Friday, October 03, 2014

ဗိုလ်ချုပ်ရာပြည့် ကျပ်သိန်းတစ်ထောင်ကျော် သုံးပြီး နတ်မောက်မှာ ကျင်းပမယ်


ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ခုနစ်ရက်ကြာ ပြုလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို ကျပ်သိန်း တစ်ထောင်ကျော် အကုန်ကျခံပြီး ပြုလုပ်မှာဖြစ်တယ်လို့ ရာပြည့်ပွဲတော် ဗဟိုဦးဆောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းက ဆိုပါတယ်။

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် ပွဲတော်အတွက် ရန်ပုံငွေတွေ စတင် အလှူခံနေပြီး ကျပ်သိန်းတစ်ရာ ရရှိထားပြီလို့ သိရပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော် လုပ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း မှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်း၏ မယားညီအစ်ကို သခင်သန်းထွန်းရဲ့သားဖြစ်သူ ဦးအောင်ချိုထွန်းက ဆိုပါတယ်။

ရာပြည့်ပွဲတော်မှာ သီတဂူဆရာတော် တရားပွဲ၊ စာပေဟောပြောပွဲ၊ ပင့်သံဃာ တစ်ထောင်ကို ဆွမ်း၊ သင်္ကန်းကပ်လှူခြင်းတွေ အပါအဝင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ ရာပြည့် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် စိုက်ထူခြင်းတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်ညမှာတော့ ဇာတ်မင်းသားဖိုးချစ်၊ စွမ်းဇာနည်တို့က ဗိုလ်ချုပ်ဂုဏ်ပြု သဘင်အဖြစ် အခမဲ့ ဖျော်ဖြေကပြမယ်လို့ ဆိုပါတယ်။ ပွဲတော် ရက်တွေအတွင်း ပဲပြုတ်နဲ့နံပြား ဧည့်ခံကျွေးမွေးမယ် လို့လည်း သိရပါတယ်။

ဒီပွဲကို ၂၀၁၅ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းတစ်ခု တည်ထောင်မယ်လို့ ဗဟို ဦးဆောင်ကော်မတီ ဆီကနေ သိရပါတယ်။


The Voice Weekly

No comments:

Post a Comment

My Blog List