Wednesday, October 01, 2014

တရားခံ ဖော်ထုတ်မပေးပါက သပိတ်စခန်းဖွင့်၍ အစာငတ်ခံ ဆန္ဒဖော်ထုတ်မည်


မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအင်အား ၅၀ ဖြင့် ဝင်ရောက်အကြမ်းဖက် သေနတ်များဖြင့် ပစ်ခတ်မှုကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် စဥ့်ကူးမြို့ တွင် စက်တင်ဘာ ၃၀ ရက်၌ အင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒဖ်ာထုတ်ခဲ့ပြီး အဆိုပါ အကြမ်းဖက်မှု အမြန်ဆုံးဖော်ထုတ်အရေး ယူမပေးပါက တိုင်းအစိုးရအဖွဲ့ ရုံးအနီးတွင် သပိတ်စခန်း ဖွင့်၍ အစာငတ်ခံဆန္ဒဖော် ထုတ်သွားမည်ဟု ဒေသခံများကဆိုသည်။

“ကျွန်တော်တို့ရွာကို အကြမ်းဖက်ဝင်ရောက် သေနတ်နဲ့ပစ်တဲ့ရဲတွေကို ဒီနေ့အထိ ဖော်ထုတ်အရေးယူပေး တာမရှိဘူး။ ဘာမှ ဆောင်ရွက်ပေးတာမရှိဘူး။ ဒီလို လက်နက်အားကိုးပြီး အနိုင်ကျင့်နေတဲ့ ရဲတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးဖို့ ဆန္ဒပြတာပဲ”ဟု ဆန္ဒပြ ဦးဆောင်သူ ကိုကျော်တင့်က မဇ္ဈိမကို ပြော သည်။

ဆန္ဒပြခွင့်ရရှိရန် အကြိမ်ကြိမ်စာတင်ခဲ့သော်လည်း စက်တင်ဘာ ၂၇ ရက်တွင် ထပ်မံတင်မှသာ ခွင့်ပြုမိန့် ပေးသည်ဟု ကိုကျော်တင့်က ဆိုသည်။

“စဥ့်ကူးမြို့မှာလည်းပြတယ်။ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတော့ စဥ့်ကူး သွားပြတာက လူဦးရေအကန့် အသတ်နဲ့ဆိုတော့ အကုန်မလိုက်ရဘူး ဖြစ်နေတယ်။ ဒါကြောင့် တစ်ရွာလုံး ပါလို့ရအောင်ရွာမှာလည်း တစ်ပတ်ပတ်ပြီး လုပ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။

ထိုသို့ ရဲများအကြမ်းဖက်ဝင်ရောက် ပစ်ခတ်မှုကြောင့် ဒေသခံ မဆန်းကြင်နု မှာခြေထာက်တွင် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ရွာသူရွာသားအချို့ ဒဏ်ရာများရရှိခဲ့သည် ဟုဆိုသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လာရောက်ကူညီပေးမှုများ မရှိသည့်အပြင် ရွာသူရွာ သားအချို့ကို ပြန်လည်ခုခံသည်ဟုဆိုကာ လက်ပံလှရဲစခန်း က မဆန်းကြင်နု၊ ဒေါ်ခင်မြင့်၊ မျိုးညိမ်းဇော်၊ ချစ်စန်းမောင်၊ သန်းဇော်၊ အောင်မျိုးဇော်၊ ဇော်ပိုင်၊ ထက်ဇော်နှင့် မျိုးဝင်းတို့ကို ပုဒ်မ ၃၃၃၊ ၁၄၈၊ ၁၄၉၊ ၄၂၇၊ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားသည်ဟုဆိုသည်။

“ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက်ပိုင်ခဲ့တဲ့မြေကို ပြန်ရအောင်ထွန်တုံး တိုက်ပွဲဝင်တယ်။ အခုဖြစ်နေတာ က မြေပြန်မရတဲ့အပြင် သေနတ်နဲ့လည်း အပစ်ခံရ၊ တရားလည်း စွဲဆိုခံရဖြစ်နေတယ်။ အမှန်တရားက ပျောက်နေတယ်။ ဒီနေ့အမှန်တရားကို ဖော်ထုတ်ပေးဖို့ ဆန္ဒပြကြတာပဲ”ဟု ကိုမျိုးညိမ်းဇော်က ပြောသည်။

အဆိုပါ ညောင်ဝန်းကျေးရွာရှိ လယ်ယာမြေဧက ၆,၀၀၀ ကျော်ကို အမှတ်-၁၂၁ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ ၁၉၇၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း သိမ်းယူခဲ့သဖြင့် ဒေသခံများသည် ဇွန်လ ၆ ရက် မှစတင်၍ ယနေ့အချိန်ထိ ထွန်တုံးတိုက်ပွဲ ၀င်နေဆဲဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List