Tuesday, January 13, 2015

မလေးရှားတွင် တရားမဝင်လုပ်သားများဖမ်းဆီးသည့် ပထမနေ့၌ မြန်မာနှစ်ရာခန့် ပါဝင်ဟုဆို


မလေးရှားနိုင်ငံတွင်တရားမဝင်လုပ်သားများ ဖမ်းဆီး ရေးစီမံချက်စတင်သည့် ပထမနေ့ ၌ တရားမဝင် မြန်မာ လုပ်သား ၆၀ ဖမ်းဆီးခဲ့သည်ဟု မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း အနည်းဆုံး ၂၀၀ ဖမ်းဆီးခံခဲ့ရ သည်ဟု မလေးရှားရောက်မြန်မာများက ပြောသည်။
ထိုသို့ ဖမ်းဆီးမှုများကြောင့် မလေးရှားရောက် မြန်မာ လုပ် သားများ အချင်းချင်း အတူနေ ထိုင်ခြင်း၊ ဖမ်းဆီးမှု သတင်းများ အား အချင်းချင်းလက်တို့ပြောဆို ခြင်း များပြုလုပ်ကြရန်နှင့် စာရွက်စာ တမ်းများမပါဘဲ အပြင် သို့မထွက် ကြရန် မလေးရှားရောက်မြန်မာ များအား လမ်းညွှန်ထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံ ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မနေ့က တရားမဝင်တွေ ဖမ်းဆီးတာ ဟုတ်ပါတယ်။ အဲဒီထဲမှာ မြန်မာတွေ လည်း ပါပါ တယ်။ တရားမ ဝင်တွေဖြစ်လို့ ဖမ်းဆီးခံရတာကိုတော့ မဖမ်းပါ နဲ့လို့ ပြောလို့မရဘူး။ ဒါသူ့နိုင်ငံရဲ့ ဥပဒေပဲ။ အတတ်နိုင်ဆုံး အကာအကွယ်ပေးနိုင်အောင်တော့ သံရုံးအနေနဲ့ လုပ်သွားမှာပါ။

အဖမ်းမခံရအောင် မြန်မာအချင်းချင်း လက်တို့ပြီးပြောဆိုတာတွေ လုပ်ဖို့၊ စာရွက်စာတမ်းတွေ မပါဘဲ အပြင်မထွက်ကြဖို့အတွက် လမ်းညွှန်မှုတွေလုပ်ထား ပါတယ်’’ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ဇန်နဝါရီ ၁၁ ရက်တွင် ရာနှင့်ချီသော မလေးရှားရဲတပ်ဖွဲ့ ဝင်များသည် မလေး ရှားနိုင်ငံ၏ Golden Triangle (မလေးရှားရွှေ တြိဂံ)ဟု ခေါ်ဝေါ်သည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသော နိုင်ငံခြားသားဆိုင်များ အများ ဆုံးရှိရာ ကိုတာရာ ယာမြို့နှင့် မိုင်ဒင်းမြို့တို့ အနီးတွင် ဖမ်းဆီးခဲ့ရာ တရားမဝင်နိုင်ငံခြားသား ၁,၁၉၈ ဦး ဖမ်းဆီးခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ၎င်းတို့ထဲမှ စာရွက်စာတမ်းပြည့်စုံ နေထိုင် မှုမှန်ကန်သူ ၉၈၃ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

နီပေါနိုင်ငံသား ၁၂၀ ဦး၊ မြန်မာနိုင်ငံသား ၆၀ ဦး အပါ အဝင် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံသား ၂၁၅ ဦးတို့ကို တရားမဝင်နေထိုင် မှုဖြင့် ဖမ်းဆီးထားကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

‘‘သူတို့ ထုတ်ပြန်တာ ၆၀ လို့ ပြောတယ်။ တကယ်တော့ ကျွန်တော်တို့ကြား တာကိုပဲ ၂၀၀ လောက်ရှိ ပါတယ်။ တရားမဝင် နေထိုင်တယ်ဆိုပေမယ့် ကိုယ့် နိုင်ငံသားတွေ ဖမ်းဆီးခံရတာ သံရုံးအနေနဲ့ လုပ်ဆောင်ပေးသင့် ပါတယ်။ ပြီးခဲ့တဲ့လကပဲ အင်ဒိုနီး ရှားစစ်တပ်က သူတို့နိုင်ငံသား တွေ အဖမ်းခံရ မှာ ကြောက်လို့ လေယာဉ်နဲ့ လာခေါ်သွားပါ တယ်။ မြန်မာအစိုးရက ဒီလိုမျိုး လုပ်တာတွေမရှိပါဘူး’’ဟု မလေး ရှားရောက်မြန်မာများအား ကူညီ ပေးနေသော ကိုမျိုးညွန့်က ပြော သည်။

‘‘စာရွက်စာတမ်း အပြည့် အစုံရှိလို့ အဖမ်းခံရရင်တော့ ကျွန်တော်တို့ အလုပ်သမားဝန် ကြီးဌာနအနေနဲ့က ချက်ချင်းလုပ် ပေးပါတယ်။ ဖမ်းဆီးခံရတဲ့သူ တွေကို အကာအကွယ်ပေးဖို့က သံရုံးနဲ့ ဆိုင်ပါတယ်။ တရားမ ဝင် နေထိုင်လို့ ဖမ်းတယ်ဆိုတာ သူတို့ဥပဒေပဲ။ ကျွန်တော်တို့က သူတို့ဥပဒေကို ဝင်ရောက်စွက် ဖက်လို့ မရဘူး’’ ဟု မလေးရှား နိုင်ငံဆိုင် ရာ မြန်မာသံရုံးမှ အလုပ် သမားရေးရာသံအရာရှိ ဦးမင်းမင်းဝင်းက ပြော သည်။

မလေးရှားနိုင်ငံတွင် တရား မဝင် နေထိုင်သော နိုင်ငံသားများ ဖမ်းဆီး မည်ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား နေ ရပ်ပြန်ရန် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာနက ၂၀၁၄ နိုဝင်ဘာအတွင်းက ကြေညာထားသည်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာနသို့ အသစ်ရောက် ရှိလာ သော ညွှန်ကြားရေးမှူးသည် နိုင်ငံအတွင်း တရားမ ဝင်နေထိုင် သော နိုင်ငံခြားသား များပြားနေ ခြင်း၊ ပြစ်မှုဆိုင်ရာမှုခင်းများပြား နေခြင်းတို့ကြောင့် တရားမဝင်နေ ထိုင်သူများ ရှင်းလင်းဆောင် ရွက်မည်ဟု ပြောကြား ထားသည်။

မလေးရှားနိုင်ငံတွင် တရား မဝင်နေထိုင်သော မြန်မာနိုင်ငံ သားများ ဒီဇင်ဘာ ၃၁ရက် နောက်ဆုံး နေ ရပ်ပြန်ခြင်းမရှိ၍ ဖမ်းဆီးခံရပါက ထောင်သုံးလ နှင့် ကြိမ်ဒဏ်တစ်ချက်ချမှတ်ခံရ မည်ဟု မလေးရှားအစိုးရက ထပ်မံကြေညာထားသည်။

ကွာလာလမ်ပူမြို့ပေါ်တွင် လည်ပတ်နေသော မြန်မာလုပ်သားများကို မလေးရှားရဲများက ၀ိုင်းဝန်းဖမ်းဆီးနေစဉ် (ဓာတ်ပုံ− Nyo Thet Lwin FB)
7Day Daily

No comments:

Post a Comment

My Blog List