Friday, October 03, 2014

မန္တလေးရွှေနန်းတော် ဘဏ္ဍာငွေ စီမံခန့်ခွဲခွင့်မရ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းမည်



ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်သည့် မန္တလေးမြို့တော်ရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးကို လက်ရှိ အစိုးရ သစ် လက်ထက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ စီမံခန့်ခွဲခွင့် လွှဲပြောင်းပေးခဲ့သော်လည်း ဘဏ္ဍာငွေ စီမံခန့်ခွဲခွင့် မရ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။
အဆိုပါ ရွှေနန်းတော်ကို ပြည်ထောင်စုအစိုးရက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သော်လည်း အဆောက်အအုံကိုသာ လွှဲပြောင်းပေးအပ်ခဲ့ပြီး နန်းတော်နှင့် ပတ်သက်သည့် အခွန်အခ အားလုံးကို ယဉ်ကျေးမှု ဝန်ကြီးဌာနကသာ ကိုင်တွယ်ခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် မေလအတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာသို့ ဘဏ္ဍာရေးကိစ္စများ ဆွေးနွေး တိုင်ပင်ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ဝန်ကြီးက ထပ်လောင်းဆိုသည်။

ယင်းအခြေအနေများအရ နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြနန်းစံကျော် ရွှေနန်းတော်ကြီးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ပြန်လည်အပ်ရန် ညွန်ကြားခဲ့သဖြင့် ယခုကဲ့သို့ ပြန်လည်အပ်နှံသွား ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးက ထပ်မံ ပြောကြားသည်။

“ငွေရှိမှ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းက လုပ်လို့ရတယ်။ ကျွန်တော်တို့မှာ ငွေမရှိတော့ ဒါတွေကို မလုပ်နိုင်ဘူး။ ဒါကြောင့် သမ္မတရုံး လမ်းညွန်ချက်အတိုင်း ပြန်လည်အပ်နှံဖို့ လုပ်ရတာပါ” ဟု ဝန်ကြီး ဒေါက်တာမြင့်ကြူက ဆိုသည်။

မြနန်းစံကျော် ရွှေနန်းတော် ပြုပြင်ရေးကိစ္စတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနှင့် များစွာ တာဝန်ရှိကာ ယင်းရွှေနန်းတော် ကြီးသည် မြန်မာတို့၏ ယဉ်ကျေးမှု ဥပဓိ စရိုက်လက္ခဏာ ဖြစ်သကဲ့သို့ အမျိုးသားရေး လက္ခဏာကြီး တစ်ရပ်ဖြစ်သဖြင့် မပြုပြင် မထိန်းသိမ်းဘဲထားပါက မြနန်းစံကျော်ကြီး၏ မူလသန္ဓေများ ပျောက်ပျက်ပြီး အစွယ်အပွားများ ဖြစ်သည့် တိုက်ကား များ၊ ကလေးကစားကွင်းများဖြင့်သာ စည်ကားသွားနိုင်သည့်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ အနေနှင့် ပညာရှင်များနှင့် တိုင်ပင်ပြီး မြနန်းစံကျော် ရွှေနန်းတော်ကို ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဇုန်ကြီးတစ်ခု ဖြစ်ပေါ်လာ အောင် အမြန်လုပ်ဆောင်သင့်ကြောင်း မန္တလေးမြို့ခံ အမျိုးသားစာပေဆုရ စာရေးဆရာ ဆူးငှက်က သုံးသပ်ပြောကြား သည်။

“လုံခြုံရေး၊ ဆေးသုတ်၊ မြက်ရှင်းကိစ္စလေးတောင် ဟိုလွှဲ၊ ဒီလွှဲ လုပ်နေတာ ကတော့ မန္တလေးမြို့သား တစ်ယောက်အနေနဲ့ ကြားရတာ ရင်နာတယ်” ဟု ၎င်းကဆိုသည်။

မြနန်းစံကျော် ရွှေနန်းတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးက သတ္တဌာန ခုနစ်ခုနှင့် တစ်ပြိုင်နက် တည်ဆောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရကာ ၁၉၉၀ ပြည့်နှစ် နန်းတွင်းပုရပိုက်ဖြူလာ မြနန်းစံကျော် ရွှေနန်းတော်ကြီး ပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး ၂၃ နှစ်တိုင်တိုင် ယဉ်ကျေးမှု ဝန်ကြီးဌာန အောက်တွင် ထားရှိခဲ့ကာ ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီး ဌာနက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေး အပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List