တည်ငြိမ်မှုပျက်ပြားနေသည့် ဆီးရီးယားနိုင်ငံသည် စစ်သွေးကြွများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် အင်အားစုစည်းနိုင်မည့် အခွင့်အရေးရမည့် နေရာဖြစ်လာနိုင်သည့်အခြေအနေကို လျှော့တွက်မိခဲ့ ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဒေသတွင်းတပ်ဖွဲ့များက အီရတ်နယ်မြေအတွင်းမှ တိုက်ထုတ်ခဲ့သည့် အယ်လ်ကိုင်ဒါ များသည် ဆီးရီးယားတွင် သွားရောက်စုစည်းမိကာ IS အစ္စလာမ္မစ်စစ်သွေးကြွ အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဂျင်ကလတ်ပါက သူတို့အနေနဲ့ ဆီးရီးယားမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လျှော့တွက်မိခဲ့တယ်လို့ ပြောပါတယ်” ဟု အိုဘားမားက သတင်းဌာနသို့ ပြောကြားခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် စစ်သွေးကြွများအား တိုက်ခိုက်ရန် ၎င်းတို့က လေ့ကျင့်ပေးထားသည့် အီရတ်တပ်ဖွဲ့များ၏ အရည်အချင်း သို့မဟုတ် စိတ်ဓာတ်ပိုင်းနှင့်ပတ်သက်၍ ပိုမိုခန့်မှန်းတွက်ချက်မိခဲ့မှု ရှိ၊မရှိအား မေးမြန်းမှုအပေါ် သမ္မတ အိုဘားမားက ယင်းကဲ့သို့ တွက်ဆမိခဲ့ကြောင်း ပြောကြားသည်။
IS အဖွဲ့မှ ၀ါဒဖြန့်ချိသူများသည် လူမှုမီဒီယာအသုံးပြုမှုတွင် အလွန်ကျွမ်းကျင် သူများဖြစ်ကြပြီး ၎င်းတို့၏ ဘာသာရေးစစ်ပွဲအား လက်ခံမထားကြသည့် ဥရောပ၊ အမေရိကနှင့် သြစတြေးလျအပြင် မွတ်စလင်နိုင်ငံများမှ လူသစ်များကိုပင် စုဆောင်းနိုင်ခဲ့ကြကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
“အီရတ်တပ်ဖွဲ့တွေအနေနဲ့ သူတို့နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းဖို့ ကျွန်တော်တို့အနေနဲ့ ကူညီပေးနေပါတယ်။ ဒါပေမယ့် IS အဖွဲ့ဟာ အကြမ်းဖက်ကွန်ရက်တစ်ခုအဖြစ် သာမကဘဲ နယ်မြေတွေကို သိမ်းပိုက်ဖို့ လုပ်ဆောင်နေပြီး စစ်တပ်ကြီးတွေရဲ့ နည်းဗျူဟာတွေကို ကျင့်သုံးနေပါတယ်” ဟု အိုဘားမားက ပြောကြားသည်။
Ref:AFP
Mizzima - News in Burmese
No comments:
Post a Comment