Wednesday, January 14, 2015

‘‘တရုတ်က နောက်ကွယ်မှာ မရှိပါဘူး’’


ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖုန်အားတီနှင့် တွေ့ဆုံမေးမြန်းခြင်း


၂၀၀၉ ခုနှစ်က ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရေစီအဖွဲ့ မဟာမိတ်တပ်မတော် (MNDAA)ကို အစိုးရက စီးနင်းချေမှုန်းခဲ့သည်။ MNDAA ဌာနချုပ်တည်ရှိခဲ့ရာ လောက်ကိုင်မြို့မှာ သံလွင်မြစ် အရှေ့ဘက်ခြမ်း တရုတ်နယ်စပ်နှင့် ကပ်လျက်တည်ရှိသည်။ ယင်းဒေသမှာ အထူးဒေသ (၁)အဖြစ် အစိုးရကသတ်မှတ်ထားသော ဒေသလည်းဖြစ်သည်။  
၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံသည့် ကိစ္စဖြင့် နှစ်ဖက် ကြားဆက်ဆံရေး တင်းမာခဲ့ပြီး MNDAA စစ်ဦးစီးချုပ် လည်းဖြစ်၊အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သည့် ခေါင်းဆောင်ဖုန်ကြားရှင် ၏ နေအိမ်နှင့်အနီးရှိ  ဂိုဒေါင်များတွင်မူးယစ်ဆေးဝါးရှိသည်ဟုဆိုကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂၀၀၉ သြဂုတ်တွင် ၀င်ရောက်စီးနင်းခဲ့သည်။ ထို့နောက် လားရှိုးမြို့ရဲတပ်ဖွဲ့က ဖုန်ကြားရှင်နှင့်အဖွဲ့ကို တရားရုံးရှေ့မှောက် လာရောက်ရန် အမိန့်ပေးခဲ့သည်။ သို့သော် ဖုန်ကြားရှင်က ငြင်းဆန်ခဲ့ပြီး အစိုးရက ဖုန်ကြားရှင်နှင့် သူ၏ညီအပါ အ၀င် အခြားသုံးဦးကို ဖမ်းဆီးရန် ၀ရမ်းထုတ်ခဲ့သည်။ နောက်တစ်ရက်တွင် မူ လောက်ကိုင်၌ လက်နက်စက်ရုံရှိသည်ဟုဆိုကာ အစိုးရတပ်မတော်က ၀င်ရောက်စီးနင်းခဲ့သည်။

ထိုနှစ်သြဂုတ်လအတွင်း နှစ်ဖက်ကြားတိုက်ပွဲများကြောင့် ဒေသခံပြည်သူတစ်ထောင်ခန့် တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နောက်ပိုင်းတွင် ဖုန်ကြားရှင်ထုတ်ပြန်သည့် ကြေညာချက်၌  အစိုးရတပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးရသူ လောက်ကိုင်ဒေသခံပြည်သူနှစ်ရာခန့်ရှိခဲ့သည်ဟုဆိုသည်။ သြဂုတ်လနှောင်းပိုင်းတွင် ဖုန်ကြားရှင်နှင့် သူ၏လက်ကျန်တပ်ဖွဲ့သည် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့ သည်။

ထိုအချိန်မှစ၍ မထင်မရှားရှိနေခဲ့သော၊ မြန်မာစကားမပြောတတ်ဘဲ တရုတ်စကားသာပြောသော ဖုန်ကြားရှင်သည် ၂၀၁၄ ဒီဇင်ဘာနှောင်းပိုင်းတွင် တရုတ်မီဒီယာဂလိုဘယ်လ်တိုင်းမ်သို့ ငါးနှစ်တာအတွင်း ပထမဆုံးအကြိမ်အင်တာဗျူးပေးခဲ့သည်။ ယင်းအင်တာဗျူး၌ ဖုန်ကြားရှင်က သူနှင့် သူ၏သားတို့သည် မြန်မာ အစိုးရတပ်မတော်ကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် MNDAA ကို ဦးဆောင်ထားပြီဟု ဖြေကြားခဲ့သည်။ MNDAA တစ်ကျော့ပြန်လာမှုနှင့်ပတ်သက်၍ သုံးသပ်ချက်အမျိုးမျိုးထွက်ပေါ်လာသည့်အခိုက် ဖုန်ကြားရှင် ၏ သားသမက်လည်းဖြစ်၊ MNDAA ၏ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သည့် ဖုန်အားတီအား 7Day သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ယင်းအနက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- MNDAA က အစိုးရကို ပြန်တိုက်တော့မယ်လို့ ဦးဖုန်ကြားရှင်က ပြောတဲ့အကြောင်း တရုတ်မီဒီယာ ကနေ တစ်ဆင့် မကြာသေးမီက သတင်းထွက်ပေါ်လာပါတယ်။ သံလွင်မြစ်အရှေ့ဘက်ခြမ်းက ကိုးကန့်ဒေ သကို ပြန်တိုက်မယ်ဆိုတာ အမှန်ပဲလား။

ဖြေ- အဲဒီလိုလည်းမဟုတ်ပါဘူး။ နဂိုကတည်းက ကျွန်တော်တို့က အဲဒီလိုပဲ။ ပြန်တိုက်မယ်လို့ပြောမယ့် အစား အိမ်ပြန်တယ်လို့သုံးရင် ပိုအဆင်ပြေမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့နေရာ။ ကျွန်တော်တို့အိမ်ပဲ။ နောင် ကျွန်တော်တို့မရှိတော့ရင်လည်း ကျွန်တော်တို့မျိုးဆက်တွေရဲ့ MNDAA က ဆက်ရှိနေမှာပါ။

မေး- ၂၀၀၉ နှောင်းပိုင်းကာလက MNDAA နဲ့အစိုးရတိုက်ခဲ့တာက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်ပေါ့။ နယ်ခြားစောင့်တပ်လက်မခံလို့ ဆိုတာမျိုးအကြောင်းပြချက်တွေနဲ့ တိုက်ခဲ့ကြတယ်။ အခုအရပ်သားတစ်ပိုင်းဆိုတဲ့ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ချဉ်းကပ်နည်း ပြောင်း သုံးလာနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး KNU အပါအ၀င် အဖွဲ့တွေနဲ့ နှစ်ဖက်အပစ်ရပ်လက်မှတ်တွေထိုးတယ်။  အခုဆိုရင် NCA ထိုးဖို့၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲတွေလုပ်ဖို့ဆိုတဲ့ လမ်းစဉ်ကို သွားနေတယ်လို့ အစိုးရကပြောတယ်။ ဘာကြောင့် အခု MNDAA က လက်နက်ကိုင်ပြန်တိုက်မယ်လို့ လုပ်တာလဲ။ ဆွေးနွေးတဲ့လမ်းကိုသွားဖို့ကောရှိသလား။

ဖြေ- အဲဒီလမ်းစဉ်ကို ကျွန်တော်တို့ အခုလည်းပါနေတာပဲဗျ။ NCCTအနေနဲ့က ကျွန်တော်တို့ နာမည် စာရင်းပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရလို့ ပြောရမှာပေါ့နော်။ သူတို့ စာရင်းထဲမှာ ကျွန်တော်တို့အဖွဲ့ အစည်းက မပါဘူးဖြစ်နေတယ်။ အဲဒါကြောင့်မိုလို့  ကျွန်တော်တို့လည်း လက်မှတ်ထိုးချင်ပါတယ်။ အကယ်၍ NCCTနဲ့ UPWC ပေါ့ဗျာ။ ညှိနှိုင်းမယ်။ ပြီးတော့ NCA ထဲမှာ ပါသင့်တဲ့အချက်အလက်တွေ အားလုံးပါလာပြီ ဆိုရင် ကျွန်တော်တို့လည်း လက်မှတ်ထိုးဖို့ရှိပါတယ်။ အဆင်သင့်ပါ။ အဲဒါထိုးဖို့က နိုင်ငံတော်အစိုးရက လည်း အသိအမှတ်ပြုမှ ရမှာပေါ့ဗျာ။ မဟုတ်ရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့။

မေး- အခုပြန်တိုက်မယ်ဆိုတဲ့ အဓိကအချက်က ဆွေးနွေးခွင့်မရ၊ ပါဝင်ခွင့်မရလို့ အစိုးရရဲ့ဆွေးနွေးဖက် အဖြစ်မပါသေးလို့ ပါချင်တဲ့အတွက်ကြောင့်လား။

ဖြေ- ဆွေးနွေးခွင့်မရတာကြောင့်လည်း နည်းနည်းပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးလိုချင်ပါတယ်။ အဲဒါကြောင့် UNFC မှာလည်း ကျွန်တော်တို့ ပါနေပါတယ်။ ဒါပေမဲ့ တစ်ဖက်ကအစိုးရက ကျွန်တော်တို့အဖွဲ့ ကို အသိအမှတ်မပြုဘူး။ အဲဒါကတစ်ပိုင်းပါ။ အဓိကက ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်နေကြတယ်။ တန်းတူညီမျှမှုမရှိဘူး။ မူးယစ်ဆေးဝါးပြဿနာက တော်တော်ပွနေတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါးသုံးနေကြတယ်။ ဒါတွေကြောင့်ကျွန်တော်တို့ ပြန်ထိန်း ချုပ်ရမယ်။  နောက်ပြီး ကျွန်တော်တို့ကို ပြည်သူက အမြဲဖိတ်ခေါ်နေတာပါ။ ပြည်သူ ၉၀ ရာခိုင်နှုန်းလောက် က ကျွန်တော်တို့ကို ဖိတ်ခေါ်တာ။ တန်းတူမှုတို့ တကယ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နေရာပေါ့ဗျာ။ အဲဒီလိုတွေ အတွက် ပြန်ထွက်ဖြစ်တာပါခင်ဗျ။

မေး- အစိုးရပြောထားတာ အခု NCA ရေးဆွဲဖို့ကို NCCTနဲ့ UPWC လုပ်နေကြတယ်။ ဒီမှာတော့ အားလုံးပါ မှာမဟုတ်ဘူး။ အစိုးရက ဆွေးနွေးဖက်အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့လုပ်မယ်။ ဒါပြီးရင် နောက်လာ မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်နိုင်မယ်။ All Inclusive Political Dialogue လုပ်မယ်ဆို ပြီး ပြောထားတယ်။ အဲဒီအတွက်ကော MNDAA က စောင့်ဖို့မရှိဘူးလား။ အခုလိုအချိန်မှာ ဘာကြောင့် တိုက်တာလဲ။

ဖြေ- All Inclusive ဆိုပေမယ့် ကျွန်တော်တို့ရဲ့ နာမည်မပါဘူးဗျ။ အဲဒါကြောင့်ပါ။ ပြီးတော့လည်း အခုလောလောဆယ်မှာ နိုင်ငံရေးနည်းဗျူဟာအရ သိတဲ့အတိုင်းပဲ တိုက်လိုက်၊ ဆွေးနွေးလိုက်။ ဒီလို ငြိမ်းချမ်းရေးကောင်းကောင်းဆွေးနွေးနေတဲ့အချိန်မှာတောင်မှ၊ NCA ကို ဆွေးနွေးနေတဲ့အချိန်မှာတောင်မှ ကျွန်တော်တို့နဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ KIA ဗိုလ်သင်တန်းကျောင်းကိုတောင် ဘာမှမဆီမဆိုင် ဗုံးခွဲလိုက်သေး တာပဲဗျ။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုနားလည်ရမတုံး။

မေး- MNDAA က မြန်မာ့ပြည်တွင်းစစ်ဇာတ်ခုံပေါ်မှာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ပျောက်ကွယ်နေခဲ့တယ်။ အခုပြန်ပေါ်လာတဲ့ MNDAA ကို အနောက်မှာ UWSA, KIA, TNLA နဲ့ တရုတ်နိုင်ငံက ကျောထောက်
နောက်ခံပြုနေတယ်လို့ တချို့ကပြောကြတယ်။ အဲဒါဟုတ်ပါသလား။

ဖြေ- တရုတ်မဟုတ်ပါဘူး။ ‘၀’၊ TNLAနဲ့က နဂိုကတည်းက မဟာမိတ်တွေပါ။ ကျွန်တော်တို့နဲ့ နဂိုကတည်း က အလုပ်တွဲလုပ်ကြသူတွေပါ။

မေး- ဦးဖုန်ကြားရှင်ရဲ့ အင်တာဗျူးကို တရုတ်မီဒီယာကဖော်ပြလိုက်တဲ့အချိန် မြန်မာနိုင်ငံမှာတရုတ်စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ အဆင်မပြေမှုဖြစ်နေတဲ့အချိန်နဲ့ အချိန်ကိုက်နေတာကိုထောက်ပြီး တချို့က တရုတ်ဟာ MNDAA ကို ၀ှက်ဖဲအနေနဲ့ ထုတ်သုံးတယ်ဆိုပြီး ပြောကြတာရှိပါတယ်။ ဥပမာ မြန်မာစစ်တပ် ပိုင် စီးပွားရေးလုပ်ငန်းနဲ့ တရုတ်ရဲ့ ၀မ်ပေါင်ကုမ္ပဏီပေါင်းလုပ်တဲ့ လက်ပံတောင်းတောင်စီမံကိန်း ပဋိပက္ခဖြစ် တဲ့အချိန်မှာ MNDAAက ပြန်တိုက်မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာက တိုက်ဆိုင်တာလား။ (ဒါမှမ ဟုတ်) တရုတ်က နောက်ကွယ်မှာရှိတာလားဆိုတဲ့ ဝေဖန်ချက်တွေအပေါ် ဘာများတုံ့ပြန်ချင်ပါသလဲ။

ဖြေ- မရှိပါဘူးဗျ။ တရုတ်က နောက်ကွယ်မှာမရှိပါဘူး။ နောက်ပြီး ဒီပြင်နိုင်ငံကို ၀င်စွက်ဖက်ဖို့လည်း သူ့မှာ ပေါ်လစီမရှိပါဘူး။ ကျွန်တော်သိသလောက်ကတော့ပေါ့။ ဒီအပြင်အဖွဲ့ဆိုရင်တော့ ကျွန်တော်တို့ UNFC ထဲလည်း ၀င်ထားတာရှိတယ်ဆိုတော့ အဲဒီမဟာမိတ်အဖွဲ့တွေ ရှိပါတယ်။ ဒါပေမဲ့ တကယ့် ကိုကျောထောက်နောက်ခံဆိုတာကတော့မရှိပါဘူးဗျ။ တရုတ်မဟုတ်ပါဘူး။

မေး- နှစ်တွေကြာသွားပြီးမှ ပြန်တိုက်မယ်လို့ဆိုတဲ့ MNDAA ပြန်ရပ်တည်နိုင်တဲ့နေရာမှာ နယ်မြေချင်း ဆက်စပ်ကပ်လျက်ရှိနေတဲ့ ‘၀’နဲ့ ပူးပေါင်းနေတယ်ဆိုတာတွေကကော အမှန်ပဲလား။

ဖြေ- ‘၀’ကလည်း ကျွန်တော်တို့ကို ကျောထောက်နောက်ခံပေးနေတာမဟုတ်ပါဘူး။ မဟာမိတ်သာ ဖြစ်ပါ တယ်။ သူတို့နဲ့ပတ်သက်ပြီးတော့လည်း ပြန်တိုက်တာမဟုတ်ပါဘူး။ သူတို့အနေအထားက ကျွန်တော်တို့ အနေအထားနဲ့ နည်းနည်းလေးတော့ ကွာတယ်ဗျ။ သူတို့က အခုစစ်တိုက်တာလည်းမရှိဘူး။ နဂိုတုန်းက လည်း ဒီငြိမ်းချမ်းရေးစာချုပ်ဖြစ်တဲ့ Agreement တစ်ခုရထားတာရှိပါတယ်။ အဲဒီအခြေအနေက သိပ်မတူ ဘူးဗျ။

မေး- ၂၀၀၉ တုန်းက အစိုးရတပ်မတော်က ကိုးကန့်ဌာနချုပ်လောက်ကိုင်ကို ၀င်စီးခဲ့တဲ့အချိန်မှာ MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်ဟာ ထိုင်းနိုင်ငံကို တိမ်းရှောင်သွားခဲ့တယ်လို့ဆိုတယ်။ နောက်တော့ တရုတ်ပြည်ထဲမှာ ခိုလှုံနေတယ်လို့ သတင်းတွေကြားရတယ်။ အဲဒါဟုတ်ပါသလား။

ဖြေ- မဟုတ်ပါဘူး။ ထိုင်းကို ရှောင်တာတော့ဟုတ်ပါတယ်။ တရုတ်မှာမဟုတ်ပါဘူး။ နယ်စပ်တစ်နေရာမှာပါ။

မေး- ဦးဖုန်ကြားရှင်က အခုအချိန်မှာ အသက်အားဖြင့် (၈၄)နှစ်လောက်ရှိနေပြီမို့လို့ အစိုးရက ဦးဖုန်ကြားရှင် ကို အဖမ်းအဆီးမလုပ်ဘဲ မြန်မာနိုင်ငံတွင်း ပြန်လာခွင့်ပေးတယ်လို့ တချို့ကပြောနေကြတာဟုတ်ပါသလား။

ဖြေ- အစိုးရကခွင့်ပြုတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်မကြားမိပါဘူး။

မေး- အခုလက်ရှိ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုအပေါ်ကော ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ- နည်းနည်းလေးသုံးသပ်မိသလောက်ကတော့ တပ်မတော်ကနေ NCA ကို ထိုးဖို့များ တကယ့်သန္နိဋ္ဌာန် ချထားရဲ့လား။ ကျွန်တော်သိပ်မမြင်ရသလိုပဲဗျ။ ဆွေးနွေးပွဲတွေ ကြည့်ရင်လည်း နောက်ပြန်ဆုတ်တာတွေ
တွေ့ ရတယ်။ ကျွန်တော် လက်လှမ်းမီသလောက် တွေ့နေရတာပေါ့။ အဲဒီတော့  NCCTတစ်ခုအနေနဲ့ပဲ အရမ်းကြီးလျှော့ပေါ့ညှိနှိုင်းရင်လည်း သဘာဝတော့သိပ်မကျဘူးဗျ။ နဂိုကတည်းက လော်ခီးလာမူနဲ့ လိုင်ဇာ မူလည်းရှိတာပဲ။ အကယ်၍ သူ့အနေနဲ့ ထိုးချင်ရင် ထိုးသင့်တာကြာလှပြီဗျ။

မေး- ပြည်သူလူထုကတော့ ငြိမ်းချမ်းရေးကိုလိုလားပြီး စစ်နဲ့တိုက်ပွဲတွေကို မလိုလားကြပါဘူး။ မြန်မာပြည် တွင်းက ပြည်သူတွေဆီကိုကော ကျွန်မတို့ 7Day သတင်းဌာနကနေတစ်ဆင့် သတင်းစကားပါးချင်တာများ ရှိပါသလား။

ဖြေ- အဓိကက ပြည်သူတွေကိုလည်း ကျွန်တော်တို့က စစ်တိုက်ချင်တာမဟုတ်ပါဘူး။ အဲဒါလေးတစ်ခု ကိုတော့ အမှာစကားပါးချင်ပါတယ်ဗျ။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးကို လိုလားတောင့်တပါတယ်။ အဲဒါကြောင့်လည်း NCCTထဲကို ပါဝင်ခဲ့တာဖြစ်ပါတယ်။

မေး- ဘာများဖြည့်စွက်ပြောကြားချင်ပါသေးသလဲ။

ဖြေ- ကျွန်တော်တို့လည်း စစ်ကိုမလိုလားပါဘူး။ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ သို့သော် တန်းတူညီမျှမှု မရှိဘူး။ အထူးဒေသ(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပေမယ့် တကယ့်လက်တွေ့ကျမဟုတ်ပါဘူး။ ဒါတွေကို အဆင်ပြေအောင် ကိုင်တွယ်သွားမှာပါ။

ကျေးဇူးတင်ပါတယ်ရှင့်။

7Day News Journal

No comments:

Post a Comment

My Blog List