Friday, October 03, 2014

ဟောင်ကောင်ဆန္ဒပြမှုများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း




"ဟောင်ကောင်ပြည်သူတွေနဲ့ ဘဝချင်းတူတယ်လို့ ခံစားရတယ် ကျွန်တော်တို့ ထောက်ခံအားပေးနေတယ် မင်းကိုနိုင်"

ဟောင်ကောင် ကျောင်းသားတွေ ဆန္ဒပြနေတဲ့အပေါ် ဘယ်လိုရှုမြင်ပါသလဲ။

ကျွန်တော်တို့ကတော့ ဒီမိုကရေစီလိုလားသူတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီလိုလားတဲ့ ပြည်သူ တွေဘက်က ရပ်တည်မှာပဲ။ ကျွန်တော်တို့ အားပေးဖို့ တာဝန်ရှိတယ်။ ဒါကတော့ ကျွန်တော်တို့တင်မက ပါဘူးဗျာ။ 



ကမ္ဘာကြီးတစ်ခုလုံးက ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူတွေဘက်က အမြဲရှိနေရမှာပေါ့။ သူတို့ချည်းပဲ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ပြည်သူတွေကပါ ထောက်ခံအားပေးတယ်ဆိုတဲ့ သတင်းစကားမျိုး ပေးသင့်ပါတယ်။ ဘဝချင်းက တူတယ် လို့ ကျွန်တော်တို့ခံစားရတယ်။ အဲဒီတော့ ခံစားချက်ချင်းလည်း တူတယ်ပေါ့ ဗျာ။ ဒီလှုပ်ရှားမှုကို ကျွန်တော်တို့ ထောက် ခံအားပေးနေတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က သူတို့ရဲ့ လှုပ် ရှားမှုကိုမျက်ခြည်မပြတ် ကြည့်နေတယ်။ ကျွန်တော်ပြော ချင်တာက ကျွန်တော်တို့ဆီက ပြည်သူတွေနဲ့ ဘဝတူပဲဗျာ။ ရတဲ့နည်းနဲ့ အားပေးမှာပဲ။

အခု အခြေအနေတွေထိ ဖြစ်လာအောင် ဘာက တွန်းပို့နေတယ်လို့ ထင်ပါသလဲ။

အဓိကက ဟောင်ကောင်ပြည်သူတွေဟာ ဒီမိုကရေစီရဲ့တန်ဖိုးကို နားလည် တယ်ဗျ။ သူတို့က ဒီမိုကရေစီနဲ့ အများကြီး ကျင့်သားရတယ်ဆိုတဲ့အခါကျတော့ ဒီလိုမျိုး အခွင့်အရေးတွေကို ချိုးဖောက်ခံရတယ်ဆိုရင် သူတို့ လက်မခံတော့ဘူး။ ငြိမ်မခံတော့ဘူး။ သူတို့ တွန်းလှန်ကြလိမ့်မယ်။ တွန်းလှန်ကြတယ်ဆိုတဲ့ နေရာမှာ ပုံသဏ္ဌာန်ကတော့ အမျိုးမျိုး ရှိတာပေါ့။ အဓိက အကြောင်းအရာတွေကတော့ ဒီမိုကရေစီရဲ့တန်ဖိုးနဲ့ အခွင့် အရေးတွေကို ဆုံးရှုံးမယ်၊ ထိပါးလာမယ် ဆိုရင်တော့ ဒီလိုတုံ့ပြန်မှာပါပဲ။

အစိုးရရုံးတွေကို ဝင်စီးမယ်ဆိုတာမျိုးတွေ ပြောနေပြီဆိုတော့ ထိပ်တိုက် တွေ့ဆုံမှုတွေဖြစ်လာမယ်လို့ ထင်လား။

ဒါက နှစ်ဖက်စလုံးရဲ့ ဉာဏ်အမြော် အမြင်ကြီးမားမှုအပေါ် မူတည်လိမ့်မယ်ဗျ။ အထူးသဖြင့်ကတော့ဗျာ ဆန္ဒပြတယ် ဆိုတဲ့ ပြည်သူတွေကဘာမှ အကြမ်းဖက်တာမျိုး မရှိဘူး။ နောက်တစ်ခုက ညီညီညွတ်ညွတ်နဲ့ ရှေ့ကိုချီတက်နေတယ်။ သူတို့ရဲ့ အရေးတော်ပုံကိုလည်း မကျရှုံးအောင် ကာကွယ်ကြမှာပါပဲ။ အဓိကက တော့ အုပ်ချုပ်ရေး ယန္တရားက ဒါကို ဘယ်လောက်ညင်ညင်သာသာ ကိုင်တွယ်နိုင်လဲ။ လူထုကို ဘယ်လောက် တလေးတစား အသိအမှတ်ပြုပြီးတော့ လိုက်လျောမလဲဆိုတာ အရေးကြီးပါတယ်။

ယေဘုယျကျတဲ့အဖြေမျိုး ပေးတာလောက်တော့ မရဘူးပေါ့။ တိကျတဲ့ အဖြေတွေ၊ သတ်မှတ်ချက်တွေ လိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈၊ ၈၉ ခုနှစ်တွေမှာ ဒီလို ဖြစ်ခဲ့တယ်။ အခု ဟောင်ကောင်မှာ ဖြစ်တာကော ဘာ့ကြောင့်လို့ထင်လဲ။

အဓိကကတော့ဗျာ။ ဟောင်ကောင်ဟာ ကိုယ့်ရဲ့အုပ်ချုပ်ရေးမှူးကို ကိုယ့်ဟာကိုယ် ရွေးချယ်လာကြတဲ့ ကျင့်သားတော့ ရနေပြီလေ။ လက်ရှိအနေအထားကနေ လျော့ကျသွားမယ့် အဖြစ်မျိုးကိုတော့ လက်ခံကြမှာ မဟုတ်ဘူး။ ဘယ်လို ပဲဖြစ်ဖြစ် ကျောင်းသားတွေက စတယ်ဆိုတာကတော့ နိုင်ငံတကာသမိုင်းမှာကတော့ ဒီလိုပါပဲ။ ပြည်သူတွေကလည်း ဒီတန်ဖိုးကိုသိတဲ့အခါကျတော့ ကျောင်းသားတွေနဲ့ တစ်သားတည်း ဖြစ်သွားတာပဲဗျ။ အဲ့ဒီ အခါကျတော့ ဒီနေ့အခြေ အနေကို ရောက်လာတာပဲပေါ့။

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူတွေအနေနဲ့ ဒီအပေါ် ဘယ်လိုရပ်တည်သင့်လဲ။

ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့သဘောဆန္ဒကိုပဲကြည့်မှာ။ အဲ့ဒီအခါကျတော့ ဒါဟာ တကယ်ပြည် သူတွေလို လားနေတဲ့ ဆန္ဒအစစ်အမှန်ဆိုလို့ရှိရင် မှန်ကန်တဲ့ ပြည်သူတွေဘက်ကနေ ရပ်တည်တယ်၊ ရှိ တယ်ဆိုတာကို ကျွန်တော်တို့ပြရမှာပေါ့။ ကျွန်တော်တို့တွေဟာ သူတို့ကို စိတ်ဓာတ် ခွန်အားတော့ အနည်းဆုံး ပေးသင့်တာပေါ့ဗျာ။ နောက်တစ်ခုက စည်းကမ်းလည်းရှိရမယ်။ အကြမ်းလည်း မဖက်တဲ့နည်းဟာ အင်မတန် သင့်မြတ်တယ်ဆိုတာလည်း ကျွန်တော်တို့က ပြောနိုင်စွမ်းရှိရမယ်ပေါ့။ အဓိကကတော့ စိတ်ဓာတ်ရေးရာအရ ကျွန်တော်တို့အားပေးရမှာပါ။ အနိမ့်ဆုံး အဆင့်က အားကိုပေးကြရမှာပါ။

မြန်မာအစိုးရကတော့ အာဆီယံနိုင်ငံတွေ ရဲ့ မူဝါဒအရ ဝင်မစွက်ဘူးလို့ ဆိုပါတယ်။ ဘယ်လိုမြင် ပါသလဲ။

လက်ရှိအစိုးရအနေနဲ့ ဒီလိုနိုင်ငံခြားတစ်ခုခုမှာ ဒီမိုကရေစီတောင်းဆိုတာမျိုးကို အခုလို လက်ရှောင်နေမယ်ဆိုတာ ဒါကတော့ မဆန်းပါဘူးဗျာ။ ဒါကတော့ ထင်သားပဲလို့ပဲ ကျွန်တော်တို့ပြောရမှာပေါ့။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List