Wednesday, October 01, 2014

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အပြစ်တင်မစောရန် နိုင်ငံခြားရေးဝန်ကြီးပြော



ရခိုင်ပြည်နယ်ရှိ လူ့ အသိုင်းအ၀ိုင်းနှစ်ခုကြား ပဋိပက္ခများကို ကျော်လွှားနိုင်ရန် မြန်မာအစိုးရက အထူးအာရုံစိုက်ကြိုး ပမ်းနေချိန်တွင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အစိုးရကို အပြစ်တင်မစောဘဲ လက်တွေ့ကျကျအဖြေရရှိရေး ကိုသာ ကူညီဆောင်ရွက်သင့်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးကပြောကြားသည်။
ရခိုင်ပြည်နယ်၏ သမိုင်း၊ ကွဲပြားခြားနားမှုနှင့် နက်နဲရှုပ်ထွေးမှုများကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေဖြင့် အပြည့်အ၀ နားလည်ရန်လိုပြီး ဖြစ်စဉ်ကို သာမန်ကာလျှံကာ မရှုမြင်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က ဆက်လက်ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက်က (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ တစ်နှစ် တာအတွင်း ပြောင်းလဲတိုးတက်မှုများကို ကြေညာချက်တင်သွင်းရာ၌ ဦးဝဏ္ဏမောင်လွင်က ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ညီလာခံတွင် မြန်မာအစိုးရ က ကြေညာချက်မတင်သွင်းမီ စက်တင်ဘာ ၂၇ရက်တွင် ပြုလုပ်ခဲ့ သော မြန်မာ့မိတ် ဖက်နိုင်ငံများ အဖွဲ့အစည်းအဝေး၌ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ် ပဋိပက္ခမှာ ပြုပြင်ပြောင်း လဲရေးကို ထိခိုက်စေပြီးဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ကို ပြည့်စုံအောင်ဆောင်ရွက်သင့်ကြောင်း အလေးထား တိုက်တွန်းခဲ့သည်။

‘‘ဒီပြဿနာအရင်းခံကို ဖြေ ရှင်းဖို့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွက် အခြေခံအကျဆုံးစိန်ခေါ်မှုဟာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်တဲ့အတွက် ဒီကိစ္စမှာလည်း နိုင်ငံတကာက အကူအညီများပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်’’ဟု ၎င်းကပြောကြားသည်။

ဦးဝဏ္ဏမောင်လွင်က ရခိုင်ဒေသအရေးအပြင် တစ်ကမ္ဘာလုံးကအာရုံစိုက်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှ င့် ၂၀၁၅ ရွေးကောက်ပွဲအခြေအနေ တို့ကိုလည်း ထည့်သွင်းပြော ကြားခဲ့သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကော်မတီကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့ပြီး ပြည်သူများနှင့် နိုင်ငံရေးပါတီများထံမှ အကြံပြုချက်များရယူ ထားသည်။ ယင်းအချက်များအရ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်သည်ဟု ၎င်းကပြောသည်။

ထို့အပြင် ၂၀၁၅ ရွေး ကောက်ပွဲ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန် ဆောင်ရွက်နေပြီး ကုလသမဂ္ဂ၏ ရွေးကောက်ပွဲ အကူအညီပေးရေးဌာနခွဲ ကိုယ်စားလှယ်အဖွဲ့လာရောက်ခြင်းကိုလည်း မြန်မာနိုင်ငံက လက်ခံခဲ့ ကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံတည်ငြိမ်မှုနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးအရေးကြီးပြီးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ အနက် ၁၄ ဖွဲ့နှင့် သဘောတူညီ ချက်ရထားသည်ဟု ၎င်းကပြော သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် နိုင်ငံ၏ စည်းလုံးညီညွတ်မှု နှင့် အချုပ်အခြာအာဏာကို ထိ ပါးစေသော ကိစ္စရပ်များကလွဲ၍ အစိုးရက အခြားကိစ္စရပ်အားလုံး ဆွေးနွေးရန် အသင့်ရှိသည်ဟု ၀န်ကြီးကဆိုသည်။

မြန်မာအပေါ် လတ်တလော ခြိမ်းခြောက်ထားသော အယ်လ် ကိုင်ဒါအဖွဲ့နှင့် ပတ်သက်၍ လည်း ၀န်ကြီးက ဘာသာရေး ကို ခုတုံးလုပ်ပြီး ရက်စက်စွာ သတ် ဖြတ်သေကျေစေခြင်းတို့ကို လုံးဝ သည်းခံခွင့်လွှတ်မည်မဟုတ်ဟု ပြောကြားသည်။ အကြမ်းဖက်မှု ကို မည်သည့်ပုံစံဖြင့် ဖြစ်စေ ကျူး လွန်ခြင်းကို မြန်မာနိုင်ငံက အမြဲ ဆန့်ကျင်ပြီး လျစ်လျူရှုထားမည် မဟုတ်ကြောင်း ၀န်ကြီးကပြော ကြားသည်။

မြောက်ကိုရီးယားနှင့် ဆက် ဆံရေးကြောင့် မြန်မာအပေါ် နျူ သံသယနှင့် ပတ်သက်၍ ၀န်ကြီးက အစုလိုက်အပြုံလိုက် သေ ကျေစေသည့် လက်နက်များကို ရှုတ်ချဆန့်ကျင်ပြီး နိုင်ငံကာပင်မ လက်နက်ဖျက်သိမ်းရေးစာချုပ်များသို့ အတည်ပြု ပါဝင်ရေးအတွက် ကနဦးခြေလှမ်းအဖြစ် ဇီဝ လက်နက်တားဆီးပိတ်ပင်ရေး စာချုပ်ကို အတည်ပြုပါဝင်ရေး ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်ငြိမ်းချမ်းစွာ အသွင်ကူး ပြောင်းရေးတွင် အောင်မြင်မှုများ ရရှိထားသော်လည်း တုန်လှုပ် ဖွယ်စိန်ခေါ်မှုနှင့် အဟန့်အတားများကို ပြတ်ပြတ်သားသားကျော်ဖြတ် ဆောင်ရွက်ရန် အခိုင်အမာဆုံး ဖြတ်ထား ကြောင်း ဦးဝဏ္ဏမောင် လွင်ကပြောကြားခဲ့သည်။

နှစ်စဉ်ကျင်းပသော ကုလ သမဂ္ဂ၏ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအပါအ၀င် အဖွဲ့ဝင် နိုင်ငံအားလုံးက ကြေညာ ချက် တစ်စောင်စီတင်သွင်းကြရပြီး မြန်မာနိုင်ငံအတွက် ကြေညာချက်ကို ဦးဝဏ္ဏမောင်လွင်က တင်သွင်းခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် လိင်အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုတားဆီးမှုကို တက်ကြွစွာ လုပ်ဆောင်နေသည်ဟု ၀န်ကြီးက ပြောကြားခဲ့သော်လည်း ညီလာခံအတွင်း အရပ်ဘက်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော ကရင်အမျိုးသမီးများ အစည်းအရုံးဥက္ကဋ္ဌ နော်စူဆန်နာလှလှစိုးက စစ်ပွဲများအတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အ ကြမ်းဖက် မှုများရှိနေဆဲဖြစ်ကြောင်းWomen In Conflict ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။


7Day Daily

No comments:

Post a Comment

My Blog List