ဂါဇာစစ်ပွဲသည် အစ္စရေး၏ လူမဆန်သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ရပ်အဖြစ် ပါလက်စတိုင်းသမ္မတ မာမွတ်အဘက်စ်၏ စွပ်စွဲပြောဆိုမှုကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ငြင်းဆန်ခဲ့သည်။ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အဘက်စ်က အစ္စရေး၏ ဂါဇာအပေါ် ကျူးလွန်သော လုပ်ရပ်သည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု တစ်ရပ်အဖြစ် စွပ်စွဲ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတို့ အနေဖြင့် ဂျူးလူမျိုးများအပေါ် သန်းနှင့်ချီ သတ်ဖြတ်ခဲ့ရာ “အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု”ဆိုသော စကားလုံးသည် ယနေ့ခေတ် ဂျူးနိုင်ငံဖြစ်သော အစ္စရေးအတွက် နာကျင်စရာ လှုံ့ဆော်မှုလည်း ဖြစ်နေသည်။
နာတန်ယာဟူသည် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာ (၂၈) ရက်က အစ္စရေးမှ နယူးယောက်သို့ ထွက်ခွာသွားပြီး ယင်းခရီးစဉ် မတိုင်မီကတည်းက အစ္စရေးအပေါ် စွပ်စွဲချက်များကို ဖြေရှင်းသွားမည် ဟု မီဒီယာများထံ အသိပေး ပြောကြားသွားခဲ့သည်။
အဘက်စ်က “ဒီနှစ်ဟာ ကုလသမဂ္ဂက ပါလက်စတိုင်း ပြည်သူတွေအတွက် နိုင်ငံတကာက စည်းလုံးညီညွတ်မှုကို ပြသတဲ့ နှစ်အဖြစ် ရည်ရွယ် သတ်မှတ်ခဲ့တယ်။ အစ္စရေးကတော့ ဒီနှစ်ကို စစ်ပွဲတစ်ပွဲ ဖန်တီးပြီး ပါလက်စတိုင်း ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ်”ဟု အဘက်စ်က ကုလသမဂ္ဂ ဌာနချုပ်တွင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက စွပ်စွဲပြစ်တင်သွားသည်။
စက်တင်ဘာ (၂၉)ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောရန် စီစဉ်ထားသည့် နာတန်ယာဟူက အဘက်စ်၏ စွပ်စွဲချက်ကို တုံ့ပြန်သွားမည်ဟု ဒေါသတကြီး အတည်ပြုခဲ့သည်။ “ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျွန်တော်တို့ကို ဦးတည်ခဲ့တဲ့ မုသားစကားတွေကို ကျွန်တော် ငြင်းဆိုသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ရပ်တည်မှု အမှန်တရားကို ထုတ်ပြောမယ်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က စစ်သည်တွေရဲ့ သူရဲကောင်း ပီသမှုကို အသိပေးမယ်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာ ကိုယ်ကျင့်တရားအပြည့်ဝဆုံး တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်”ဟု နာတန်ယာဟူက နယူးယောက် ခရီးစဉ် မတိုင်မီ ပြောကြားသွားသည်။
ဩဂုတ်လ (၂၆)ရက်က ပြီးဆုံးခဲ့သည့် ရက်ပေါင်း(၅၀)ကြာ ဂါဇာစစ်ပွဲတွင် အစ္စရေးသည် ဟားမားစ် စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွယ်သည့် စစ်ရေးပစ်မှတ်များကို လေကြောင်းမှ အကြိမ်ပေါင်း ထောင်နှင့်ချီ တိုက်ခိုက်ခဲ့သလို အစ္စရေး ခြေလျင်တပ်များကလည်း ဂါဇာသို့ ထိုးဖောက် ဝင်ရောက်ခဲ့သည်။ အစ္စရေး ပိုင်နက်ဘက်သို့ ဟားမားစ် ဒုံးကျည်များ ရန်စပစ်ခတ်ရာမှ အစပြုသော စစ်ပွဲအတွင်း အရပ်သားအများစု အပါအဝင် ပါလက်စတိုင်း (၂၁၀၀)ကျော် သေဆုံးပြီး အိမ်ခြေ (၁၈၀၀၀)ကျော် ပျက်စီးခဲ့သည်။ အစ္စရေးဘက်ကမူ စစ်သား(၆၆)ဦး ကျဆုံးပြီး အရပ်သား(၆)ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။
Ref: Nationalpost News
7Day News Journal
No comments:
Post a Comment