Friday, January 16, 2015

ရမယ်ရှာ လှည့်ကွက်လေလား


ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်ပြုလုပ်ခဲ့သော်လည်း မြင်သာထင်ရှားသော တိုးတက်မှုမရှိခဲ့ သည့် နှစ်တစ်နှစ်ကုန်ဆုံးပြီး ရက်ပိုင်းအတွင်းမှာပင် အစိုးရနှင့် ထိပ်တိုက်တွေ့ဆုံမှု အများဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ပတ်သက်သည့် အငြင်းပွားဖွယ်ရာကိစ္စတစ်ခု ပေါ်ပေါက်လာသည်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း တရုတ်နိုင်ငံသား တစ်ရာကျော်အပါအ၀င် သစ်ခိုးထုတ်သူများ၊ ရာနှင့်ချီသောသစ်တင်ယာဉ်များကို မြန်မာ့တပ်မတော်စစ်ကြောင်းများက လေကြောင်းကင်းထောက်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ဇန်န၀ါရီ ၅ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများထံမှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇောဘုတ်ထန်း လက်မှတ်ရေးထိုးထားသည့် သစ်ထုတ်လုပ်ခွင့်ပြုစာ ကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ကပင် အစိုးရတပ်မတော်နှင့် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကေအိုင်အေအနေဖြင့် သစ်မှောင်ခိုထုတ်လုပ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်မှာ ယခုတစ်ကြိမ်တည်းမကတော့ပါ။ ယခင်နှစ်ဘက်စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည့် ကာလကလည်း အလားတူဖြစ်ရပ်များ ရှိခဲ့ဖူးသည်။

ယမန်နှစ် ဖေဖော်ဝါရီအတွင်းက သမိုင်းတစ်လျှောက် ပထမဆုံးအနေဖြင့် တပ်မတော်မှ သတင်းသမား များကို ရှေ့တန်းစစ်မြေပြင်သို့ လိုက်ပါသတင်းယူခွင့်ပြုခဲ့ပြီး  ကေအိုင်အေထံမှ သစ်မှောင်ခိုဖမ်းဆီးရရှိမှု အခြေအနေကို သက်သေနှင့်တကွ ရှင်းလင်းခဲ့သည်။ ယင်းခရီးစဉ်တွင် နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ မှုကြောင့် ဂျာအိန်ယန်ကျေးရွာတွင် ကေအိုင်အေထံမှ သိမ်းဆည်းရမိခဲ့သော သစ်မျိုးစုံတန်ချိန် လေးထောင် နီးပါးနှင့် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်၊ ကရိန်းကားများကို သတင်းထောက်များအား ပြသကာ ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။

ယင်းကာလမတိုင်မီက မန်စီမြို့နယ်အပါအ၀င် ဒေသအများအပြားတွင် တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် အစိုးရ၏ သတင်းထုတ်ပြန်မှုမှာ ရိုးသားမှုမရှိဘဲ တိုက်ပွဲများဖန်တီးရန် အကြောင်းပြ ချက်ပေးခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်သုံးသပ်မှုများရှိခဲ့သည်။

လက်ရှိကာလသည်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများမှာ လိပ်ခဲတည်း လည်းဖြစ်နေပြီး ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် နှစ် ဖက်ယုံကြည်မှုပျက်ပြားနေချိန်ဖြစ်သည်။ ယင်းအတွက်ကြောင့်ပင် ယခုသစ်မှောင်ခိုကိစ္စမှာ တိုက်ပွဲများအ တွက် အကြောင်းပြချက်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများရှိလာပြီး စောင့်ကြည့်နေကြသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတိုင်းအတာတစ်ခုအထိ အခြေအနေကောင်းလာပါက ပြဿနာတစ်ခုမဟုတ်တစ်ခု ဖြစ် ပွားခဲ့ပြီး တပ်မတော်ဘက်မှလည်း တိုင်းရင်းသားအဖွဲ့အချို့၏ စခန်းများကို သိမ်းယူခဲ့ခြင်းကြောင့် ယင်းကဲ့သို့အခြေအနေကို ဦးတည်သွားသည်ကို ပူပန်ကြောင်း ကချင်အရေးစောင့်ကြည့်သူအချို့က သုံးသပ်သည်။

‘‘သစ်ကိစ္စက အကြောင်းပြချက်ဖြစ်လာပြီး အရင်လိုအခြေအနေမျိုး ဦးတည်မှာပဲ စိုးရိမ်တယ်။ ကျွန်တော်တို့ ကတော့ ငြိမ်းချမ်းရေးအကောင်းဘက်ကိုပဲ ဦးတည်နေတယ်လို့ ယူဆပါတယ်’’ဟု ကချင်ငြိမ်းချမ်းရေးအ ကျိုးဆောင်အဖွဲ့(PCG) မှ ဦးအင်ရှန်ဆန်အောင်ကဆိုသည်။

၂၀၁၄ ဖေဖော်ဝါရီအတွင်းက ကေအိုင်အေအနေဖြင့် သစ်မှောင်ခိုကိစ္စများတွင် ပါဝင်ပတ်သက်နေခြင်းနှင့် စပ်လျဉ်း၍ တပ်မတော်မှ မီဒီယာများအား ရှင်းလင်းခဲ့သည့် အချိန်မတိုင်မီ သုံးလတာကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီအတွင်း ၂၁ ကြိမ်၊ ဖေဖော်ဝါရီမှစ၍ သုံးလတာကာလအတွင်း ၆၈ ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၁၄ အတွင်း တိုက်ပွဲအ ကြိမ်ရေအများဆုံးသည် မေလဖြစ်ပြီး ၃၅ ကြိမ်ဖြစ်ပွားခဲ့သည်။

ယင်းလက်နက်ကိုင်ပဋိပက္ခများတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ၊ ၎င်း၏ မဟာမိတ်အဖွဲ့များနှင့် အကြိမ်ရေအများဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေး စစ်တမ်းများ တွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၄ အောက်တိုဘာမှ ဒီဇင်ဘာအထိ လက်နက်ကိုင်ပဋိပက္ခ ၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေအပါအ၀င် ၎င်း၏မဟာမိတ် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မဟာမိတ်တပ်ပေါင်းစု (FUA)တို့ကြား အများဆုံးပြန်လည်ဖြစ်ပွားခဲ့သည်။ ယခုဇန်န၀ါရီလဆန်း တွင် မြန်မာ့တပ်မတော်က သစ်မှောင်ခိုကိစ္စ သတင်းထုတ်ပြန်ပြီးနောက် ယခင်ကဲ့သို့ ပဋိပက္ခများပြန် လည်ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကဆိုသည်။

ကေအိုင်အေဘက်ကမူ ၎င်းတို့အနေဖြင့် နယ်မြေဖြတ်သန်းခ အခွန်ကောက်ယူခြင်းသာရှိပြီး သစ်ယာဉ်တန်း များမှာ အစိုးရနှင့် ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်နယ်မြေဘက်မှ ၀င်ရောက်နေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ငြင်းဆိုခဲ့သည်။

‘‘အခုလို အကြောင်းပြတာက စားနပ်ရိက္ခာ၊ ဆက်သွယ်ရေးအပါအ၀င် ဖြတ်လေးဖြတ်လုပ်ချင်လို့ အဓိက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ’’ဟု ကေအိုင်အိုအလုပ်အဖွဲ့ပြောခွင့်ရှိသူ ဦးဒေါင်ခါးကဆိုသည်။

ကေအိုင်အေအနေဖြင့် သစ်ခုတ်ခွင့်ပြုမိန့်ပေးခြင်းများ ရှိကောင်းရှိနိုင်သော်လည်း သစ်ခိုးထုတ်မှုအများဆုံး လမ်းကြောင်းများမှာအစိုးရနှင့် ပြည်သူ့စစ်စခန်းအဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ ကေအိုင်အေနယ်မြေသို့ ရောက်ရှိကြောင်း ဦးအင်ရှန်ဆန်အောင်ကထောက်ပြသည်။

တပ်မတော်မှ ထိပ်တန်းအရာရှိတစ်ဦးကတော့ စစ်ကြောင်းများအနေဖြင့် နယ်မြေလုံခြုံရေး လိုက်ပါဆောင် ရွက်ခြင်းသာဖြစ်ပြီး ယခုဖြစ်စဉ်နှင့် ထိုးစစ်ဆင်ခြင်းများ မသက်ဆိုင်ကြောင်း ပြောသည်။

‘‘ဒီကိစ္စနဲ့ရမယ်ရှာပြီး အကြောင်းပြချက်နဲ့ လုပ်မှာမဟုတ်ပါဘူး’’ ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ဖမ်းဆီးရမိသူများထဲတွင် တရုတ်နိုင်ငံသား ရာဂဏန်းပါဝင်သော သစ်မှောင်ခိုဂိုဏ်းကိစ္စမှာ မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီအာဘော် The Global Times သတင်းစာပါ အင်တာဗျူးတစ်ခုနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်းလည်း ထင်မြင်ယူဆမှုများ ရှိနေသည်။

The Global Times က ၂၀၀၉ ခုနှစ်က အစိုးရနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံအတွင်း တိမ်းရှောင် သွားသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်နှင့် အင်တာဗျူးကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။

ဝေဖန်မှုများဖြင့် စိတ်ဝင်စားမှုများပြားခဲ့သော ထိုအင်တာဗျူးတွင် ဖုန်ကြားရှင်က ၎င်းလက်လွှတ်ခဲ့ရသော နယ်မြေများကို ကေအိုင်အေနှင့်ပူးပေါင်း၍ ပြန်တိုက်ယူမည်ဟု ဆိုထားသည်။ ကိုးကန့်အဖွဲ့မှာ ပြီးခဲ့သည့် လပိုင်းအတွင်းက တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ကေအိုင်အေဦးဆောင်သော မဟာ မိတ်တပ်ပေါင်းစု (FUA)တွင် ပါဝင်နေသည်။

နိုင်ငံရေးသုံးသပ်ဆောင်းပါးရှင် စည်သူအောင်မြင့်က ၁၀ နှစ်တာကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် မြန် မာနိုင်ငံမှ သစ်တန်ဖိုးဒေါ်လာခြောက်ဘီလီယံခန့် ခိုးထုတ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်း ကျင်စုံစမ်းရေးအဖွဲ့ကို ကိုးကား၍ ၎င်း၏ဆောင်းပါးတစ်ခု၌ ရေးသားသည်။

‘‘တကယ်တော့ အဲဒီငွေတွေ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်အချို့ကလွဲပြီး ဘယ်သူမှ သိပ်ရတာမဟုတ်ပါဘူး။ အစိုးရကမရသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ရတာတွေကလည်း စစ်လက်နက်ပစ္စည်းနဲ့ စစ်အသုံးစရိတ်တွေထဲပဲ ရောက်သွားတာများပါတယ်’’ဟု ၎င်းကမှတ်ချက်ပြုသည်။

မြန်မာ့တပ်မတော်အနေဖြင့် နှစ်ပေါင်းများစွာ လျစ်လျူရှုထားသော တရုတ်သစ်မှောင်ခိုကိစ္စကို ယခုအချိန်မှ အရေးယူမှုများ ပြုလုပ်ရသည်ကို စဉ်းစားစရာဖြစ်နေပြီး The Global Times အင်တာဗျူး ဖော်ပြခဲ့ခြင်းကြောင့် ဟု ယူဆသူများရှိနေကြောင်း စည်သူအောင်မြင့်ကသုံးသပ်သည်။

သစ်မှောင်ခိုကိစ္စများတွင် ပါဝင်ပတ်သက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည့် ကေအိုင်အေမှာ လတ်တလောအချိန်တွင် အစိုးရတပ်မတော်နှင့် စစ်ရေးတင်းမာမှုအများဆုံး အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားကြီးမားဆုံးဖြစ်ပြီး အဖွဲ့ဝင် ၁၃ ဖွဲ့ပါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

UNFC ၏ လုပ်ရပ်အချို့မှာ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ထုတ်ဖော်ပြောကြားမှုများလည်းရှိ ခဲ့သည်။

ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား လာမည့်ပြည်ထောင်စုနေ့ ဖေဖော် ၀ါရီ ၁၂ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။

လေ့လာသူများ၊ ပြည်သူများ စိုးရိမ်မှုပန်နေသည့် အကြောင်းပြချက်များဖြင့် လက်နက်ကိုင်ပဋိပက္ခများ ပြန် လည်ဖြစ်ပွားပြီး ငြိမ်းချမ်းရေးအလှမ်းမဝေး သွားရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး တွင် တာဝန်ရှိပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List