စက်တင်ဘာ ၂၉ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအေးမြင့်မောင်က ဖြေကြားစဉ်ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ခွင့် ရယူထားပြီး သတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းရှင် ၄၆၂ ဦး၏ ဧကပေါင်း ငါးသိန်းကျော်ကို ပြန်လည်သိမ်းဆည်း ခဲ့ကြောင်း သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။
စက်တင်ဘာ ၂၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဦးစတီဗင်သာဘိတ် မေးမြန်းသည့် ပုဂ္ဂလိက အဖွဲ့အစည်း၊ ကုမ္ပဏီများမှ ကျွန်း၊ သစ်မာနှင့် အခြားသစ်ပင်များ စိုက်ပျိုးရန် လျှောက်ထားမှုအပေါ် လုပ်ငန်းလိုင်စင်ရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိစစ်ဆောင်ရွက်ထားမှုအခြေ အနေကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ယခုလိုဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပုဂ္ဂလိကစိုက်ခင်း စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသူများက အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်ခြင်းမရှိကြောင်း၊ မြေနေရာဦးပြီး အခြား နည်းလမ်းဖြင့် ပြောင်းလဲအသုံးချခြင်း၊ မြေငှားရမ်းခများကို အချိန်ကာလအလိုက် ပေးသွင်းမှုမရှိခြင်းများကြောင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်လိုသူများအတွက် မြေအသုံးချမှုအခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိကြောင်း၊ ခွင့်ပြုထားသည့်ပမာဏနှင့် ကာလအတိုင်း စိုက်ပျိုး လုပ်ကိုင်ခြင်းမရှိသည့်မြေနေရာများအား ပြန်လည်အပ်နှံရန် အသိပေးကြေညာခဲ့ကြောင်း၊ သတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်လုပ်ကိုင်ခြင်း မရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင် ၄၆၂ ဦး၏ ဧရိယာ ၅၂၈၈၆၄ ဧကကို ပြန် လည်သိမ်းဆည်းခဲ့ကြောင်း ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျွန်း၊ သစ်မာနှင့် စက်မှုကုန်ကြမ်းစိုက်ခင်း ၂၇၆၇၁၆၅ ဧက တည် ထောင်ရန် လျှောက်ထားသူ ၁၇၉၂၈ ဦးရှိကြောင်း၊ ယင်းတို့အနက်မှ သတ်မှတ်ချက်များနှင့် ညီညွတ်သည့် ၁၆၉၈၆ ဦးအား ဧက ၁၂၁ဝဝ၃၉ ဧက ခွင့်ပြုပေးခဲ့ကြောင်း၊ ကျန်သည့် လျှောက်ထားသူများကို စိစစ်နေဆဲ ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
လုပ်ငန်းရှင်အချို့ လျှောက်ထားသည့် ဧက ၇ဝ၃၄၈၈ သည် အရေးကြီး ဆည်၊ တမံ၊ ရေဝေရေလဲဧရိယာ အတွင်း ကျရောက်နေခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျရောက်နေခြင်း၊ သစ်တောဖုံးလွှမ်း မှုကောင်းမွန်ခြင်း၊ ဌာနမှခွင့်ပြုပေးနိုင်သည့် ပမာဏထက် ကျော်လွန်နေခြင်း၊ လုံခြုံရေးအကန့် အသတ်ရှိ သည့်မြေနေရာအတွင်း ကျရောက်နေခြင်းများကြောင့် ခွင့်ပြုပေးနိုင်ခြင်း မရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီးကပင် လက်ရှိတွင် ပုဂ္ဂလိကစိုက်ခင်း တည်ထောင်ခွင့်လျှောက် ထားခြင်း၊ စိစစ်တင်ပြခြင်း၊ ခွင့်ပြုပေးခြင်းများကို အွန်လိုင်းမှ ဆောင်ရွက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ မြေနေရာလုပ်ကိုင်ခွင့် ခွင့်ပြုချက် ရရှိရေးလုပ်ငန်းစဉ်များကို လျှော့ချနိုင်သည့် လုပ်ငန်းအဆင့်များကို လျှော့ချဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း ပြောကြားသည်။
သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင်၊ အသေးစား၊ အလတ်စား စီးပွားရေးအသွင်ဖြင့် ပုဂ္ဂလိကစိုက်ခင်းတည်ထောင်လိုသူများအား ကျွန်းစိုက်ခင်း အတွက် ဧက ၅ဝဝ၊ သစ်မာမျိုးစုံစိုက်ခင်းအား ဧက ၁ဝဝ၊ ရော်ဘာနှင့် ဆီအုန်း စက်မှုစိုက်ခင်းများအား ဧက ၂ဝဝ အထိ နှစ်ရှည်မြေငှားရမ်းသည့်စနစ်ဖြင့် စိုက်ပျိုးခွင့်ပြုထားသည်။
Eleven Media Group
No comments:
Post a Comment