Wednesday, January 14, 2015

တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ ဦးဆောင်သူများကို အာမခံမပေးဘဲ ပုဒ်မခြောက်ခုဖြင့် ဒဂုံမြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ်



လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲမှ ဦးဆောင်သူ လေးဦးကို ဒဂုံမြို့နယ် တရားရုံး၌ ဇန်နဝါရီ ၁၃ ရက်က ပထမအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် လူများအနက် ဦးနေမျိုးဇင်၊ ဒေါ်နော်အုံးလှ ၊ ဒေါ်စိန်ထွေးနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၉၄(ခ)၊ ၃၅၃၊ ၁၄၇၊ ၅ဝ၆၊ ၁၄၉၊ ၅ဝ၅(ခ)/၁၄၄ တို့ဖြင့် ဒီဇင်ဘာ ၃ဝ ရက်က အမှုဖွင့် ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက် ရုံးချိန်တွင် တစ်စုံတစ်ရာ စစ်ဆေးခြင်း မရှိသေးဘဲ ဇန်နဝါရီ ၂ဝ ရက်သို့ ထပ်မံရုံးချိန်း ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဒေါ်နော်အုံးလှက “ဒီကနေ့ ရုံးချိန်းမှာ ဘာမှစစ်ဆေးတာ မရှိပါဘူး။ ကျွန်မတို့ကလည်း ဘာမှမေးမြန်းခွင့် မရခဲ့ဘူး။ ကျွန်မ ပြောချင်တာက ဒီအစိုးရအနေနဲ့ ဘာမှ မပြောင်းလဲဘူးဆိုတာပါ။ ကျွန်မကို အိမ်မှာ လာခေါ် တုန်းက ပုဒ်မ ၁၈ နဲ့ လာခေါ်ပြီး ဒီရောက်မှ ပုဒ်မအများကြီး တပ်ပြီး ထောင်ထဲပို့လိုက်တာ ဖြစ်တယ်။ အရင် ကျွန်မကိုစွဲတဲ့ ပုဒ်မ ၅ဝ၅(ခ)တွေတုန်းက အာမခံပေးတယ်။ ခု မပေးဘူး”ဟု The Daily Eleven သတင်းစာ သို့ ပြောကြားသည်။

ထို့ပြင် ကိုတင်ထွဋ်ပိုင်က “ကျွန်တော်တို့ကို တပ်ထားတဲ့ ပုဒ်မတွေထဲမှာ မကျူးလွန်တာတွေကို တပ်ထား တယ်။ ဆဲဆိုကြိမ်းမောင်းတယ်လို့ ပြောတယ်။ ကျွန်တော်တို့ လုံးဝ မဆဲခဲ့ဘူး။ ဝမ်ပေါင် ထွက်သွားလို့ ပဲ အော်ခဲ့တာ ရှိတယ်။ နောက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုလို့ ဆိုရအောင် ကျွန်တော်တို့က နိုင် ငံတော်သီချင်း သီဆိုတာ ဖြစ်တယ်” ဟု ပြောကြားသည်။

ထို့ပြင် အမှုဖွင့်ထားသူများအနက် ဒေါ်လေးလေးမှာ ဒဂုံမြို့နယ်တရားရုံးသို့ လာရောက်အဖမ်းခံခဲ့သည် ကို တွေ့ရသည်။

ထိုရုံးချိန်းသို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ တစ်ရာကျော်ခန့် စုရုံးရောက် ရှိလာခဲ့ကြပြီး ဝမ်ပေါင်ထွက် သွား၊ စစ်အာဏာရှင်စနစ် အလိုမရှိ စသည်ဖြင့် ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းကို စုပေါင်းသီဆို ခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

လက်ပံတောင်းအရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှုများကို အစိုးရအနေဖြင့် တင်းမာစွာ ကိုင်တွယ်လေ့ရှိကာ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်ကလည်း တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြ သူများဖြစ် သည့် ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုအောင်စိုးနှင့် ကိုစည်သူတို့အား ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ဒဂုံမြို့နယ် တရားရုံးတွင်ပင် တရားစွဲဆိုခဲ့ဖူးသည်။

Writer:
ဥာဏ်ဝင်းရှိန်
Eleven Media Group

No comments:

Post a Comment

My Blog List