Thursday, January 15, 2015

ဖွဲ့စည်းပုံပြင်ရန်ငြင်းဆန်ပါက ပြုပြင်ပြောင်းလဲရေးနှင့် အလှမ်းဝေးနေမည်



အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရန် ငြင်းဆန်နေပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းသည် ပြည်သူနှင့် အလှမ်းဝေးနေမည်ဟု ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။
ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်တွင် ဇန်န၀ါရီလ (၁၃) ရက်နေ့ ညနေပိုင်းက ပြုလုပ်သည့် ပြည်သူ့ခေတ် စကား ၀ိုင်းတွင် ဦးကိုကိုကြီးက ယင်းကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံရဲ့အားနည်းချက်ကို သိပါလျှက်နဲ့ အမျိုးသား ပြန်လည်သင့်မြတ် ချင်လို့ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းနေမှုဟာ ပြည်သူတွေ နဲ့ တော်တော်လေးနီးစပ်တယ်။ အဲဒီနည်းနဲ့ လှုပ်ရှားမှုကို စစ်တပ်ကနေပဲဖြစ်ဖြစ် လွှတ်တော်ကနေပဲဖြစ်ဖြစ် ဖွဲ့စည်းပုံပြင်ဆင်ဖို့ ငြင်းဆန်မယ်ဆိုရင်တော့ အဲဒီလှုပ် ရှားမှု ဟာ ပြည်သူနဲ့ တော်တော်ဝေးတဲ့ လှုပ်ရှားမှုပါပဲ” ဟု ဦးကိုကိုကြီးက ပြော သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ ၏ နိုင်ငံရေး ၊စီးပွားရေးနှင့် လူ မှုရေး ကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ အတိုက်အခံ အင်အားစုများမှ ပြင်ဆင်ရန် တိုက်တွန်းတောင်း ဆို နေကြခြင်းဖြစ်သည်။

ယင်းသို့ တောင်းဆိုနေမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ယခုအစိုးရ လက်ထက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက် ပြီး ဖြေရှင်း၍ ရနိုင် သည့် ပြဿနာများကို ဖြေရှင်းသွားမည်ဖြစ်ပြီး ဖြေရှင်းမရသည့် ပြဿနာများကို အသစ်တက် လာမည့် အစိုးရလက်ထက်တွင် ဖြေရှင်းနိုင်ရန် အခြေခံ အုတ်မြစ်များ ချမှတ်သွားမည် ဖြစ်ကြောင်း ပြော သည်။

 “ကျွန်တော်တို့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခြောက်ပစ်ကင်း သဲလဲစင်လို့ ကျွန်တော်တို့ လက်မ ခံပါ ဘူး”ဟု ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၄ခုနှစ် နှစ်ကုန် ပိုင်းတွင် ပြည်သူ့လွှတ်တော်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်ရောက်မှသာ ပြင်ဆင် သွားမည်ဟု ပြောထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၃၆)ပြင်ဆင်ရေးအတွက် လူထု ဆန္ဒသဘောထား ကောက်ယူခြင်းကို ၂၀၁၄ ခုနှစ်အတွင်း လုပ် ဆောင်ခဲ့ရာ ပြည်သူ ငါးသန်းက ပြင်ဆင်ရေးအတွက် ဆန္ဒသဘောထား ပေးခဲ့ကြသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List