Friday, October 03, 2014

ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရမှု မြန်မာတဦး ၀န်ခံကြောင်း ထိုင်းဒုရဲချုပ် ပြော


ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံတောင်ပိုင်း ကို့တောင်လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရ မှုနဲ့ သံသယဖြစ်ခံရသူ မြန်မာ ၃ ဦးထဲက ၁ ဦးက သတ်ဖြတ်မှုကို ၀န်ခံခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ်က ချပ်က်တစ် ချိုင်းချင်းဒါ (Chakthip Chaichinda)က ပြောဆိုပါတယ်။

ဒါကြောင့် သံသယဖြစ်ခံရသူ ၂ ဦးလုံးပါ သတ်ဖြတ်မှုမှာ တိုက်ရိုက်ပတ်သက်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လည်း ထွက်ပေါ်နေပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရခင် စတိုးဆိုင်လုံခြုံရေးကင်မရာမှာ တွေ့မြင်ရတဲ့ မြန်မာတဦးကို ထိုင်းရဲတွေက သံသယဖြစ်ခဲ့လို့ သူတို့ကို ထိန်းသိမ်းထားတာပါ။

သူတို့ ၃ ဦးလုံးကို ဒီအန်အေစစ်ဆေးမှုတွေ လုပ်နေပြီး အဖြေရတာနဲ့ သတင်း ထုတ်ပြန်ပေးမယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိန်းသိမ်းခံထားရသူတွေထဲက ချိုဆိုသူတဦးကတော့ သူ လုံခြုံရေးကင်မရာမှာပါတာမှန်ပေမယ့် သတ်ဖြတ် မှုနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

သူကို ထိန်းသိမ်းခဲ့ပြီး ၅ နာရီကြာအောင် စစ်ဆေးမေးမြန်းခဲ့ပြီး သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် လည်း မပေးခဲ့ပါဘူး။

ထိန်းသိမ်းခံထားရသူ ၃ ဦးထဲက ၂ ဦးကတော့ အခင်းဖြစ်ပွားခဲ့တဲ့နေရာအနားက စားသောက်ဆိုင်တဆိုင် က အလုပ်သမားတွေ ဖြစ်ကြပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် မတ်စ် ကန့် (Mark Kent)က ထိုင်းရဲချုပ်နဲ့ တွေ့ဆုံခဲ့ပြီး စုံစမ်းမှုအခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။

ထိုင်းရဲချုပ်က လောလောဆယ်အထိ သတ်ဖြတ်သူကို အတိအကျ စုံစမ်းဆဲဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး ထိုင်းရဲတွေ အပူတပြင်းကြိုးစားနေတယ်လို့ ဗြိတိန်သံအမတ်ကို ပြောဆိုခဲ့ပါတယ်။

ဗြိတိန်သံအမတ်က ထိုင်းအာဏာပိုင်တွေကို အမှုမှန်ပေါ်ပေါက်ရေး ပူးပေါင်းကူညီဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက စုံစမ်းမှုမှာ ပါဝင်ဖို့ တောင်းဆိုခဲ့တာလည်း မဟုတ်သလို၊ ၀င်ရောက်စွက်ဖက်တာလည်း မဟုတ်ဘူးလို့ ထိုင်းရဲချုပ်က ပြောဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List