Wednesday, October 01, 2014

မော်ဒယ်လ် အေးချမ်းမြတ်မိုး အသတ်ခံရမှု စတင်စစ်ဆေးမည်


တက်သစ်စမော်ဒယ်လ် အေးချမ်းမြတ်မိုး ဓားထိုး အသတ်ခံရမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံး၌ စတင်စစ်ဆေးမည် ဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တိုင်းဒေသကြီး မှုခင်းဌာနကို မှုခင်း ဆေးစစ်ချက် ပေးပို့ရာတွင် ချက်ချင်း ပြန်မကျခြင်း၊ ဥပဒေ အကြံပေးနှင့် တွေ့ဆုံမှု နောက်ကျခြင်း တို့ကြောင့် လူသတ်မှု ဖြစ်ပွားပြီး တစ်လကျော် အကြာမှသာ ရုံးတင်စစ်ဆေးရခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“ပုဒ်မ ၃၀၂ နဲ့ ခရိုင်တရားရုံးကို အမှုစွဲတင်ထားတယ်။ တရားခွင်ရောက်မှ ဆက်လက်စစ်ဆေးရင်းနဲ့ စွဲချက်ပြောင်းသင့် မပြောင်းသင့် ဥပဒေအရာရှိတွေက ဆက်လက် ဆုံးဖြတ်သွားမှာပါ” ဟု အဆိုပါ ရဲစခန်းမှ ၎င်းက ရှင်းပြသည်။

သြဂုတ်လ ၂၆ ရက် ညနေပိုင်းက ဒဂုံမြို့နယ် ဦးဝိစာရ အိမ်ရာဝင်းအတွင်း နေထိုင်သူ အသက် ၁၉ နှစ်အရွယ်ရှိ မော်ဒယ်လ် အေးချမ်းမြတ်မိုးမှာ အပြင်မှ နေအိမ်သို့ ပြန်လာစဉ် ၎င်းနေထိုင်ရာ တိုက်၏ လှေကားထစ်၌ အိမ်ရာဝင်း တစ်ခုတည်းတွင် နေထိုင်သော အသက် ၂၂ နှစ် အရွယ်ရှိ ကိုအံ့ဖြိုးပိုင်က ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

“ကောင်မလေးက သူ့ကို ပြန်မချစ်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး တစ်လအကြာမှာ အိမ်လှေကား ကနေ ချောင်းပြီး ဓားထိုး အသတ်ခံရတာ၊ ပထမတစ်ချက် ဆီးအိမ်နားကို ဓားနဲ့ထိုးတာ။ ချိတ်ထဘီက ထူတော့ ဒဏ်ရာမရခဲ့ဘူး၊ ကောင်မလေးက သုံးလွှာက သူ့အိမ်ကို တက်ပြေးတော့ နောက်ကနေ ဓားနဲ့ လိုက်ထိုးတာ။ လည်ပင်းကို ထိုးမိရာက သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 

အဆိုပါ ဓားဖြင့် ထိုးခဲ့သူ ကိုအံ့ဖြိုးပိုင်မှာ ဆေးတက္ကသိုလ်ကျောင်း ပထမနှစ်ဖြင့် ကျောင်းထွက်ကာ B.Sc (HONS) တက်ရောက်နေသူ ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များနှင့် ငယ်စဉ်ကတည်းက သိကျွမ်း ခဲ့သူ ဖြစ်ကြောင်း၊ မော်ဒယ်လ် အေးချမ်းမြတ်မိုးနှင့် ၎င်းမှာ ချစ်သူ ဖြစ်နေရာမှ လူမှုရေး အရှုပ်အထွေး တစ်ခုကြောင့် ဓားဖြင့်ထိုးသတ်ခဲ့သည်ဟု သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့မှုကို လက်မခံနိုင်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူက ပြောကြားသည်။

“မဟုတ်မမှန် သတင်းတွေကြောင့် သေဆုံးခဲ့သူရော၊ မိသားစုပါ ဂုဏ်သိက္ခာ ကျခဲ့ရတယ်။ ဘယ်နေ့ ရုံးတင်စစ်ဆေးမှာလဲလို့ မီဒီယာတွေက လာလာမေးနေပေမယ့် လတ်တလောမှာ ဒီကိစ္စကို အန်တီတို့ ဘက်က မဖြေကြားပေးနိုင်ဘူး။ ရဲတပ်ဖွဲ့ကိုလည်း သတင်းမထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံထားတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List