Wednesday, October 01, 2014

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး အခြေအနေသည် လွန်စွာအားနည်းနေပြီး တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း သူရဦးအောင်ကို ပြောကြား


မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အခြေအနေသည် လွန်စွာအားနည်းနေပြီး တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက လွှတ်တော်တွင် တင်ပြဆွေးနွေး ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နေပြည်တော်တွင် စက်တင်ဘာ ၃၀ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရားရေး တတိယမဏ္ဍိုင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် တည်ဆဲတရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစီရင်ရေး လုပ်ငန်းများကို အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြား သည်။

အမှန်တရားအတွက် တရားဥပဒေ၏ အကာအကွယ်ရရှိရန် တရားရုံးများကို အားကိုးကြသော ပြည်သူများ အနေဖြင့် စီရင်ချက်မချမီ တရားရုံးသို့ နှစ်ကာလကြာမြင့်စွာ အကြိမ်ကြိမ် သွားနေရသောကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ကာ တရားရုံးများအပေါ် ယုံကြည်မှုလျော့ပါးလာတတ်ပြီး ယင်းအခြေအနေသည် နိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက် ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို၊ ဦးသိန်းထွန်းဦး၊ ဦးသာစိန်၊ ဒေါ်နန်းဝါနုနှင့် ဒေါ်မိမြင့်သန်းတို့က ဆွေးနွေးခဲ့ကြသည်။

အုပ်ချုပ်ရေးပိုင်းတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နည်းလုပ်ဟန်းများ မတွေ့ရှိရဘဲ ဗျူရိုကရေစီ အလေ့အကျင့်များ ရှိနေကြောင်း ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပြည်သူ့ လွှတ်တော်၊ တရားဥပဒေစိုး မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် တရားဥပဒေစိုးမိုးရေး စင်တာများ ဖွင့်လှစ်ရန် အစိုးရမှပူးပေါင်းပါဝင်ခြင်းမရှိ ကြောင်း ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက “ယနေ့ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အခြေအနေ သည် လွန်စွာအားနည်းနေပြီး တရားရေးမဏ္ဍိုင်ကလည်း ယိမ်းယိုင်နေကြောင်း ပြည်တွင်း၊ ပြည်ပမှ ဝေဖန်ထောက်ပြနေကြပါတယ်။ တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း၊ ထိုသို့ ဖြစ်ပွားနေရခြင်းသည် တရားရေးနယ်ပယ်မှ ပုဂ္ဂိုလ်ဝန်ထမ်းများ အနေဖြင့် ပြည့်စုံလုံလောက်သော လစာ၊ စရိတ်နှင့် Facility မရကြသောကြောင့်ဖြစ်ကြောင်း သုံးသပ်ကြပါတယ်” ဟုဆိုသည်။

တရားဥပဒေစိုးမိုးရေးသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နှင့် သက်ဆိုင်ပြီး ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်သည့်အပြင် တရားဥပဒေ စိုးမိုးစေရန်အတွက် စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာနှင့် ပဉ္စမမဏ္ဍိုင်ဖြစ်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

ဒီမိုကရေစီနှင့် လွှတ်တော်အတွေ့အကြုံ မရှိခဲ့ကြသောကြောင့် မဏ္ဍိုင်သုံးရပ်တွင် အားနည်းချက်များစွာ ကိုယ်စီရှိကြပြီး ဥပဒေပြု လွှတ်တော်အပိုင်းကို ကြည့်လျှင်လည်း ပြဋ္ဌာန်းပြီး ဥပဒေတစ်ရပ်ကို လပိုင်း၊ နှစ်ပိုင်းအတွင်း ပြန်ပြင်နေရခြင်းသည် ဥပဒေစွမ်းရည် မပြည့်ဝသေးကြောင်း တွေ့ရှိရမှာဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

တရားဥပဒေစိုးမိုးရေး စင်တာများ ဖွင့်လှစ်နိုင်ရန် စီမံခြင်းသည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ရန် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် တိုးတက်မြင့်မားရန် ပျိုးထောင်ခြင်းပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တစ်နှစ်အတွင်း တိုင်ကြားစာပေါင်း ၇၀၀၀ ကျော် ပေးပို့တိုင်ကြားထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List