Friday, January 16, 2015

မန္တလေး ပညာရေး ကွန်ရက်အလှူငွေနှင့် ဂီတပွဲမှ ယာယီစာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရန်ပုံငွေ Iron Cross ဂီတဖျော်ဖြေပွဲလက်မှတ် ၆,၀၀၀ တွင် အစောင် ၃,၅၀၀ သာ ရောင်းချခဲ့ ရပြီး ဖျော်ဖြေပွဲရန်ပုံငွေနှင့် လှူဒါန်းငွေ စုစုပေါင်းမှာ ဇန်န၀ါရီ ၁၅ ရက် စာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်သာ ရရှိသေးကြောင်း ပညာရေးကွန်ရက်(အထက်မြန်မာပြည်) ဘဏ္ဍာရေး တာဝန်ခံ ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။
သို့သော် အဆိုပါ ကျပ်သိန်း ၅၀၀ မှာ ဇန်နဝါရီ ၁၅ ရက်တွင် ရရှိထားသည့် စာရင်းများအရသာဖြစ်ပြီး တိကျသည့် စာရင်းကိုမူ သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည့်အခါ ထုတ်ပြန်ပေးသွားမည်ဟု ၎င်းက ဆိုသည်။

“လောလောဆယ် စာရင်းချုပ်နေတုန်းပဲ ရှိသေးတယ်။ လောလောဆယ်တော့ သိန်း ၅၀၀ ကျော်ပါတယ်။ ရရှိငွေရှင်းတမ်းနဲ့ ခွဲဝေသုံးစွဲမှုကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမှာပါ” ဟု ဦးမျိုးနိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာ ရေးကွန်ရက် လေးနှစ်ပြည့် အခမဲ့ပညာ ဒါန ကျောင်းများ ရန်ပုံငွေ ရှာ ဖွေရေးဂီတပွဲတော်ကို Iron Cross ဖြင့် ဇန်န၀ါရီ ၁၄ ရက်က Mandalay Hill Resort Hotel ဟိုတယ်တွင် ကျင်းပခဲ့ခြင်းသည်။

အဆိုပါ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် အလှူရှင် ၁၅ ဦးက လှူဒါန်းခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပေး အပ်ခြင်း ဖြစ်သည်။

အဆိုပါIron Cross တေးဂီတအဖွဲ့နှင့် အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ စိုးပြည့်သဇင် တို့က သီဆိုဖျော်ဖြေ ခဲ့ကြခြင်း ဖြစ်သည်။

ပညာရေး ရန်ပုံငွေပွဲအတွက် IronCross တေးဂီတအဖွဲ့မှ မေတ္တာဖြင့် ဖျော်ဖြေပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်တွင် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့က ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်လေးနှစ်ပြည့်ရန်ပုံငွေဖျော်ဖြေပွဲတွင် အလှူငွေစုစုပေါင်း ကျပ်သိန်း ၁,၂၀၀ ၀န်း ကျင် ရရှိခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေး ကွန်ရက်လက်အောက်ရှိ ပညာဒါနကျောင်းပေါင်း ၂၀၀ ကျော် တွင် ဆရာ၊ ဆရာမ ၂,၀၀၀ ဦးနှင့် ကျောင်းသူကျောင်းသား ၂၀,၀၀၀ ခန့် ပညာသင်ပေးလျက်ရှိသည်။

အထက်မြန်မာပြည်တွင် ပညာဒါန ကျောင်းပေါင်း ၉၀ ကျော်ကို ထောက်ပံ့နိုင်ရန် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ များပြုလုပ်ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List