Thursday, January 15, 2015

လူ့အခွင့်အရေးကိစ္စ မြန်မာဘက်က ဆက်ကြိုးစားရမယ့်အရာဟု ဝန်ခံ


မြန်မာ့လူ့အခွင့်အရေးအခြေအနေအပေါ် နိုင်ငံတကာက မေးခွန်းထုတ်နေချိန်၊ ရွေးကောက်ပွဲနီးကပ်လာနေပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အစိုးရက ဟန့်တား ဖမ်းဆီးအရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်လာချိန်မှာ လူ့အခွင့်အရေးကိစ္စက ဆက်ပြီးကြိုးပမ်းသွားရမယ့်အရာတွေပါလို့ ဇန်နဝါရီ ၁၄ရက်နေ့မှာ စတင်ကျင်းပတဲ့ ဒုတိယအကြိမ်အမေရိကန်-မြန်မာလူ့အခွင့်အရေးဆွေးနွေးပွဲမှာ မြန်မာအစိုးရက ဝန်ခံပြောဆိုခဲ့ပါတယ်။
၂ဝ၁ဝမတိုင်ခင် မြန်မာပြည်လူ့အခွင့်အရေးအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် အခုအချိန်မှာ ကလေးစစ်သား၊ အဓမ္မအလုပ်ကြမ်းခိုင်းစေမှုနဲ့ နိုင်ငံရေး အကျဉ်းသားလွှတ်ပေးမှုတွေမှာ တိုးတက်မှုရှိခဲ့ပေမယ့် အားနည်း ချက်တွေ ရှိနေတုန်းမို့ လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်းစဉ်ဟာ နိုင်ငံတော် ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ကြိုးစားနေဆဲဖြစ်ပါတယ်လို့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်က ကမာရွတ်မီဒီယာကို ပြောပါတယ်။

နေပြည်တော် Park Royal ဟိုတယ်မှာ ၂ရက်ကြာကျင်းပနေတဲ့ မြန်မာ-အမေရိကန်လူ့အခွင့်အရေး ဆွေးနွေး ပွဲမှာ နိုင်ငံရေးအကျဉ်းသားနဲ့ အခြား အကျဉ်းသားတွေကို ခွဲခြားတဲ့စံနှုန်းတွေကို ဆွေးနွေးခဲ့သလို မြန်မာ စစ်တပ်ကို Professional တပ်မတော်ဖြစ်လာဖို့၊ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်းနဲ့အလွတ်သတင်းထောက် ကိုပါကြီးကို သတ်ဖြတ်မှုတွေကို စုံစမ်းနေဆဲတွေ ဆွေးနွေးသွားမှာဖြစ်တဲ့အကြောင်း၊ နှစ်ဖက်ကြား ဘုံသဘောတူညီချက်ကို မှန်မှန်ကန်ကန် အဖြေရှာနိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်းမှာ အားထုတ်ရမယ့်အပိုင်းတွေရှိနေချိန် တစ်ဖက် က ဝေဖန်ထောက်ပြမှုအတွက် ကျေးဇူးတင်သလို ချိုးဖောက်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ပိုပြီး သဘောပေါက်နားလည်လာတာကြောင့် တစ်ကြိမ်၊ နှစ်ကြိမ်ဆွေးနွေးရုံနဲ့ မဟုတ်ဘဲ ဆက်ပြီးတွေ့
ဆုံဆွေးနွေးနေဖို့လိုတယ်ဆိုတာ နှစ်ဖက်စလုံးကို သဘောတူကြတယ်လို့ ဦးသန့်ကျော်ကပြောပါတယ်။

၂ဝ၁၂ အောက်တိုဘာမှာ ပထမဆုံးအကြိမ် မြန်မာနဲ့အမေရိကန်လူ့အခွင့်အရေး ဆွေးနွေးပွဲ စတင်ခဲ့ပြီး အခု တစ်ကြိမ် ဒုတိယမြောက် ဆွေးနွေးမှုမှာတော့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အတူ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးကျွမ်းကျင်သူပညာရှင်တွေ စုစုပေါင်း ၃ဝကျော်တက်ရောက်ခဲ့သ လို မြန်မာဘက်ကလည်း နိုင်ငံခြားရေး၊ သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးနဲ့ တပ်မတော်အရာရှိတွေ စုစုပေါင်း ၄ဝလောက် တက်ရောက်ခဲ့ပါတယ်။

Kamayut Media

No comments:

Post a Comment

My Blog List