Wednesday, January 14, 2015

ပျော်ရွှင်စရာများ၊ အာရုံထွေပြားစရာများနှင့် ရွေးကောက်ပွဲနှစ်





‘‘ MRTV Entertainment ရုပ်သံလိုင်းက ဒီနေ့ညဆယ်နာရီခွဲမှာ မန်ယူပွဲကို ထုတ်လွှင့်ပေးပါ့မယ်’’ဟု ပြည်
ထောင်စုဝန်ကြီးဦးရဲထွဋ်က သူ၏ဖေ့စ်ဘွတ်ခ်တွင် ဇန်န၀ါရီ ၁၁ ရက်က ရေးသားလိုက်ရာကြိုက်နှစ်သက်
ကြောင်း Like လုပ်ခဲ့သူ ခြောက်ထောင်ကျော်ရှိခဲ့ပြီး မှတ်ချက်ပြုခဲ့သူပေါင်း ငါးရာကျော်ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး ပရီးမီးယားလိဂ်ပွဲစဉ်များထဲမှ မြန်မာတို့၏အသည်းစွဲ မန်ယူအသင်းပွဲကို အခမဲ့ပြသပေးမည့်အကြောင်း ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်တွင် သတင်းကောင်းပါးခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်ဘောလုံးပွဲများကို စကိုင်းနက်မှ တစ်ဦးတည်းမူပိုင်ဝယ်ယူ၍ ပြ သနေရာမှ ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ အစိုးရ၏အခမဲ့ရုပ်သံလိုင်းသစ်ဖြစ်သော MRTV Entertainment မှ ပွဲစဉ်အချို့စတင်ပြသနေခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ်အချို့အပြင် ချန်ပီယံလိဂ်နှင့် စပိန်လာလီဂါပွဲ အချို့ကိုလည်း အခမဲ့ပြသသည့် ဘောလုံးချစ်ပရိသတ်များ များစွာပျော်ရွှင်ကျေနပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေးမရသေး၍ မနောပွဲမပြုလုပ်ရန် ကန့်ကွက်မှုများကြား မြစ်ကြီးနားမြို့တွင် ခမ်းခမ်းနားနားကျင်းပ ခဲ့ပြီး သမ္မတကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့ခြင်း၊ နာဂပွဲတော်ကို နှစ်နေရာမှာပင် တစ်ချိန်တည်းကျင်းပခြင်း၊ လူထုစိတ်ဝင်စားသော ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေသူတစ်ဦးအား ထပ်မံရှာဖွေခွင့်ပြုခဲ့ခြင်း၊ နှစ်စဉ် ၁၅ရက်သာ ကျင်းပလေ့ရှိသော မော်တင်စွန်းဘုရားပွဲကို တစ်လကြာ ကျင်းပခွင့်ပြုထားခြင်း၊ ဇန်န၀ါရီ ၄ရက်က ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို လမ်းတိုင်းနီးပါး ကျင်းပအောင် အုပ်ချုပ်ရေးမှူး များက စည်းရုံးခြင်းများက ယခင်နှစ်များထက် ထူးခြားနေပါသည်။

မြန်မာနိုင်ငံအတွက် အရေးကြီးလှသော ၂၀၁၅ နှစ်ဆန်းရောက်သည်နှင့် တိုက်ဆိုင်မှုလား ၊ တမင်တကာကြံ စည်မှုလား မသိရသော်လည်း ပျော်ပွဲရွှင်ပွဲများ၊ အခမ်းအနားများက နှစ်တိုင်းထက်များနေသည်။ သို့သော် နိုင် ငံရေးလှုပ်ရှားဆောင်ရွက်သူများအတွက်မူ အဆိုပါအချက်အပေါ် ဆက်စပ်စဉ်းစားစရာများ ဖြစ်နေစေခဲ့ သည်။

‘‘ဒီနှစ်သစ်ကစလို့ ပျော်ပွဲရွှင်ပွဲနဲ့ ဖျော်ဖြေရေးကဏ္ဍတွေကို အစိုးရက ပိုပြီးအားပေးလာခြင်းရဲ့ နောက်ကွယ် မှာ တခြားအကြောင်းအရာတွေ မရှိနိုင်ဘူးလား’’ဟု အသက်(၆၀)အရွယ် နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ် သည့် ဦးထွန်းလှအောင်က ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အာရုံ လွှဲပြောင်းမှုများရှိနိုင်သည်ဟု သတိပေးစကားပြောကြားထားသည်။

မြန်မာ့နိုင်ငံရေးအတွက် အရေးပါသော အပြောင်းအလဲကာလဖြစ်သည့် ၂၀၁၅ သို့ ကူးပြောင်းရောက်လာချိန် တွင် နိုင်ငံအတွင်း ပွဲလမ်းသဘင်နှင့် ပျော်ပွဲရွှင်ပွဲများက ယခင်နှစ်များထက် ပိုမိုထူးကဲစွာဆီးကြိုနေခြင်းက သံသယဖြစ်စရာအချက်ထဲပါဝင်လာစေခဲ့ကြောင်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများကပြောသည်။

နအဖက ရိုးရာပွဲတော်များ ကျင်းပခွင့်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ကန့်သတ်ချုပ်ကိုင်မှုများရှိခဲ့သည်။ ယခုနှစ်ဦးကာလမှစတင်၍ ပွဲလမ်းသဘင်များအပြင်စိတ်အပန်းဖြေစရာ ဖျော်ဖြေရေးကဏ္ဍများကို နိုင် ငံတော်က ပိုမိုကျင်းပခွင့်များပေးလာခြင်းက ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့် နှစ်ကာလနှင့် အံ့သြဖွယ် တိုက်ဆိုင်နေသည်ဟု နိုင်ငံရေးလှုပ်ရှားဆောင်ရွက် သူများကဆိုသည်။

‘‘ပြည်သူတွေ ပြည့်စုံနေလို့ ပျော်ပွဲရွှင်ပွဲတွေ များလာတာဆို ကောင်းတာပေါ့။ အဲဒီလိုမှမဟုတ်ရင် စဉ်းစား စရာဖြစ်နေမယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့က တစ်ကျော့ပြန် ဗိုလ်ရှုသဘင်အခမ်း အနားကို ခမ်းနားစွာ ၂၀၁၅ နှစ်စ ကို ကြိုဆိုဖွင့်လှစ်ကျင်းပခဲ့သည်။

ဇန်န၀ါရီ ၁ ရက်မှစ၍ နိုင်ငံပိုင်ရုပ်သံလိုင်းများမှ ဖျော်ဖြေရေးရုပ်သံလိုင်းသစ်နှင့် သတင်းရုပ်သံလိုင်းသစ်တို့ တိုးချဲ့ထုတ်လွှင့်ပေးခဲ့ပြီး ဖျော်ဖြေရေးရုပ်သံလိုင်း သစ်က အများစိတ်ဝင်စားသည့် ဥရောပဘောလုံးပြိုင်ပွဲများ ကို အခပေးရုပ်သံမှ ကြည့်ရှုနေခဲ့ရရာမှ အခမဲ့ပြသကာ ပြည်သူများအား ပျော်ရွှင်စေခဲ့သည်။

ထို့အပြင် နှစ်ပေါင်းဆယ်စုနှစ်ကြာမပြုလုပ်ဘဲ ရပ်ထားခဲ့သည့် အမျိုးသား အားကစားပွဲတော်ကို ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် မွေးနေ့ကျင်းပမည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြန်လည်ပြုလုပ်ကျင်းပရန် တိုက်ဆိုင်နေခြင်းကလည်း တိုက်ဆိုင်မှုတစ်ရပ်ထက်ပို၍ စဉ်းစားစရာဖြစ်စေကြောင်း စောင့်ကြည့်လေ့ လာသူများက မှတ်ချက်ပြုသည်။

ဘုရားပွဲတော်အချို့ကိုလည်း ယခင်ကထက် ခွင့်ပြုချက်အလွယ်တကူ ထုတ်ပေးနေပြီး အချို့ပွဲတော်ကျင်းပ သည့်ရက်ကိုလည်း ကန့်သတ်ချုပ်ချယ်မှု နည်းပြီး ဖြေလျှော့မှုများပေးလာခဲ့သည်ဟု 7Day ၏ သတင်း ရင်းမြစ်များ ကပြောသည်။

ထိုသို့သောဖြစ်စဉ်များမှာ သဘောရိုးဖြင့်လုပ်ဆောင်သော မူဝါဒပြောင်းလဲမှု များဖြစ်နိုင်သလို နိုင်ငံရေးအာရုံ လွှဲပြောင်းမှုလုပ်ငန်းများမဟုတ်ဟု အတပ် မပြောနိုင်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်သူ ဦးဝေလွင်ကပြော သည်။

‘‘နိုင်ငံရေးအာရုံလွှဲပြောင်းမှုဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီအချိန်မှာ နိုင်ငံသားတွေ ဦးတည်ချက် မှန်ကန်နေဖို့က ပိုအရေးပါတယ်။ ဒီမိုကရေစီအကူးအပြောင်းမလိုလားသူတွေကတော့ သူတို့ မူဝါဒအတိုင်း နည်းမျိုးစုံနဲ့ ဖျက်လိုဖျက်ဆီးလုပ်နေကြမှာပဲ’’ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျကပြော သည်။

နှစ်သစ်တွင် ထိုသို့တွေ့မြင်နေရသော လုပ်ငန်းစဉ်များအတွက် ရည်ရွယ်ချက်ရှိသော ဆောင်ရွက်ချက်များဟု အတိအကျမပြောနိုင်သော်လည်း သံသယဖြစ်ဖွယ်များ တွေ့နေရသည်ဟု ကိုဖြိုးမင်းသိန်းက ထုတ်ဖော်ပြော ကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်း ဖြတ်သန်းခဲ့မှုသမိုင်းကြောင်းများအရ ပြောင်းလဲမှုဖြစ်စဉ်များ နီးကပ်လာချိန် တွင် ပြည်သူများ အာရုံပြောင်းလဲစေမှုဖြစ်စဉ် တစ်စုံတစ်ရာ ပေါ်ပေါက်စေခဲ့မှုများ ရှိခဲ့ခြင်းကလည်း ပြည်သူ များအတွက် သတိထားစရာ အလေ့အကျင့်ကောင်းများ ဖြစ်စေခဲ့သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်သူကဆိုသည်။

ပျော်ပွဲရွှင်ပွဲများ ကျင်းပခွင့်ပေးရာတွင် ရက်အကန့်အသတ်နှင့် ခွင့်ပြုထားခြင်းမဟုတ်ဘဲ မိမိတို့ပြုလုပ်မည့် ပွဲပေါ် မူတည်ကာ လုပ်ဆောင်ခွင့်ကို ခရိုင်အဆင့် တိုင်းဒေသကြီးအဆင့် စသဖြင့် အဆင့်ဆင့်တင်ပြပေးပြီး မှသာ ပွဲကျင်းပခွင့်ကို ပါမစ်ပေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးအချို့ကဆိုသည်။

‘‘ပွဲကျင်းပတယ်ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ဘုရားပွဲတွေ၊ တရားပွဲတွေ၊ ပြီးရင် ဘာသာရေးပွဲတွေ လည်း ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ပါတာပေါ့။ ပါမစ်ဆိုတာကလည်း ဒီပွဲတွေလုပ်တဲ့အခါ တာဝန်ယူ တဲ့သူတွေကို အပျော်လွန်ကဲမှုတွေနဲ့ အခြားသောကိစ္စတွေမဖြစ်အောင် ယူတဲ့သဘောပါ။ ပွဲတွေ ပိတ်ပင် တားဆီးတာတော့ မလုပ်ပါဘူး’’ဟု ရန်ကုန်အနောက်ပိုင်းခရိုင်မှ မြို့နယ်အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

ပွဲကျင်းပခွင့်ပါမစ်အတွက် သွားလျှောက်ထားရာ ယခင်နှစ်များထက်စာလျှင် ပိုမိုလွယ်ကူလာကြောင်း တရားပွဲ ကျင်းပသူများနှင့် ဘုရားပွဲကျင်းပသူအချို့ကဆိုသည်။

စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးကလည်း ၎င်းတို့ရပ်ကွက်အတွင်း ယခင်ကမလုပ်ခဲ့ဖူးသော နတ်ကနားကဲ့သို့သော အသေးစားပွဲတော်များကိုမူ ယခုရက်အတွင်း နှစ်နေရာ၊ သုံးနေရာ၌ တွေ့မြင်နေရ သည်ဟုဆိုသည်။

‘‘အရင်က တရားပွဲပါမစ်ရဖို့အတွက် ပေးရတာတွေရှိတယ်။ မြို့နယ်သာသနာရေးဆိုရင် တစ်ပါး ဘယ်လောက်တောင်းတာတွေတောင်ရှိပါတယ်။ မပေးရင်တော့ ရှင်းရှင်းလေးပါပဲ။ ပွဲလုပ်ခွင့်မပေးဘူးပေါ့။ တစ်ခုခုအကြောင်းပြတာပေါ့လေ။ ခုနောက်ပိုင်းလုပ်တဲ့ပွဲတွေတော့ အရင်ကလို ပေးရကမ်းရတာတွေ မရှိတော့ပါဘူး’’ဟု တရားပွဲကျင်းပသူအချို့ကပြောသည်။

ဘုရားပွဲတော်များကျင်းပရာတွင်လည်း ပါမစ်ခွင့်ပြုချက်ရရှိရန်အတွက် ယခင်လောက်မခက်ခဲသကဲ့သို့ ပေး ကမ်းရသည့်နေရာတွင်လည်း အနည်းငယ်သာရှိကြောင်း ဘုရားပွဲကျင်းပသူအချို့ကဆိုသည်။ ပွဲတော်များ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များက လုံခြုံရေးအတွက် လိုအပ်ပါက ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု မြို့နယ်မှူးအချို့ကဆိုသည်။

‘‘ပွဲလုပ်တဲ့အခါတွေမှာ ပွဲလုပ်သူတွေက လုံခြုံရေးအတွက် ရဲစခန်းတွေကို အကူအညီတောင်းလို့ရပါတယ်။ ကျွန်တော်တို့ကလည်း ပြည်သူတွေအေးချမ်းဖို့အတွက် လုံခြုံရေးကို မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ပေးပါတယ်။ ဒီအတွက်လည်း ငွေကြေးပေးစရာမလိုပါဘူး’’ဟု ၎င်းတို့ကပြောသည်။

ပွဲတော်များကျင်းပရာတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတော်များဆိုလျှင် ပျော်ပွဲရွှင်ပွဲကျင်းပပုံများကို မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ တင်ရခြင်းများရှိကြောင်း ရပ်ကွက်အုပ် ချုပ်ရေးမှူးအချို့ကဆိုသည်။

‘‘တစ်နှစ်ပတ်လုံးမှာတော့ လွတ်လပ်ရေးပွဲပဲ မှတ်တမ်းတင်ပြီး ပို့ပေးရတယ်။ ဘာအတွက်ဆိုတာတော့ မသိဘူးလေ။ လိုအပ်လို့ခိုင်းရင်တော့ လုပ်ရတာပဲ။ ရန်ကုန်မှာကလည်း တခြားပျော်ပွဲရွှင်ပွဲတွေက ဒီလောက် မရှိပါဘူး’’ ဟု  ၎င်းကပြောသည်။

ထိုသို့ ပွဲလမ်းသဘင်နှင့် ဖျော်ဖြေရေးများ ပိုမိုခွင့်ပြုလုပ်ဆောင်စေခဲ့ခြင်းကို နိုင်ငံရေးအင်အားစုများက သံသယကြီးစွာ စောင့်ကြည့်နေခဲ့ကြသော်လည်း နိုင်ငံသားများ နိုင်ငံရေးရေချိန်ပြည့်ဝရေးသည်သာ ယခု အချိန်တွင်ပို၍အရေးပါနေသည်ဟု မြန်မာ့နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးကျော်လင်းဦးကသုံးသပ်သည်။

‘‘ပျော်ပွဲရွှင်ပွဲတွေများလာရုံနဲ့ နိုင်ငံရေးအာရုံလွှဲမှုလို့ဆိုတာကိုတော့ ကျွန်တော် အပြည့်အ၀မထောက်ခံချင် ဘူး’’ဟု ၎င်းကပြောသည်။

‘‘ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ နိုင်ငံရေးရေချိန်က အရင်ကလို အာရုံ လွှဲပြောင်းပြီး လွယ်လွယ်လုပ်လို့ ရနိုင်လောက်တဲ့ အခြေအနေမဟုတ်ဘူး’’ဟု ဦးကျော်လင်းဦးက ဆက်လက်ပြောကြားသည်။


7Day News Journal

No comments:

Post a Comment

My Blog List