Saturday, January 17, 2015

ရေပိုင်နက်ကျူးလွန်မှုကြောင့် အိန္ဒိယနိုင်ငံတွင် အကျဉ်းချခံရသူ ရေလုပ်သားများ ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သည့် မြန်မာနိုင်ငံသား ရေလုပ်သားများ ဇန်န၀ါရီလ ၁၇ ရက် မွန်းလွဲပိုင်းတွင် ပထမအသုတ်အဖြစ် ၁၅၀ ဦး ရန်ကုန်လေဆိပ်သို့ လေ ယာဉ်ဖြင့်ရောက်လာပြီဖြစ်သည်။
၎င်း ရေလုပ်သားများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဦးစီး၍ စင်လုံး ဌားလေယာဉ်ဖြင့် စုစုပေါင်း မြန်မာရေလုပ်သား ၃၉၆ ဦးကို ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်အထိ ၃ကြိမ် ခွဲကာ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာမည်ဖြစ်သည်။ ပြန်လည်ရောက်ရှိလာမည့် ရေလုပ်သားများမှာ- ဧရာဝတီတိုင်းဒေသကြီးမှ ၃၂၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁ ဦး၊ တနသာင်္ရီတိုင်းဒေသကြီးမှ ၁၀ ဦးနှင့် ရခိုင်ပြည်နယ်မှ ရေလုပ်သား ၅၆ ဦးတို့ဖြစ်သည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲက“မုန်တိုင်းကြောင့် စက်လှေချို့ယွင်းလို့ အကြောင်းအမျိုး မျိုးကြောင့်ရေပိုင်နက် ကျူးလွန်မိပြီး ပို့ဘလဲ အကျဉ်းထောင်မှာ အရေးယူခံရတဲ့ လွတ်လာတဲ့ရေလုပ်သားတွေကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးတော့ မှန်ကန်ကြောင်း ထောင်ခံချက်ရတဲ့သူ၊ အိန္ဒယနိုင်ငံက ကင်းရှင်းကြောင်း လက်မှတ်ရပြီးသားသူတွေ ကို ခေါ်ယူတာပါ” ဟု ဇန်နဝါရီ ၁၇ရက် နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီဒီယာများကို ပြောသည်။

မြန်မာနိုင်ငံသားဟုတ်မဟုတ် စိစစ်ရာတွင် အိန္ဒယနိုင်ငံအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အချက် အလက်ပေးပို့ကာ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက တစ်ဆင့် အချက်အလက်များ စစ်ဆေးပြီး အိန္ဒယနိုင်ငံအစိုးရသို့ တစ်လအတွင်း အကြောင်းပြန်ခြင်းဖြစ်သည်။

ရေပိုင်နက်ကျူးလွန်မှုဖြင့် ရေလုပ်သားများသည့် အိန္ဒယနိုင်ငံ၏ ဥပဒေအရ ထောင်ဒဏ် ၂ နှစ်နှင့် ၃ နှစ်ကြား ကျခံရသည်ဟု ၎င်းကဆိုသည်။ ရေပိုင်နက်ကျူးလွန်သည့် မြန်မာရေလုပ်သားများအား အိန္ဒယ အစိုးရက အန္ဒိယနိုင်ငံ ပို့ဘလဲမြို့ အကျဉ်းထောင်တွင် ၂၀၁၂ ခုနှစ်ခန့်မှ စတင်ဖမ်းဆီးထားရှိပြီး အကျဉ်းထောင်မှ ပြန် လည်လွတ်မြောက်လာသည့် ရေလုပ်သားများကို ပို့ဘလဲယားမြို့ရှိ ရေလုပ်သားများ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် ထိန်းသိမ်းထားရှိခြင်းဖြစ်သည်။

ပြန်လည်ရောက်ရှိလာမည့် ရေလုပ်သားများအတွက် လေယာဉ်တစ်ကြောင်းစာ ကုန်ကျစရိတ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နှင့် ကမ္ဘောဇအုပ်စု( KBZ Group)က ကူညီပံ ပိုးခြင်းဖြစ်သည်။

MAI လေကြောင်း လိုင်း၏ ဈေးကွက်နှင့် ပြင်ပဆက်ဆံရေးအရာရှိက မအေးမရသာက “ရေလုပ်သားတွေနဲ့ ပတ်သတ်ပြီးကူညီတာဆိုရင် ဒီအခေါက်နဲ့ဆိုရင် နှစ်ခေါက်ရှိပြီပေါ့။ ၂၀၁၃ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့ တုန်းကလည်း အခမဲ့လေယာဉ် စီစဉ်ပြီး ပြန်လည်ခေါ်ဆောင်ခဲ့ပါသေးတယ်။ တစ်ခေါက်ကို ဒေါ်လာ ငါးသောင်း ပတ်ဝန်းကျင်လောက်ရှိပါတယ်။ ဒီနေ့ကတော့ ၁၅၀ ဦး ပါလာမယ်လို့သိရပါတယ်။ ”ဟုပြောသည်။

ကျန်ရှိသည့် ကုန်ကျငွေများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ အကုန်အကျ ခံခြင်း ဖြစ်သည်။

ရေလုပ်သားများ ရေပိုင်နက်ကျူးလွန်မှု မဖြစ်ပွားစေရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပင်လယ်ငါး ဖမ်းလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ အသိ ပညာပေး လုပ်ငန်းများလုပ်ကိုင်လျှက်ရှိသည်ဟုလည်း ဦးချွန်ဟရဲ ကပြောသည်။

၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံမှ ရေမျော ဒုက္ခသည်များ ပြန်လည်ရောက်ရှိ သည့် လူဦးရေ မှာ ၅၄၂၈ဦး ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List