Wednesday, January 14, 2015

အစိုးရက ပြည်သူ့ဆန္ဒကို အလေးထားမှု အားနည်း၍ ပြုပြင်ပြောင်းလဲမှုရပ်နေဟု အင်န်အယ်လ်ဒီ ကြေညာ


၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေပြင်ရေးတွင် အစိုးရက ဆန္ဒထက်သန်မှု မရှိခြင်းနှင့် ပြည်သူ့ဆန္ဒ အလေးထားမှု အားနည်းခြင်းတို့ကြောင့် ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများက ရပ်တန့်နေသည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဇန်န၀ါရီ ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၂ ရက်က သမ္မတနှင့်တိုင်း ရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံ စဉ် ဆွေးနွေးခဲ့သည့်အချက်များကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ဆွေးနွေးမှုများမှာ NLD ဗဟိုအလုပ်အ မှုဆောင် အဖွဲ့အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အစိုးရကိုယ်တိုင် ပြုပြင် လိုသည့် ဆန္ဒနည်းခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အစိုးရက စိတ်အားထက်သန်မှု မရှိသည့်အပြင် ပြည်သူ့ဆန္ဒအလေးထားမှု အား နည်းခြင်း၊ တစ် ဦးချင်း အခွင့်အရေးကို အကောင် အထည်ဖော်မှုအားနည်းခြင်း၊ တောင်သူလယ်သမား အကျိုး ဆောင်ရွက်မှု အားနည်းခြင်း၊ ဗဟိုချုပ်ကိုင်မှု ကျင့်သုံးခြင်း၊ လွှတ်တော်နှင့် ပူးပေါင်းမှုအားနည်းခြင်း၊ အဂတိ လိုက်စားမှုကို မထိန်းချုပ်နိုင်ခြင်း၊ တရားစီရင်ရေးကို အုပ်ချုပ်ရေးက စွက်ဖက်ခြင်း၊ ခြောက်ပွင့် ဆိုင် တွေ့ဆုံမှု အကောင် အထည်မဖော်ခြင်းတို့ကြောင့် ရပ်တန့်နေသည်ဟု NLD ၏ ထုတ်ပြန်ချက်တွင်ပါရှိ သည်။

“အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုက အောင်မြင်တဲ့ဟာဆိုလို့ ဘာကိုပြောရမှန်း မသိဘူး။ ပြောစရာကို မရှိပါ ဘူး”ဟု ဒီဇင်ဘာ ၃၀ ရက် NLD ရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ပါတီဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သေးသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ဦးသိန်းစိန်အစိုးရ ဆောင်ရွက်ခဲ့ သည့် မြေပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ချိန်ထိုးကြည့်ပါက အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲ လိုသည့်ဆန္ဒ အားနည်းခြင်း၊ ဖွဲ့စည်းပုံပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သမ္မတက ခန့်အပ်ခြင်း၊ စွမ်းအင်၊ သယံဇာတ စီမံခန့်ခွဲမှုတွင် ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲရခြင်းတို့က ဗဟိုချုပ်ကိုင်မှုများ များပြားနေ သည်ဟု ဆိုသည်။

“အစိုးရဲ့နောက်မှာ အနှောင်အဖွဲ့ရှိနေတယ်။ ဒါကြောင့်လည်း ဒီလိုရာထူးတွေရ ထားတာလေ။ ပင်ကိုယ် စိတ်နဲ့ လုပ်နေတာ မဟုတ်ဘူး။ ကူးပြောင်းရေး လမ်းပေါ် လျှောက်ခိုင်းနေလို့သာ လျှောက်နေတာ။ အဲဒီ တော့ အများယုံကြည် မှုက လျော့လာတာပေါ့” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် ဆွေးနွေးပွဲများကျင်းပရေး

ငြိမ်းချမ်းရေးဖြစ်စဉ်များကိုအခြေခံပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ထိရောက်မှုရှိသည့် ဆွေးနွေး မှုများကို အစိုးရက အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးကို အကြောင်းပြကာ ခြောက်ပွင့်ဆိုင်ကဲ့သို့ ထိရောက်မည့် ဆွေးနွေးပွဲကို ရှောင်ရှားခြင်းမျိုးကို မပြုလုပ်ရန် NLD က တိုက်တွန်းသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အဆင်ပြေရေး၊ ငြိမ်းချမ်းရေး အထောက် အကူ ဖြစ်ရေးအတွက် ထိရောက်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို အကောင်အထည်ဖော်ရန် လိုအပ် သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးက မဇ္ဈိမကို ဖြေကြား ထားသည်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး မှုအပေါ် အကောင်အထည်ဖော်ခြင်း မရှိသေးဘဲ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရေးရာဝန်ကြီး များဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိသည့် တွေ့ဆုံမှုများကိုသာ ပြုလုပ်နေ သည် ဟု နိုင်ငံရေးပါတီတို့က သုံးသပ်ကြသည်။

လွတ်လပ်တရားမျှတသည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး

ကျန်ရှိနေသည့် ကြားလတွင် နိုင်ငံရေး တည်ငြိမ်မှုရှိရေးအတွက် မြင်သာသော အသွင်ကူးပြောင်းရေး လုပ်ငန်းများ၊ ဖွဲ့စည်းပုံကို ပြည်သူ့ ဆန္ဒနှင့် အညီပြင် ဆင်နိုင်ရေး ရွေးကောက်ပွဲတွင် အစိုးရက ဘတ်လိုက်မှု ကင်းစင်ရေး၊ နိုင်ငံရေး ပါတီများ၏ စည်းမျဉ်းဥပဒေနှင့် မကိုက်ညီသည့် ပြုမူပြောဆိုမှုများအပေါ် နိုင်ငံရေး ပါတီများအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဟန့်တား ဆောင် ရွက်ပေးရန် လိုအပ်မည်ဟု ထုတ်ပြန်ထားသည်။

ဒေါက်တာအေးမောင်က “တစ်ခါတစ်ရံမှာ အရင်ဗိုလ်ချုပ်ကြီးခံစားချက်နဲ့ ရောရော သွားတယ်။ အသိုင်း အ၀ိုင်းရဲ့ လွှမ်းမိုးမှုကလည်းရှိတယ်။ အဲဒီအခါကျရင် ပင်ကိုယ်ရိုးသားမှုအရ မေ့မေ့သွားတာရှိတယ်။ ဒါကို လည်း တဖြည်းဖြည်း နဲ့ ပြုပြင်သုံးသပ်နိုင်မယ်လို့ ထင်ပါတယ်”ဟု သုံးသပ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List