Monday, January 12, 2015

ဝမ်ပေါင်က စည်းရိုးခတ်ခံ မြေယာများရှိ သီးနှံများအတွက် လျော်ကြေးပေး


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း လျော်ကြေးမယူသည့် မြေယာများ၌ စိုက်ပျိုးထား သည့် သီးနှံများအတွက် ၀မ်ပေါင်ကုမ္ပဏီက ယနေ့တွင် လျော်ကြေးငွေ စတင်ပေးနေကြောင်း သိရသည်။ ၀မ်ပေါင်ကုမ္ပဏီ ၏ ပြောရေးဆိုခွင့်ရှိသူ Mr Dong Yunfei က “ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင် (မြောက် ၊တောင်၊အလယ်) ကျေးရွာတွေနဲ့ တုံရွာ အပါအ၀င် ဆယ်ရွာလောက်ကို ခြံစည်းရိုးခတ်တဲ့ အထဲက သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ အကြောင်းကြား ထားပြီးသားပါ။ သီးနှံအတွက် လျော်ကြေး သတ်မှတ်တာက အစိုးရ ပိုင်းက ဆောင်ရွက်ပေးတာပါ” ဟု ဧရာဝတီကို ပြောသည်။
ဝမ်ပေါင်ကုမ္ပဏီက သီးနှံလျော်ကြေးပေးရန် အတွက် ကျေးရွာများ၏ အုပ်ချုပ်ရေး ပိုင်းများကို အကြောင်းကြား ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီမှ ပေးသည့် သီးနှံလျော်ကြေးများမှာ နေကြာ တဧကလျှင် ကျပ်၂ သိန်း ၃ သောင်းကျော်၊ ကုလားပဲ တဧကလျှင် ကျပ် ၃ သိန်း၂ သောင်းကျော်၊ စပါး တဧကလျှင် ကျပ် ၄ သိန်း ၁ သောင်းကျော်၊ ဂျုံတဧကလျှင် ကျပ် ၃ သိန်း ၄ သောင်းကျော်၊ ပဲစင်းငုံ တဧကလျှင် ကျပ် ၄ သိန်း ၂ သောင်းကျော်၊ ပဲတီစိမ်း တဧကလျှင် ကျပ် ၅ သိန်း ၁ သောင်းကျော် အပါအ၀င် ခရမ်းချဉ် တဧကကျပ်သိန်း ၃၀ ကျော်နှင့် ကြက်သွန် တဧကလျှင် ကျပ် ၁၇ သိန်းကျော် စသည့် သီးနှံလျော်ကြေးငွေများ ပေးထားကြောင်း သိရသည်။

လက်ရှိဝမ်ပေါင် ကုမ္ပဏီမှပေးရန် သတ်မှတ်ထားသည့် သီးနှံလျော်ကြေးများသည် စိုက်ပျိုးမှု အနည်းဆုံး ဖြစ် သည့် သီးနှံများအတွက် ငွေကြေးသိသိသာသာ အများဆုံး ပေးထားပြီး တကယ်စိုက်ပျိုးသည့် သီးနှံများ အတွက် လျော်ကြေးငွေ သည် လုံလောက်သော ပမာဏမရှိကြောင်း ဒေသခံ တချို့က ဆိုသည်။

“ကျနော်တို့ ဒေသမှာက ပဲစင်းငုံ၊ နှမ်း၊ ပြောင်း၊ ကုလားပဲ၊ နေကြာကို အများဆုံး စိုက်ကြတယ်။ ခရမ်းချဉ်၊ ကြက်သွန်စိုက်တယ် ဆိုတာ တဆယ်ရာခိုင်နှုန်းအောက်လောက်ပဲ ရှိတယ်။ ကြက်သွန် စိုက်တာက တရာခိုင်နှုန်းတောင် မရှိဘူး။ တကယ်စိုက်ပျိုးတဲ့ သီးနှံတွေရဲ့နှုန်းက အရမ်းနည်းပြီး မစိုက်ပျိုးတဲ့ သီးနှံနှုန်းတွေက လျော်ကြေးပေးတာ များနေတယ်” ဟု တုံရွာဒေသခံ ကိုမင်းမင်းက ပြောသည်။

သို့သော် စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် တုံရွာမှ တောင်သူအများစု က ၀မ်ပေါင်ကုမ္ပဏီ၏ သီးနှံလျော်ကြေးများကို သွားရောက်ထုတ်ယူခြင်း မလုပ်ကြကြောင်း တုံရွာဒေသခံများက ပြောသည်။

“မြေယာလျော်ကြေးကိစ္စ ဖြေရှင်းပြီးမှသာ သီးနှံလျော်ကြေး ထုတ်ယူဖို့ ဒီနေ့အကြောင်းပြန်လိုက်ပါ တယ်။ တောင်သူ တရာလောက်တော့ သွားထုတ်ကြ တယ်။ တောင်သူနှစ်ရာကျော်လောက်က ကျနော်တို့နဲ့ သဘောထား တူကြတယ်။ သွားမထုတ်ကြဘူး” ဟု ကိုမင်းမင်းက ပြောသည်။

မိုးကြိုးပြင် မြောက်ရွာနှင့် ဆည်တည်းကျေးရွာမှ တောင်သူများ အနေဖြင့် သီးနှံများကို လျော်ကြေးပေးခြင်းနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း သိရသည်။

“ကျမတို့တော့ မသိသေးပါဘူး။ ကျမတို့ကိုလည်း အကြောင်းလာ မကြားသေး ပါဘူး။ ခြံစည်းရိုးခတ်တဲ့ အထဲမှာတော့ ဆည်တည်းကျေးရွာက အများဆုံး အခတ်ခံထား ရပါတယ်။ ဧကပေါင်း ၁၂၀၀ လောက် ရှိပါတယ်” ဟု ဆည်တည်းကျေးရွာ ဒေသခံ မ၀င်းဌေးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ရက်က လက်ပံတောင်းတောင်တွင် ၀မ်ပေါင်ကုမ္ပဏီ က လျော်ကြေးရယူထားခြင်း မရှိသော လယ်မြေများပေါ်တွင် ၀င်ရောက်၍ ခြံစည်းရိုးခတ်ရာမှ ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ် ဖွဲ့၏ ပစ်ခတ်အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၉ ဦးခန့် သေနတ်ထိ မှန်ပြီး လူ ၄၀ နီးပါးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List