာတင်မောင် သန်း ပြောတဲ့ အနာဂတ်ကို နှိုးနိုင် တဲ့ ခေါင်းဆောင်မျိုး မရှိဘူးလို့ ပြောတာ ကတော့ လုပ်ခွင့် မရှိသေးတာကို မရှိဘူး လို့ ပြောတာဟာ မမှန်ဘူးလို့ သူက ချေပ ရှင်းလင်းခဲ့ ပါတယ်။

နိုင်ငံရေး ခေါင်းဆောင် ဆိုတာ ခံနိုင် ရည်ရှိရမယ်၊ လူထုချစ်တာ မှန်ပေမယ့် လူထုကို လိုက်လျောလို့ မရတာတွေ ရှိပါ တယ်။ လူထုက ကန့်ကွက်ပေမယ့် စစ် တိုက်ရ တာတွေ ရှိတယ်။ လူထု ထောက်ခံမှု ကျမှာကို သိသိနဲ့ စွန့်ရတာတွေ ရှိတယ်လို့ ကြံ့ခိုင်ရေး ပါတီက အမတ်မင်း ဦးခင် မောင်ရီက ပြောပါတယ်။ အပြောင်းအလဲ တွေဟာ အချိန်ယူ ရတတ်တယ် ဆိုတာ ကို  အမေရိကန် သမ္မတ အိုဘားမားက လည်း လက်ခံပါတယ် လို့ သူက ဆိုပါ တယ်။
တိုင်းပြည်နဲ့ လူထုကို စုစည်းနိုင်တဲ့၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့၊ ဗြဟ္မစိုရ် တရားနဲ့ ကိုက်ညီတဲ့၊ ကိုယ်ချင်းစာ တရား ရှိတဲ့၊ အမြော်အမြင် ကြီးတဲ့၊ ကာလတို ထက် အနာဂတ် ကိုပါ ကြည့်နိုင်တဲ့၊ ကိုယ့် နိုင်ငံ အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခံ နိုင်တဲ့၊ ၅၁ သန်းသော ပြည်သူတွေ အတွက် အလုပ်လုပ်နိုင်တဲ့ ခေါင်းဆောင် မျိုး မြန် မာပြည် မှာ လိုနေပါတယ်လို့ ဒေါ်ခင်ဝိုင်း ကြည်က အဆုံးသတ် မှာ ပြောခဲ့ပါတယ်။

 ပြည်သူပါ ပါလာအောင် ထလာ အောင် ကြွလာအောင် လုပ်နိုင်တဲ့ ခေါင်း ဆောင်မျိုး၊ မျက်မှောက် မြန်မာ့နိုင် ငံရေး အလှုပ် အခတ် အခင်းအကျင်း ကနေ မြန် မာ့ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး အတွက် အ ရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ကျွမ်း ကျင်တဲ့ခေါင်းဆောင်မျိုး လိုပါတယ်လို့ ဒေါက်တာ တင်မောင်သန်းက ပြော ပါတယ်။

စားဝတ်နေရေး အပြင် ပဋိပက္ခတွေ ရှိနေတဲ့ ပြည်သူတွေ၊ ပြဿနာအ မျိုးစုံ နေတဲ့ လူ့ဘောင်ဖြစ်နေလို့ စံနှုန်းတွေ ထက် အရွေ့ကိုကြည့်နိုင်တဲ့ ခေါင်းဆောင်မျိုး၊ ဖြစ်နိုင်ခြေ ကိုလုပ်နိုင်တဲ့ ခေါင်းဆောင်မျိုးဟာ အခုရောက်နေ တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ခရီးရှည်မှာ လိုနေတဲ့ခေါင်းဆောင်မျိုး ပါလို့ ဦးဇော်ဌေးက ပြောပါတယ်။ 

ဒီဘိတ် တစ်ခုလုံးကို ခြုံပြီး ကာတွန်းနဲ့ ရေးဆွဲ သရုပ်ဖော်တဲ့ ကာတွန်းစိုး သော်တာ ကတော့ သူ ပြည်သူတွေ ကို ဘယ် လိုခေါင်းဆောင် လိုသလဲလို့ မေးတဲ့အခါ-

၁။ မြေယာတွေကို အဓမ္မမသိမ်းတဲ့ခေါင်း ဆောင်
၂။ တောတောင်တွေကို အတင်း ရောင်းမစားတဲ့ ခေါင်းဆောင်
၃။ ဆရာတော်တွေကို မီးလောင်ဗုံးနဲ့ မပစ်တဲ့ ခေါင်းဆောင်
၎။ တိုင်းရင်းသားအရေး အစဉ်အလေး ထားတဲ့ ခေါင်းဆောင်
၅။ ပေးထားတဲ့ ကတိတွေကို အသက်နဲ့ ထပ်တူ စောင့်ထိန်းတဲ့ ခေါင်းဆောင်
၆။ နိုင်ငံရေးသားကြော အတင်း မဖြတ်တဲ့ ခေါင်းဆောင်နဲ့
၇။ နောက်ဆုံးတစ်ခုကတော့ အာဏာ မရူးတဲ့ခေါင်းဆောင်ဖြစ်ပါတယ်လို့ ရှင်းပြ လိုက်တော့ ပရိသတ်က လက်ခုပ်သြဘာ အခါခါ ပေးခဲ့ပါတယ်။

မျိုးသာထက်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List