Wednesday, January 14, 2015

အစိုးရ ပြုပြင်ပြောင်းလဲမှု အလုပ်မဖြစ်ခဲ့ဟု နိုင်ငံရေး အင်အားစုများ ဝေဖန်

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် ပြည်သူလူထု၏ လိုအပ်ချက်နှင့် ပိုမို နီးစပ်မှု ရှိလာကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်၏ ပြောဆိုမှုအား လက်မခံနိုင်ကြောင်း နိုင်ငံရေး အင်အားစုများ က ဝေဖန် ပြောကြားလိုက်သည်။
ဇန်န၀ါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ Central Hotel တွင် ကျင်းပခဲ့သည့် “ပြုပြင်ပြောင်းလဲရေး ပြည်သူနှင့် နီးသလား၊ ဝေးသလား” ဆိုသည့် ခေါင်း စဉ်ဖြင့် ပြည်သူ့ခေတ် စကားဝိုင်းတွင် ဦးရဲထွဋ်က အထက်ပါအ တိုင်း ပြောဆိုခဲ့ သည်။

ဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်လည်းဖြစ်၊ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး လည်း ဖြစ်သူ ဦးရဲထွဋ်က အစိုးရက မြန်မြန်ဆန်ဆန် ဆောင် ရွက်နေသည့် ပြုပြင် ပြောင်းလဲမှုရလဒ်အဖြစ် ၄ နှစ်တာကာလ ကြာမြင့်လာသည့် အချိန်တွင် အစိုးရ၏ လုပ်ဆောင်မှုများသည် ပြည်သူနှင့် ပိုပြီး နီးစပ်မှု ရှိလာပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စကားဝိုင်း ဆွေးနွေးမှုတွင် ဦးဆောင် ဆွေးနွေးခဲ့သူများ ဖြစ်သည့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်နှင့် စီးပွားရေးပညာရှင် ဦးကျော်ဝင်းတို့က ဦးရဲထွဋ်၏ ပြောဆိုမှုကို သဘောမ တူနိုင်ကြောင်း ပြောဆိုကြသည်။

ဝန်ကြီး ဦးရဲထွဋ်က “ဒီမိုကရေစီ အစိုးရတရပ်ရဲ့တာဝန်က တတ်နိုင်သမျှ ပြည်သူနဲ့နီးအောင် ပြည်သူ့ ထံ ရောက်အောင် သွားဖို့ပါ။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တခုလုံးသည် ပြည်သူ့ ဗဟိုပြု မူဝါဒ အရ ပြည် သူတွေဆီကို ရောက်အောင် သွားနေတယ်။ ရောက်ပြီလားဆိုတော့ မရောက်သေးပါဘူး။ သို့သော် ဒီ ၄ နှစ် တာ ကာလအတွင်းမှာ ပိုနီးပြီလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ထိုပြောဆိုချက်အပေါ် NLD မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲမှုက လက်တွေ့အခြေအနေကို ကြည့်ရင် ပြည်သူနဲ့ ဝေးပါသေးတယ်။ အစိုးရရဲ့ လုပ်ရိုးလုပ်စဉ်တွေ မပြောင်းလဲသေးဘူး” ဟု ပြောဆိုသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အဆင့်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင့်ကို မရောက်ရှိသေး ဘဲ ဖြေလျော့မှု အဆင့်သာ ဖြစ်နေသေးကြောင်း၊ ဖြေလျော့မှု အဆင့်တွင်ပင် ကန့်သတ် ချုပ်ချယ်မှုများစွာ ရှိနေသေးကြောင်း ဦးဝင်းမြင့်က ထောက်ပြ ပြောဆိုခဲ့သည်။

ဦးသိန်းစိန် အစိုးရ၏ ပထမ သက်တမ်း ကုန်ဆုံးတော့မည် ဆိုသော်လည်း အစိုးရအနေနှင့် မည်မျှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်နေသနည်း ဆိုသည်ကို လက်တွေ့ လုပ်ဆောင်မှုများအား ကြည့်ခြင်းအားဖြင့် ပေါ်လွင်နေပြီ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီးကလည်း ပြောသည်။

ဦးကိုကိုကြီးက“နောက်တခုက လူမပြောင်း၊ မူပြောင်းမယ်ဆိုတဲ့ ကိစ္စကို လေးလေးနက်နက် ပြန်စဉ်းစားဖို့ လိုတယ်။ ဒါက ပထမသက်တမ်း ကုန်သွားတဲ့အချိန်မှာ အလုပ် မဖြစ်ဘူးလို့ မြင်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ထို့နောက် ဆွေးနွေးပွဲ စကားဝိုင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများသည် ပြည်သူနှင့် နီးစပ်မှု ရှိလာပြီးလားဆိုသည့် ဆွေးနွေးမှုတွင် လည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို လုပ်ဆောင်နိုင်ဖို့ လိုကြောင်း စီးပွားရေး ပညာရှင် ဦးကျော်ဝင်းက ပြောကြားသွားသည်။

“စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ကြည့်မယ်ဆိုရင် ဒေတာတွေ၊ ရုပ်ဝတ္တု ပစ္စည်းတွေထက် တန်ဖိုးနဲ့ အနှစ်သာရကို ပိုပြီးတော့ ပြောချင်တယ်။ ပြည်သူတွေရဲ့ နှလုံးသားကို အစိုးရက မြင်အောင် ကြည့်နိုင် ပါမှ ပြည်သူနဲ့ အစိုးရဟာ တထပ်တည်း ကျနိုင်ပါလိမ့်မယ်။ အခုက ပြည်သူတွေရဲ့ ကျနေတဲ့မျက်ရည်ကို လက်ဖမိုးနဲ့ သုတ်တာကို အစိုးရဘက်က တို့ကို အလေးပြုတာလားဆိုတာ မြင်ကောင်းမြင်သွားနိုင်တယ်။ ဒါကြောင့် ဘယ်အစိုးရတက်တက်ပါ၊ ကျနော်တို့နိုင်ငံက ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီ” ဟု ဦးကျော်ဝင်းက ဆိုသည်။

ဆွေးနွေးပွဲတွင် အစိုးရပိုင်းအတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် တချို့ဝန်ထမ်းများသည် အာဏာရှင်စနစ်ကို မပြောင်လဲချင်သော အရာရှိအချို့ ရှိနေသေးကြောင်း ၀န်ကြီး ဦးရဲထွဋ်က ၀န်ခံပြောကြား ခဲ့သည်။

ထို့နောက် အစိုးရအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် အစိုးရပိုင်း အတွင်းမှာလည်း အရာရှိ ၀န်ထမ်းများကို အငြိမ်းစားပေးသည်အထိ ပြုပြင်ပြောင်း လဲမှု များစွာ လုပ်ဆောင်ခဲ့ရကြောင်းကိုလည်း ဦးရဲထွဋ်က ထည့်သွင်း ပြောဆိုခဲ့ သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List