Thursday, October 02, 2014

ပြည်ထောင်စုအစိုရနဲ့ ပြည်နယ်အစိုးရတွေအကြား အာဏာခွဲဝေမှုက အရေးကြီးတယ်- ဒေါက်တာအေးမောင်


ရခိုင်အမျိုးသားပါတီရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာလကုန်ပိုင်း က ကျင်းပပြီး ပါတီခေါင်းဆောင်သစ်တွေကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့ကို ပူးပေါင်းခဲ့ပြီးနောက် ရခိုင်အမျိုးသား ပါတီရဲ့ ပထမဆုံးညီလာခံဖြစ်ပါတယ်။

ပါတီကြီး ၂ ရပ်ပေါင်းစည်းထွက်ပေါ်လာတဲ့ ရခိုင်အမျိုးသားပါတီ (အေအန်ဒီ) ရဲ့ ရပ်တည်ချက်၊ မဟာ ဗျူဟာတွေနဲ့ ပတ်သက်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထား ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ပထမအကြိမ် ပါတီညီလာခံကနေ အရင်ဦးဆုံးဗျူ ဟာမြောက် ဦးစား ပေးလုပ်ဆောင် မယ့် လုပ်ငန်းအစီအစဉ်တွေအဖြစ် ဘာတွေ ချမှတ်ခဲ့ပါသလဲခင်ဗျ။

“ကျနော်တို့ ဒီပထမဆုံးအကြိမ်ကျင်းပတဲ့ ပါတီညီလာခံက ပွင့်ပွင့်လင်း လင်းပြောရလို့ရှိရင် ပါတီရဲ့ တည်ဆောက်မှုကို အဓိက ဦးစားပေးပါတယ်။ အဲဒီတော့ ပါတီရဲ့ ဗဟိုကော်မတီသစ်တွေ ကို ရွေးနိုင် ခဲ့ပါတယ်။ နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်ကို ရွေးနိုင်ခဲ့ပါတယ်။ နောက် စီအီးစီရဲ့ အဓိကနေရာလေးတွေမှာ ရွေးချယ်ပေးနိုင်ခဲ့ပါတယ်။ အဲဒါအပြင် တိုင်းရင်းသားများနဲ့ ဆက်စပ်တဲ့ ပါတီရဲ့ ချိတ်ဆက်မှုကိုလည်း ပါတီဗဟိုကော်မတီကပဲ စီအီးစီရဲ့လုပ်ပိုင်ခွင့်အဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးပါတယ်။ နောက် ပါတီဖွဲ့စည်းပုံကို လိုအပ်သလို ပြုပြင်နိုင်အောင် ညီလာခံက ဆုံးဖြတ်ချက်လေးတွေ၊ ဆွေးနွေးချက် လေးတွေနဲ့အတူ အတည်ပြုဖို့အတွက် တာဝန်ပေးပါတယ်။ နောက် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့ မူတွေကို ညီလာခံက ဆွေးနွေးချက်တွေနဲ့အ တူ စီအီးစီက ဆုံးဖြတ်ဖို့ တာဝန်ပေးပါတယ်။”

ရခိုင်အမျိုးသားပါတီရဲ့ အမျိုးသားရေးနဲ့ပတ်သက်လို့ ခံယူနားလည်ချက်နဲ့ အကောင်အ ထည်ဖော်မယ့် အစီအစဉ်ကိုလည်း ပြောလို့ရသလောက် ပြောပြပေးပါ။

“ကျနော်တို့ လုံခြုံ၊ အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်တဲ့ပြည်နယ်ဖြစ်ဖို့ ဆောင်ရွက်မယ်လို့ ရည်မှန်း ထားပါတယ်။ အဲဒါလည်း ကျနော်တို့ ပါတီစည်းမျဉ်းတွေမှာ ပါပါတယ်။ ကျနော်တို့ဆောင်ရွက်မယ့် လုပ်ငန်းတွေ အသေးစိတ်ကိုတော့ဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကျနော်တို့ ညှိနှိုင်းဆွေးနွေး အတည်ပြုပြီးမှ ဗဟိုကော်မတီကို ချပြအတည်ပြုချက်ယူသွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက ဘာသာရေးဆန်ဆန်၊ လူမျိုးရေးဆန်ဆန် ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး ထပ်မဖြစ်ပွားရအောင် ပါတီကနေ ဘယ်လိုကြိုးပမ်းဖို့ရှိပါသလဲခင်ဗျ။

“အဓိကကတော့ ကျနော်တို့ပါတီရဲ့ ဖြန့်ကြက်မှုကို စုစည်းဖို့ ကျနော်တို့ ကြိုးစားပါမယ်။ တည် ငြိမ်အေးချမ်းလုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ကျနော်တို့ ကြိုးစားတည်ဆောက်ပါမယ်။ အဲဒီလို ကြိုးစားတည်ဆောက်တဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဓိက ပဓာန ကျပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျနော်တို့ တိုင်းရင်းသားများ မျှော်မှန်းထားတဲ့ ဖွဲ့စည်းပုံမူဘောင်အ ဖြစ်ကိုရောက်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ အမျိုးသားပါတီဟာ အမျိုးသား ပြည်နယ်များကို မိမိတို့ အမျိုးသားတွေက စီမံကွပ်ကဲအုပ်ချုပ်နိုင်တဲ့၊ တနည်းအားဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အခြေအနေတခုကို ရောက်သွားမယ်လို့ မျှော်မှန်းထားပါတယ်။ အဲဒီနောက်မှာ ကျနော်တို့ရဲ့ ဒီ မိမိတို့ရဲ့ အမျိုးသားပြည်နယ်ရဲ့ ပါလီမန်က မိမိတို့ရဲ့ ပြည်နယ်ကို အုပ်ချုပ်ပေးမယ့် ၀န်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်တဲ့စနစ်ကို အကောင်အထည်ဖော်ပြီးတဲ့နောက်မှာတော့ဖြင့် ကျနော်တို့ရဲ့ ရခိုင်ပြည်နယ်အစိုးရကို ခိုင်ခိုင်မာမာ ဖွဲ့စည်းပြီးကာမှ ရခိုင်ပြည်နယ်အေးချမ်းလုံခြုံ ဖွံ့ဖြိုးတိုးတက်တဲ့ အစီအမံများကို ပါတီရဲ့မူဝါဒနဲ့အညီ ဆောင်ရွက်မယ်လို့ မျှော်မှန်းထားပါတယ်။”

တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနဲ့ ပတ်သက်လို့ ပါတီရဲ့ ရပ်တည်ချက်ဆိုလို့ရှိရင် အခုပြောသွားတဲ့အဖြေဟာ ပါဝင်သွားပြီလို့ ယူဆပါတယ်။ မှန်ပါသလားခင်ဗျာ။

“မှန်ပါတယ်ခင်ဗျ။”

ပါတီအနေနဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးနဲ့ပတ်သက်ပြီးတော့ အစိုးရက ရှေ့ပြေး အစီအစဉ် လုပ်တယ်ပေါ့။ နိုင်ငံသားစိစစ်ရေးနဲ့ပတ်သက်လို့ ပါတီရဲ့ သဘော ထားရပ်တည်ချက် ကိုလည်း ပြောပြပါခင်ဗျ။

“ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေလိုပဲ တည်ဆဲဥပဒေများရဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းကို အလွန့်အလွန်လိုလားပါတယ်။ တရားဥပဒေစိုးမိုးတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့၊ ပြည်နယ်ဖြစ်ဖို့ ကျနော် တို့ ကြိုးစားတည်ဆောက်သွားဖို့ မှန်းထားပါတယ်။ အဲသလိုပဲ တရားဥပဒေစိုးမိုးမှုရဲ့အစိတ်အပိုင်း တခုဖြစ်တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာလည်းပဲ အခု မြေပုံဟာဆိုရင် ကနဦး စမ်းသပ်တဲ့ အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ရဲ့နော်၊ တိုင်းဒေသကြီး အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ရဲ့ လုပ်ငန်းတခုကို အကောင်အထည်ဖော်မှု ချိတ်ဆက်ခြင်းလို့ သဘောပေါက်ပါတယ်။ အဲဒီလို ချိတ်ဆက်တဲ့အခါမှာ ကျနော်တို့ ပြန်လှန်သုံးသပ်ကြည့်ဖို့ လိုပါတယ်။ မြေပြင်အခြေအနေ၊ အတိတ်အခြေအနေ၊ လက်ရှိအခြေအနေ အကုန်လုံးကို သုံးသပ်ပြီးမှ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် ဖြစ်လာမယ့်ပြဿ နာအားလုံးကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတဲ့ အစီအမံလေးတွေရှိပြီးဖြစ်ဖို့ လိုအပ်ပါတယ်။

“ဥပမာဆိုပါစို့ – ကျနော်တို့ နိုင်ငံသားပေးရမယ့်အခြေ အနေတွေဟာ နိုင်ငံသားပေးသင့်ပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုပါတယ်။ နိုင်ငံသားပေးသင့်ပေး ထိုက်တဲ့ပုဂ္ဂိုလ်ဟုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုအနေအထားနဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် အစိုးရ ချိတ်ဆက်ပြီးထားမလဲ၊ ဘယ်လိုသတ်မှတ်ထားတဲ့ဧရိယာတခုမှာ ထားမလဲဆိုတဲ့ အစီအမံ မရှိဘဲနဲ့ ဒီအစီအမံလေးကို ရှေ့ဆက်သွားဖို့ ခက်ခဲပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုအစိုးရရဲ့ အစီအမံသည် အလွန့်အလွန် အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှု မဏ္ဍိုင်နဲ့ လုံခြုံဖွံ့ဖြိုးတိုးတက်တဲ့ ကျနော်တို့ ပြည်နယ်ဖြစ်ဖို့ အလွန့်အလွန် ကြိုးစားဖို့ လိုအပ်ပါတယ်။ဓ

ရခိုင်ပြည်နယ်ရဲ့ သယံဇာတ ခံစားခွင့်ရရှိရေးနဲ့ပတ်သက်လို့ ကျန်ပြည်နယ်တွေလည်း အပါ အ၀င်ပေါ့နော်၊ ရခိုင်ပြည်နယ်ရဲ့ သယံဇာတခွဲဝေခံစားခွင့်နဲ့ ပတ်သက်လို့ ပါတီရဲ့ ရပ်တည်ချက်ကိုလည်း အကျဉ်းချုံးလေး ပြောပြပေးပါ။

“ကျနော်တို့ရဲ့ ရပ်တည်ချက်က ကျနော်တို့ရဲ့ ပြည်ထောင်စုသည် ကျနော်တို့ရဲ့ စိတ်ဆန္ဒ သဘော အလျောက်၊ မိမိတို့ ပြည်နယ်များ၏ ပူးပေါင်းဖွဲ့စည်းထားတဲ့ပြည်ထောင်စုဖြစ်လို့ ကျနော်တို့ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် ဒီစုစည်းဖွဲ့နှောင်ထားတဲ့ ပြည်နယ်များရဲ့ မိမိရဲ့ လွတ်လပ်တဲ့ ဆန္ဒသဘောထားအလျောက် ပေါင်းစည်းထားခြင်းဆိုတဲ့ သတ်မှတ်ချက်မူဘောင် တခုကို နှစ်ဘက်လက်ခံနိုင်မယ်ဆိုရင် ပြည်နယ်များရဲ့ Resource Sharing (အရင်းအမြစ်များခွဲဝေခြင်း) အပေါ်မှ ပြည်ထောင်စုတ၀န်းလုံးဟာ သတ်သတ်မှတ်မှတ် ညီညီမျှမျှရှိဖို့ လိုပါတယ်။ အဲဒါကြောင့် Resource Sharing၊ Power Sharing (အာဏာခွဲဝေခြင်း) နဲ့ ပတ်သက်တဲ့ ဥစ္စာကို ဖွဲ့စည်းပုံအခြေ ခံဥပဒေမူဘောင်တခုရဲ့အတွင်းမှာ သတ်သတ်မှတ်မှတ် ရှိနှင့်ပြီးဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီ ဖွဲ့စည်း ပုံအခြေခံဥပဒေ မူဘောင်အတွင်းက သတ်မှတ်ချက်အတိုင်းပဲ ပြည်နယ်များရဲ့ သယံဇာတခွဲဝေမှုကို အကျိုးခံစားခွင့်ရှိအောင် ပြည်ထောင်စုအစိုးရသည်လည်းကောင်း၊ ပြည်နယ်အစိုးရသည်လည်း ကောင်း ပုံဖော်ပေးရမှာဖြစ်ပါတယ်။”

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဟာ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်တွေ ဖြစ်နေပါတယ်။ အဲဒီတော့ အဆင်းရဲဆုံးပြည်နယ်အဖြစ်ကနေ ရခိုင် ရုန်းထွက်ဖို့အတွက် ကနဦးဆုံး ပါတီက ဆောင်ရွက်မလဲခင်ဗျ။

“ကျနော်တို့က စီးပွားရေးမူဝါဒ၊ ကျနော်တို့ရဲ့ ဒီ လူသားဖွံ့ဖြိုးမှုမူဝါဒ အလွန့်အလွန် အရေးကြီး ပါတယ်။ အထူးသဖြင့် ပြည်နယ်စီးပွားရေး အဆောက်အအုံအားလုံးကို ပြည်နယ်အစိုးရရဲ့ ချုပ်ကိုင်မှု အောက်မှာရှိဖို့ လိုပါတယ်။ အဲလို ချုပ်ကိုင်နိုင်ဖို့အတွက်လည်း ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ၏ ခုနက ပါဝါလုပ်ပိုင်ခွင့် ခွဲဝေထားမှုဟာ အလွန့်အလွန်အရေးကြီးပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လှန်သုံးသပ်တဲ့အခါမှာ အထူးသဖြင့် စက်မှုဖွံ့ဖြိုးမှုနဲ့ပတ်သက်တဲ့ ကဏ္ဍတွေကို ပြည်နယ်အစိုးရရဲ့ တိုက်ရိုက်ဦးဆောင်မှုအောက်မှာရှိဖို့ လိုပါတယ်။ စက်မှုဇုန်တွကို ကျနော်တို့အစိုးရက ကွပ်ကဲထိန်းချုပ်နိုင်တဲ့ အနေအထား ရှိဖို့ လိုပါတယ်။ အထူးသဖြင့် မိမိပြည်နယ်၊ မိမိဒေသမှာရှိတဲ့ စီးပွားရေးဖွံ့ဖြိုးနိုင်တဲ့ အခြေအနေကောင်းတွေကို လွတ်လွပ်လပ်လပ် စီမံကွပ်ကဲနိုင်ဖို့လိုပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဒေသခံ ပြည်နယ်အစိုးရတွေက တိုက်ရိုက်ကွပ်ကဲလက်ခံပြီးမှ စီမံခန့်ခွဲနိုင်တဲ့ ပါဝါရှိမယ်ဆိုရင် ကျနော်တို့ မျှော်မှန်းထားတာက ရခိုင်ပြည်နယ်ရဲ့ အဓိကပင်လယ်ကမ်းစပ် တလျောက်မှာရှိတဲ့ သံတွဲမြို့သည်၊ သံတွဲ ဒေသသည် ကျနော်တို့ရဲ့ ခရီးသွားလာမှု၊ အပန်းဖြေမှုအတွက် အင်မတန်အရေးကြီးတဲ့ နေရာတခု ဖြစ်အောင်၊ မြို့တော်ကြီးဖြစ်အောင်၊ ကမ်းခြေမြို့တော်ဖြစ်အောင် ကျနော်တို့ ဖန်တီးသွားမယ်လို့ မျှော်မှန်းထားပါတယ်။

“အဲဒီလိုပဲ ခလယ်ပိုင်းမှာရှိတဲ့ ကျောက်ဖြူဒေသဟာ အခုန ယူနန်နဲ့ ပူးပေါင်းပြီးမှ အဓိက အရှေ့တောင်အာရှရဲ့ အဓိက သင်္ဘောဆိပ်ကြီးတခုဖြစ်အောင်၊ စက်မှုဇုန်ကြီးတခုဖြစ်အောင် ဖန်တီးသွားနိုင်ဖို့လို့ ကျနော်မျှော်မှန်းပါတယ်။ အဲဒီလိုပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်တွေဒေသဟာဆိုရင်လည်းပဲ အရှေ့မြောက်အိန္ဒိယရဲ့ ကုန်ကူးသန်းသွားလာမှုအတွက် ပင်လယ်ထွက်ပေါက်တခုဖြစ်အောင်၊ ပြည်ထောင်စုအလယ်ပိုင်းရဲ့ အဓိကထွက်ပေါက်တခု ဖြစ်အောင် ကျနော်တို့ ကြိုးစားတည်ဆောက်သွားဖို့ မျှော်မှန်းထားပါတယ်။ တကယ်လို့ စက်မှုနဲ့ ပတ်သက်တဲ့ ဒေသသုံးခုသာ ဖွံ့ဖြိုးတိုးတက်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ ရခိုင်ကမ်းရိုးတန်းမှာ ရှိတဲ့ ပင်လယ်ဆိပ်ကမ်းကြီးတွေသာ ဖွံ့ဖြိုးတိုးတက်သွားမယ်ဆိုရင် ပြည်ထောင်စုတွေလည်း ဖွံ့ဖြိုးသွားမှာဖြစ်သလို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ချိတ်ဆက်ပြီးမှ၊ တရုတ်ပြည်နဲ့ ချိတ်ဆက်ပြီးမှ အရှေ့တောင်အာရှရဲ့ အဓိကကုန်သွယ်ဖက်စက်မှုဇုံဖွံ့ဖြိုးတဲ့ဒေသတခုဖြစ်အောင် ကျနော်တို့ ကြိုးစားတည်ဆောက် နိုင်မယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ အင်အားကြီးပါတီကြီးဖြစ်တဲ့ ရခိုင်ပါတီရဲ့ခေါင်းဆောင်တယောက်အနေနဲ့ ဘင်္ဂါလီ – ရိုဟင်ဂျာကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာလည်း ကမ္ဘာက စိတ်ဝင်စားပါ တယ်။ အဲဒီအတွက် ဖြေပေးပါခင်ဗျ။

“ကျနော်တို့က ဘဂါင်္လီကို ဘင်္ဂါလီလို့ပဲ သတ်မှတ်ခေါ်ဝေါ်ပါတယ်။ ဒီဥစ္စာနဲ့ပတ်သက်လို့၊ သမိုင်းကြောင်းတွေနဲ့ပတ်သက်လို့ ကျနော်တို့ ဖြေရှင်းချက်တခုတော့ ရှိဖို့လိုပါတယ်။ သမိုင်းရဲ့ဖြေရှင်းချက်ကို အဓိက ထားခြင်း၊ မထားခြင်းဆိုတဲ့ ကဏ္ဍတခုကို နံပါတ် ၁ အနေနဲ့ သတ်မှတ်ပေးဖို့ လိုပါတယ်။ နံပါတ် ၂ အားဖြင့် ဒီပြဿ နာဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်တဲ့အခါမှာ ဒီပြသနာ ကို အရှေ့တောင်အာရှပြဿ နာအဖြစ် မဖြစ်သွားစေလိုပါ။ ကျနော်တို့ရဲ့ပြဿ နာ ဖြစ်နေတဲ့ လက်ရှိ အခြေအနေပေါ်မှာ မှန်မှန်ကန်ကန်သုံးသပ်ပြီးမှ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ တည်ငြိမ်အေး ချမ်းတဲ့ပတ်ဝန်းကျင်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပေါ်လစီက အရေးကြီးပါတယ်။ အဲလိုဖြစ် တဲ့အခါမှာ ဘင်္ဂါလီပြဿ နာကို နိုင်ငံသားဥပဒေဆိုတဲ့ တည်ဆဲဥပဒေတခုနဲ့ စိစစ်ပေးဖို့လိုပါတယ်။ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ ကျနော်တို့က နိုင်ငံသားအဖြစ်ပေးပြီးမှ သူ့ရဲ့ နိုင်ငံသား တဦးရဲ့ အခွင့်အရေးနဲ့အညီ သူ့ကို လွတ်လပ်ခွင့် ပြုပေးရမှာဖြစ်ပါတယ်။

“အဲသလိုပဲ နိုင်ငံသားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လို ထားမလဲဆိုတဲ့ ကျနော်တို့နိုင်ငံရဲ့မူဝါဒဟာ အလွန်အရေးကြီးလာတဲ့အခါမှာ ဒီနိုင်ငံသား ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ နိုင်ငံသားတဦးရဲ့အခွင့်အရေးရအောင် ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မလဲဆိုတဲ့ အမျိုးသားစီးပွားရေးပေါ်လစီက အလွန့်အလွန် အရေးကြီးပါတယ်။ အဲဒီတော့ တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီ conflict ပြဿ နာကို ဖြေရှင်းဖို့က အဓိကကျပါတယ်။ အဲဒီလို အဓိကကျဖို့အတွက် ကျနော်တို့ စဉ်းစားတဲ့အခါမှာ ဒီပြဿ နာကို နိုင်ငံတကာသည်လည်းကောင်း၊ ပြည်ထောင်စုအစိုးရသည်လည်း ကောင်း၊ နိုင်ငံတကာအစိုးရများသည်လည်းကောင်း အာရုံစူးစိုက်ပြီးမှ ကျနော်တို့ရဲ့ အင်မတန် ပေါက်ပွားနေတဲ့ အိန္ဒိယ ဘင်္ဂလားပြည်နယ်မှာ ဟိုးအတိတ်မှာ ရှိခဲ့တဲ့၊ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိပေါက်ပွားနှုန်းကို ဘယ်လိုမျိုးထိန်းချုပ်မလဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ အဓိကနီးစပ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းနယ်မြေဒေသရဲ့ လုံခြုံမှု၊ အဓိကအားဖြင့် ရခိုင်မျိုးနွယ်စုတွေ မပျောက်ပျက် သွားနိုင်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ နိုင်ငံတကာ ပေါ်လစီ တခုလည်း လိုအပ်ပါတယ်။

“အဲဒီလိုပဲ ဒီဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို နိုင်ငံတကာအကူအညီနဲ့ ရိုင်းပင်းပြီးမှ နိုင်ငံတကာအစိုးရ၊ ဒေသအစိုးရ၊ ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမလဲဆိုတဲ့ ပေါ်လစီအရေးကြီးပါတယ်။ အဲဒီပေါ်လစီ ၂ ခုဟာ အောင်မြင်သွား မယ်ဆိုရင် ရခိုင်သည်လည်းကောင်း၊ ဘဂါင်္လီသည်လည်းကောင်း တည်ငြိမ်အေးချမ်းပြီးမှ နိုင်ငံတကာရဲ့ ထောက်ပံ့ပေးကမ်းမှုကို လက်ဖြန့်တောင်းခံ စားနေရတဲ့အခြေအနေကနေ မိမိကိုယ်တိုင် ရင်းနှီးမြှုပ်နှံပြီး၊ မိမိကိုယ်တိုင်လုပ်အားစိုက်ထုတ်ပြီး ရရှိတဲ့ ၀င်ငွေနဲ့ မိမိရဲ့ ဘ၀သက်တမ်းကို အကျိုးရှိရှိ အသုံပြုနိုင်သွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီလူသား အရင်းအမြစ်တွေကို ကျနော်တို့ လူသားအရင်းအမြစ်အဖြစ် ကျနော်တို့ အကျိုးရှိရှိ ဖွံ့ဖြိုးတိုးတက်မှု တခုရအောင် အသုံးချသွားဖို့ လိုအပ်ပါတယ်။ တနည်းအားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မှာ ဘင်္ဂါလီအများစုရှိတဲ့ နေရာမှာလည်းကောင်း၊ ရခိုင်အများစုရှိတဲ့နေရာမှာလည်း ကောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေနဲ့ ပူးပေါင်းပြီးကာမှ စက်မှုဇုန်ကြီးတွေ၊ Garment Factories (အထည်ချုပ်စက်ရုံကြီးတွေ) အသုံးချပြီးမှ ဒီလူသားမျိုးနွယ်စု၊ လူသားအရင်းအမြစ်တွေကို ကျနော် တို့ အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်။ တနည်းအားဖြင့် စက်မှုဒေသဖြစ်အောင် ဒီအမျိုးသမီးအင် အားစု၊ အမျိုးသားအင်အားစုများကို အသုံးချသွားခြင်းအားဖြင့် ဒီပဋိပက္ခဖြစ်နေတဲ့ လက်ရှိအခြေ အနေကို စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့အခြေအနေတခုအဖြစ် ဖန်တီးသွားဖို့ လိုအပ်ပါတယ်။”

အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အယ်လ်ကိုင်ဒါက ကြေညာတာမှာ မြန်မာပါ ပါပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သဘောထားပေးပါခင်ဗျ။

“အကြမ်းဖက်မှုကို ကျနော်တို့ လက်မခံပါဘူး။ မည်သည့်အကြမ်းဖက် ခြိမ်းခြောက်မှုကိုမှ ကျနော်တို့ဟာ ပွင့်ပွင့်လင်းလင်းပြောရင် ခေါင်းငုံ့ခံနေမှာ မဟုတ်ပါဘူး။ ဒီအကြမ်းဖက်မှုကို ကျနော်တို့က ဆန့်ကျင်သွားမှာဖြစ်ပါတယ်။ လူသားမျိုးနွယ်စုကို ခြိမ်းခြောက်နေတဲ့ ဘာသာရေး အစွန်းရောက်ခြင်း၊ တနည်းအားဖြင့် အယူသည်းဝါဒ အယူသည်းခြင်းမျိုးကို ကျနော်တို့က အမျိုးသားရေးအမြင်နဲ့ ကာကွယ်တွန်းလှန်သွားရမှာဖြစ်ပါတယ်။ ဒါကြီးကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်တွင်းအင်အားကို ပြန်စုစည်းမှ ဒီဘာသာရေးအစွန်းရောက်တွေရဲ့ ခုနလို အကြမ်းဖက်မှုတွေကို ကာကွယ်သွားရမှာဖြစ်သလို ကျနော်တို့ဒေသမှာ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုံခြုံမှုအစီအမံတွေကို လုပ်ပေးဖို့လိုပါတယ်။ အဲဒီလို လုံခြုံမှုအစီအမံ လုပ်ပေးတဲ့အခါမှာ ကျနော်တို့ရဲ့ သဘာဝလုံခြုံမှု အစီအမံအပြင် ကျနော်တို့ရဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီးမှ ဒီဒေသရဲ့ လုံခြုံမှုအစီအမံကို ပြည်ထောင်စုအစိုးရက ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဲသလို ဆောင်ရွက်သွားတဲ့အခါမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန်အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်မှုကလည်း အရေးကြီးပါတယ်။ အဲလိုဖြစ်ဖို့အတွက် ကျနော်တို့ဟာ အတတ်နိုင်ဆုံး ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားဖို့ ပိုင်းဖြတ် ထားပါတယ်။”

တကယ်လို့ မပြေးသော် ကန်ရာရှိပေါ့ ရခိုင်ပြည်နယ်နဲ့ ပထ၀ီမြေကို ထိပါးဖဲ့ထုတ်ဖို့ ကြိုးစားမှုတွေ ကြုံရတဲ့အခါမှာ ပါတီကနေ ဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်သွားဖို့ရှိလဲခင်ဗျ။

“ကျနော်တို့ပါတီအနေနဲ့ ပြည်သူနဲ့ တသွေးတည်း တသားတည်းရပ်တည်ပြီးမှ ဒီအန္တရာယ်ကို ကာကွယ်သွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ကျနော်တို့ အမျိုးသားပါတီသည် ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းနိုင်အောင် ကြိုးစားတည်ဆောက်သွားဖို့ မျှော်မှန်းထားပါတယ်။ ရခိုင်ပြည်နယ်အစိုးရ သည် လာမယ့်အနာဂတ်မှာ ပုံဖော်လာမယ့် မည်သည့်တိုက်ခိုက်မှု၊ မည်သည့် ပဋိပက္ခ လှုံ့ဆော်မှု မျိုးကိုမဆို တည်တည်ငြိမ်ငြိမ်နဲ့ တည်ဆဲဥပဒေများနဲ့အညီ ပြည်ထောင်စုအစိုးရနဲ့လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ပြည်ထောင်စု တပ်မတော်သည်လည်းပဲ ဒီ ကဏ္ဍမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ လိုအပ်တဲ့အစီအမံများကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ အဲသလိုပဲ ရခိုင်ပြည်၏ လာမယ့်ကာလမှာ ငြိမ်းချမ်းမှုဖော်ဆောင်လာမယ့် ရခိုင် လက်နက်ကိုင်တပ်မတော်များသည်လည်းပဲ ပြည်ထောင်စုအစိုးရရဲ့ မူဘောင်တခုအောက်မှာ ရခိုင်ပြည် အနောက်စည်းကို လုံလုံခြုံခြုံအကာအကွယ်ပေးနိုင်တဲ့ အနေအထားတခုကို ရောက်အောင် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းမှုမူဘောင်အတွင်းကနေ ကျနော်တို့ ညှိနှိုင်း တင်ပြပြီးမှ ကာကွယ်သွားနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပိုင်းဖြတ်ထားပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ပြေငြိမ်းအောင်၊ လူထုအကြား နှစ်ဘက်လူ့အဖွဲ့အ စည်းကြား စိုးရိမ်ထိတ်လန့်မှုတွေ ကင်းဝေးသွားအောင် ပါတီက ကနဦး ဘာလုပ်မလဲခင်ဗျ။

“ကျနော်တို့က သတင်းဖလှယ်မှု အရေးကြီးပါတယ်။ သတင်းဟူသည်မှာ ကောလာဟလလည်း ရှိတယ်၊ အမှန်လည်းရှိပါတယ်။ အမှန်သတင်းနဲ့ပတ်သက်လို့ အမှန်သတင်းဖြစ်ကြောင်းကို ချက်ခြင်းတုံ့ပြန်ပြီးမှ ဖြေရှင်းပေးဖို့လိုပါတယ်။ အဲသလိုပဲ ကောလာဟလကိုလည်း ချက်ခြင်း တုံ့ပြန် ဖြေရှင်းပေးနိုင်မယ့် သတင်းရယူမှု၊ သတင်းတုံ့ပြန်မှု၊ သတင်းပြန်ကြားမှုက အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့အတွက် သတင်းနဲ့ ပတ်သက်လို့ ဇစ်မြစ်တွေကို ပွင့်ပွင့်လင်းလင်း၊ မှန်မှန်ကန်ကန်၊ အချိန်နဲ့တပြေးညီ တင်ပြသွား နိုင်ဖို့ တင်ပြသွားနိုင်မှုဟာ အင်မတန်အရေးကြီးတဲ့ အခါသမယမှာ ပြည်နယ်အစိုးရတို့ရဲ့ သတင်းပြန်ကြားမှု၊ သတင်းရယူမှုဟာ အရေးကြီးပါတယ်။ ပါတီရဲ့သတင်းပြန်ကြားမှု၊ သတင်းရယူမှုဟာ အရေးကြီးပါတယ်။ ကျနော် တို့ပါတီဟာ လူထုနဲ့ ထိတွေ့ဆက်စပ်ပြီးကာမှ ဖြစ်ပျက်နေတဲ့ မည်သည့်ကိစ္စမျိုးကိုမဆို သတင်းအမှန်ကိုရယူပြီးမှ သတင်းအမှန်ကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ သတင်းများနဲ့အတူ ကျနော်တို့ပါတီရဲ့ သုံးသပ်ဆုံးဖြတ်ချက်။ လူထုကို တင်ပြချက်များကိုလည်း အချိန်နဲ့တပြေးညီ လူထုသိရှိအောင်၊ နားလည်သဘောပေါက် အောင် တင်ပြသွားမှာဖြစ်ပါတယ်။”

ပါတီနှစ်ခုပေါင်းပြီး ပထမဆုံးလုပ်တဲ့ညီလာခံဆိုတော့လေ နှစ်ဘက်ပါတီက ကိုယ်စားလှယ် တွေက အေးအေးချမ်းချမ်းနဲ့ဆွေးနွေးပြီးတော့ ညီလာခံအပြီးသတ်ခဲ့လားခင်ဗျ၊ အဲဒါလေး ဖြေပေး ပါဦး။

“အဲဒါလေးကတော့ ဖြေရှင်းဖို့ လိုပါသေးတယ်။ နှစ်ပါတီပူးပေါင်းတယ်ဆိုကတည်းက နှစ်ပါတီ ရဲ့မူဘောင်တွေက ကွာခြားမှု ရှိပါတယ်။ ပူးပေါင်းမှု၊ နက်ရှိုင်းမှု၊ ကျနော်တို့ရဲ့ သွေးစည်းခိုင်မာမှု၊ ကျနော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားအပေါ်မှာ ဘုံအဖြစ်ရပ်တည်နိုင်မှု၊ တနည်းအားဖြင့် သဘော ထားကြီးမှုဆိုတဲ့ ခံယူချက်တွေဟာ ကျနော်တို့ ညှိနှိုင်းဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ကျနော်တို့ နှစ် ပါတီ ပူးပေါင်းတဲ့ ကဏ္ဍမျိုးဖြစ်အောင် ပါတီပူးပေါင်းပြီးတဲ့နောက်၊ တနည်းအားဖြင့် မိမိတို့ပါတီကို ဖျက်သိမ်းပြီးတဲ့နောက် ၇ လတာအချိန်ကို သတ်မှတ်ပေးခဲ့ပြီးမှ စည်းရုံးရေးကာလပါတီတခုအ ဖြစ် ကျနော်တို့ ကြိုးစားတည်ဆောက်ခဲ့ပါတယ်။ အဲဒီကာလမှ (ပ) ခေါင်းဆောင်၊ (ဒု) ခေါင်း ဆောင်နဲ့သွားပြီး အခုကျင်းပပြီးစီးသွားတဲ့ ကျနော်တို့အမျိုးသားပါတီရဲ့ ပထမဆုံးပါတီညီလာခံ သည်သာလျှင် ရှေ့ဆက်သွားမယ့်ပါတီမူဝါဒနဲ့ ရှေ့ဆက်သွားမယ့်ပါတီ အင်္ဂါစုတွေအကုန်လုံးနဲ့ ဆောင်ရွက်သွားမယ်ဆိုတဲ့ မျှော်မှန်းချက်ရှိတဲ့အခါမှာ ကျနော်တို့ ၇ လတာကာလအတွင်း ကျ နော်တို့ နှစ်ပါတီဟာ အောက်ခြေ ပါတီအဖွဲ့အစည်းတွေကို စည်းရုံးတည်ဆောက်ခဲ့ကြပါတယ်။ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဆိုလိုတာက တဖက်ကို တ၀က်ကျစီလောက်နဲ့၊ တနည်းအား ဖြင့် ဗဟိုကော်မတီဆိုရင်လည်းပဲ (၄၅ + ၄၅) နဲ့ ၉၀ တည်ဆောက်ခဲ့ပါတယ်။ ဗဟိုအလုပ်အမှု ဆောင်အဖွှဲ(ယာယီ)ကိုလည်း တဖက် ၁၅ ဦးနဲ့ ၃၀ ဦးအဖြစ် တည်ဆောက်ခဲ့ပါတယ်။ အဲသလိုပဲ မြို့နယ်ပါတီတိုင်းကိုလည်း တ၀က်၊ တ၀က်စီနဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒီပါတီတည် ဆောက်ရေး ၇ လတာ ကာလအတွင်းမှာ ကျနော်တို့ရဲ့ ညီလာခံတခုကို ကျင်းပပြီးမှ မြို့နယ် ညီလာခံကိုယ်စားလှယ်များနဲ့ ကျနော်တို့ သတ်မှတ်ထားတဲ့ဦးရေအတိုင်း လက်ရှိ သံတွဲ ငပလီ ကမ်းခြေမှာ ကျနော်တို့ အမျိုးသားပါတီညီလာခံကို ကျင်းပလိုက်တဲ့အခါမှာ အင်အားစုတခု၊ တ နည်းအာဖြင့် ပါတီတခုရဲ့ စည်းရုံးမှုနဲ့ တခြားပါတီတခုရဲ့ စည်းရုံးမှု တနည်းအားဖြင့် မတူဘူးဖြစ် သွားတဲ့ အခြေအနေရှိပါတယ်။ ဒါ မျက်မြင်နဲ့ လက်တွေ့အခြေအနေ ဖြစ်ပါတယ်။ အဲဒီအခါမှာ မိမိ ပါတီ၊ သူ့ပါတီ၊ ကိုယ့်ပါတီ ရပ်တည်ချက်ကတော့ဖြင့် ရှိနေဆဲဖြစ်ပါတယ်။ အဲဒီအခါမှာ အသစ်ဖွဲ့ စည်းလိုက်တဲ့ ဗဟိုကော်မတီ အင်အားမှာ ပါတီတခုရဲ့အင်အားက ပါတီတခုရဲ့အင်အားကို လွှမ်းမိုး သွားတဲ့သဘောရှိပါတယ်။

“အဲသလိုပဲ စီအီးစီဖွဲ့စည်းတဲ့အခါမှာလည်းပဲ ပါတီကြီးတခုရဲ့အားက တခြားပါတီတခုရဲ့အား၊ တနည်းအားဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီအီးစီအရေအတွက်ထက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ စီအီးစီအရေအတွက်က လွှမ်းမိုးသွားတဲ့သဘောဖြစ် သွားတဲ့အခါမှာ စီအီးစီရဲ့ တာဝန်ခွဲဝေမှုအပိုင်းဟာလည်းပဲ ညှိနှိုင်းဖြေရှင်းရမယ့်အပိုင်း ရှိလာပါ တယ်။ အဲဒီအခါမှာ စီအီးစီရဲ့ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသဖြင့် အဖွဲ့အစည်းပုံ သဏ္ဍာန် ဖြစ်အောင် ကြိုးစားတဲ့အခါမှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့တာ ရှိပါတယ်။ အဲဒီညှိနှိုင်းမှု မူဘောင်တခု အတွင်းမှာ ကျနော်တို့ ကြိုးစားတည်ဆောက်ခဲ့ပေမယ့်လို့လည်း မိမိပါတီရဲ့ရပ်တည်ချက်၊ ကိုယ့် ပါတီရပ်တည်ချက်တွေ နောက်ခံလေးတွေရဲ့ လွှမ်းမိုးမှု မပျောက်သေးနိုင်တဲ့ ကာလဖြစ်တာမို့လို့ လက်ရှိအခြေအနေမှာ ကျနော်တို့ ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီဘက်ကအင်အားစုက များပြီးမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အင်အားစုက လက်ရှိတာဝန်ယူတဲ့အပိုင်းမှာ တော်တော်လေးကို လျော့ရဲပါတယ်။ ကျနော်တို့တည်ဆောက်ခဲ့တဲ့ အပိုင်းမှာ ကျနော်တို့ အာအန်ဒီပီ ဘက်က ဥက္ကဋ္ဌ တာဝန်ယူပြီးမှ အေအယ်လ်ဒီ ဘက်က ဒုတိယဥက္ကဋ္ဌ တာဝန်ကိုယူ။ အတွင်းရေးမှူးတာဝန်ကို နှစ်ဦးလောက်က အေအယ်လ်ဒီ ဘက်ကယူဆိုတဲ့ ပုံစံမျိုးနဲ့ ညှိနှိုင်းတည်ဆောက်ခဲ့ပေလို့လည်း တကယ့်တကယ် ဖွဲ့စည်း တဲ့အခါမှာ အဲဒီပုံသဏ္ဌာန်မျိုး မဖြစ်သွားတာမျိုးကြောင့် အင်မတန်ကိုမှ နောင်ဘယ်လို ဒါကြီးနဲ့ ပတ်သက်လို့ သုံးသပ်ဆုံးဖြတ်ပြီးမှ ညှိနှိုင်းတိုင်ပင်ရင်ကောင်းမလဲဆိုတဲ့ ကျနော်တို့ ဒီ ဆောင်ရွက်ရမယ့်အပိုင်းလေးတွေရှိတယ်လို့ တင်ပြချင်ပါတယ်။”

ရခိုင်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေအတွက် ပြောစရာ စကားလက်ဆောင်၊ အမှတ်တရ စကားပြောပြပေးပါ။

“ကျနော်တို့က ဒီမိုကရေစီရဲ့ အနှစ်သာရတခုကို ရောက်အောင် ကြိုးစားတည်ဆောက်နေတဲ့ ကာလလေးဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ အမှောင်ဖုံးခဲ့တဲ့ကာလလေးတွေကို ကျ နော်တို့ သတိရ တိုင်းမှ လက်ရှိဒီမိုကရေစီအသီးအပွင့်တွေကို အခုခံစားနေရတဲ့ အခုအချိန်တိုလေးကို အမြဲတမ်း စဉ်းစားဆင်ခြင်သုံးသပ်ပါတယ်။ ကျနော်တို့ ရခိုင်အမျိုးသားပါတီဟာ ဒီမိုကရေစီနည်းကျ ရွေး ကောက်ပွဲလေးတွေကို ကျင်းပပေးဖို့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေး ကောက်ပွဲလေးတွေ ကျင်းပပေးပြီးမှ ပါတီနှစ်ခုနဲ့ပတ်သက်တဲ့ ရာထူးအပေးအယူလေးတွေကို လုပ်တဲ့ကာလမျိုးမှာ ကျနော်တို့မှာ ညှိနှိုင်းတိုင်ပင်နိုင်မှုနည်းနည်း အနည်းငယ် လိုအပ်ခဲ့တာ ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ ကြိုးစားတည်ဆောက်ခဲ့တာမို့လို့ ကျနော်တို့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်၊ ရခိုင်မျိုးနွယ်စုများအတွက်၊ အဓိက ရခိုင်အပါအ၀င် ပြည်ထောင်စုအားလုံးရဲ့ ပြည်ထောင်စုစစ်စစ် ပုံသဏ္ဌာန်တခုတည်းကိုရာက်ရှိအောင် ဆောင်ရွက်မယ့် ပါတီတခုအဖြစ်သို့ လက်ရှိ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။

“ကျနော်တို့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်၊ ရခိုင်မျိုးနွယ်စုအတွက် ဦးဆောင်မယ့်ပါတီဖြစ်သလို တခြားတိုင်းရင်းသား မျိုးနွယ်စုတွေမှာလည်းပဲ မိမိတို့ရဲ့ အမျိုးသားစုစည်းမှု အင်အားကို တည်ဆောက်ပေးပြီးမှ ပြည်ထောင်စုကြီးကို စုစည်းတည်ဆောက်ပေး ကြပါလို့ တင်ပြချင်ပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စု အစွဲငယ်လေးမှာတော့ဖြင့် စစ်မှန်တဲ့ပြည် ထောင်စုတခု ပုံသဏ္ဌာန် ပေါ်ပေါက်လာအောင် ကာလတို၊ ကာလရှည် စသဖြင့် အချိန်ယူဖြေရှင်းသွား ရမယ့်ပြဿနာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ကျနော်တို့ရဲ့လုံ့လ၊ ကျနော်တို့ရဲ့ ကြိုးစားမှုကိုတော့ဖြင့် ဘယ်တော့မှ မလျှော့တဲ့လုံ့လ၊ မလျော့တဲ့ ဇွဲသတ္တိနဲ့ဆောင်ရွက်မယ်လို့ တင်ပြအပ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List