Friday, October 03, 2014

ယာယီနိုင်ငံသား လက်မှတ်ဖြင့် မဲပေးခွင့်မရှိ ပါတီများကိုလည်း ကော်မရှင်စိစစ်တော့မည်



ဒုတိယအကြိမ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ယာယီနိုင်ငံသား ကတ် (အဖြူ ကတ်) ဖြင့် မဲပေးခွင့်မရှိတော့ဘဲ နိုင်ငံသားမဟုတ်သူများ ပါဝင်နေသည့် ပါတီများကိုလည်း ပြန်လည်စိစစ်မည်ဟု
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင် က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။
လွှတ်တော်က ပြန်လည် ပြင်ဆင်ထားသည့် မှတ်ပုံတင်ခြင်း ဥပဒေကို စက်တင်ဘာ ၃၀ ရက်စွဲဖြင့် သမ္မတ က လက် မှတ်ထိုးထုတ်ပြန်ခြင်း ဖြစ်သည်။

ပါတီထောင်ခွင့်ရှိသူကို မူလက “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ သို့မဟုတ် ယာယီသက် သေခံ လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း” ဟု သတ်မှတ်ထားသည်ကို “နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ” ဟု ပြောင်းလဲလိုက်သည်။ ထို့ပြင် အဖြူရောင်ကတ် ကိုင်ထားသူတို့လည်း မဲပေးခွင့်မရှိပေ။

ယင်းကြောင့် အဆိုပါဥပဒေနှင့် အညီ နည်းဥပဒေ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် ကော်မရှင်က စီစဉ်နေပြီ ဖြစ်သည်။ သို့သော် နည်းဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်၊ စိစစ်ရေးလုပ်ငန်းများ စတင်မည့်အချိန်နှင့် လက်ရှိတွင် နိုင်ငံသားမဟုတ် သူများ ပါဝင်နေသည့် ပါတီမည်မျှရှိသည်တို့ကိုမူ ထုတ်ဖော်ပြောဆို လိုခြင်းမရှိဟု ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး လည်းဖြစ်သူ ဦးသောင်းလှိုင် က ပြောသည်။

“ဥပဒေနဲ့မညီ သူတွေကို အစားထိုးတာတို့ လဲလှယ်တာတို့ လုပ်ခိုင်းမယ်။ အဲဒီအတွက်တော့ ဥပဒေပါ အတိုင်း ပါတီတွေ ကို အချိန်တစ်ခုအတွင်း လုပ်ခိုင်းမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တရားဝင်မှတ်ပုံ တင်ချထားပေးသည့် ပါတီပေါင်း ၆၇ ပါတီ ရှိနေပြီး ၎င်းတို့နှင့် အောက်တိုဘာ၊ နိုဝင်ဘာလအတွင်း တွေ့ဆုံအသိပေး သွားမည်ဟုလည်း ပြောသည်။

အစ္စလာမ်ဘာသာဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးမာမောက်ဆော်လိမ်ကမူ အဖြူရောင်ကတ် ကိုင်ဆောင်သူများ နိုင်ငံသား အခွင့်အရေး ရသင့်သည်ဟု ဆိုသည်။

“ပြင်လိုက်တဲ့ ဥပဒေအရ ပါတီတွေကို ပြန်စိစစ်မှာတို့ ဘာတို့တော့မသိဘူး။ ဒါပေမဲ့ အဖြူကတ်တွေကို ကိုင်ထားတဲ့ သူတွေဆိုတာလည်း မြန်မာနိုင်ငံသားတွေပါပဲ။ မောင်တောနဲ့ သန်လျင်က အစ္စလာမ်ဘာသာဝင် တွေကို ၁၉၅၄ ခုနှစ်မှာ အစိုးရက အဖြူရောင်ကတ်တွေ လုပ်ပေးခဲ့တာပါ” ဟု မဇ္ဈိမကိုပြောသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင် ကမူ ပြင်ဆင်လိုက်သည့် ဥပဒေ ပါ စကားရပ် အချို့သည် အဓိပ်္ပာယ်တိကျမှုမရှိဟု ဝေဖန်သည်။

၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ မွေးရာပါ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ဥပဒေအရ ခွင့်ပြုသည့် နိုင်ငံသား၊ ယာယီနိုင်ငံ သားဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ယင်းကြောင့် ပြင်ဆင်ထားသည့် နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်း ဥပဒေပါ မဲပေးခွင့်ရှိသူ သတ်မှတ်ချက်တွင် “နိုင်ငံသားဖြစ်ခြင်း” ဟု ရေးသားထားခြင်းသည် တိကျရေရာမှုမရှိဟု ဦးအေးသာ အောင် က ပြောသည်။

“အခုပြင်တဲ့ အတိုင်းဆိုရင် အဖြူ ရောင်ကတ်ကိုင်သူတွေကိုပဲ ပယ်လိုက်သလိုဖြစ်တဲ့အတွက် ဥပဒေအရ ခွင့်ပြုတဲ့ နိုင်ငံသားတွေ တိုးလာနိုင်တယ်။ အဲဒါကြောင့် အခုမြေပုံမြို့မှာ ဆန္ဒဖော်ထုတ်တာတွေ ဖြစ်နေတာ၊ အာဏာလိုချင်တာနဲ့ ပါတီအနိုင်ရရေး တစ်ခုတည်းအတွက် မကြည့်ဘဲ ပြည်ထောင်စုအရေး အမျိုးသားအမြင်နဲ့ ကြည့်ပြီး ဥပဒေကိုသေချာ လုပ်သင့်တယ်” ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List