Friday, October 03, 2014

သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအား ထောက်ခံကြောင်း မန္တလေးမြို့တွင် ထပ်မံဆန္ဒပြ



သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ် မှုတစ်ရပ်ကို မန္တလေးမြို့တွင် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၆၂ လမ်း မနော်ရမ္မံဥယျာဉ်အနီးရှိ ဟစ်တိုင်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒဖော်ထုတ်မှုကို ပြည်ကြီးတံခွန်မြို့နယ် ရွှေလံဗိုလ်လမ်းအကွက် (လလ-၈၁/၈၇) တွင်ခုံ/သံရည်ကျိုလုပ်ငန်း လုပ်ကိုင်သူ ဦးချမ်းပြည့်ဖြိုးက ဦးဆောင်၍ လူအင်အား ၁ဝဝ ခန့်က ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဆောင်ဆန္ဒဖော်ထုတ်သူအနေဖြင့် “နိုင်ငံတော်သမ္မတကြီး၏ လုပ်ဆောင်ချက်များကို ထောက်ခံရန်ရည်ရွယ်ချက် ”ခေါင်း စဉ်ဖြင့် နံနက် ၇ နာရီမှ နံနက် ၉ နာရီအထိ ခွင့်ပြုချက်ရရှိခဲ့သော်လည်း နံနက် ၇ နာရီ မိနစ် ၄ဝ မှ ၇ နာရီ ၅၅ မိနစ်ခန့်အချိန်အထိ ၁၅ မိနစ်ခန့်သာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင်ကြွေးကြော်သံများ ကြွေးကြော်ခြင်းမရှိဘဲ သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအား ထောက်ခံကြောင်း၊ လုပ်ဆောင်ချက်များအား ထောက်ခံကြရန် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ ကြကြောင်း သိရသည်။

“မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဠတာဝန် ကျေပွန်စွာဦးဆောင်နိုင်မှုကို ဂုဏ်ပြုထောက်ခံသည်”၊ “SEA Game ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်မှုကို ဂုဏ်ပြုသည်”၊ “နိုင်ငံတကာ နှင့်ဆက်ဆံရေး တိုးမြှင့်လာခြင်းကို ကြိုဆိုသည်”၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို ကြိုဆိုအားပေးထောက်ခံကြပါစို့”၊ “နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ကြပါစို့” “အကျင့်ပျက်အဂတိလိုက်စားသူများအား ပြတ်သားစွာ အရေးယူရန် တိုက်တွန်းပါသည်” စသည့်စာသားများ ပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ထို့အပြင် “နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို ထောက်ခံကြ ပါစို့”၊ တောင်သူလယ်သမားများ အကျိုးပြုဥပဒေနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို အားပေးသည်”၊ “ပြည်တွင်းပြည်ပရှိ နိုင်ငံသားအလုပ်သမားများ၏ အကျိုးစီးပွားကာကွယ်မှုကို ကြိုဆိုသည်”၊ “နိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ပိုမိုမြှင့်တင်ရန် တိုက်တွန်းသည်”၊ “ နိုင်ငံတိုးတက်ဖို့ တစ်မျိုးသားလုံးစည်းလုံးညီညွတ်ကြပါစို့”၊“ နိုင်ငံတိုးတက်ဖို့ တစ်မျိုးသားလုံး ဒီမိုကရေစီထွန်းကားရေး ညီညာစွာဝိုင်းဝန်း ဖော်ဆောင်ကြပါစို့”၊ နိုင်ငံချစ်စိတ်၊ အမျိုးသားချစ်စိတ်၊ ရိုးရာယဉ်ကျေးမှု အမွေနှစ်များ ထိန်းသိမ်းစောင့်ရှောက် ယုံကြည်ထောက်ခံသည်၊“သမ္မတကြီး ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် လွှတ်တော်များ၏ ဆောင်ရွက်ချက်ကို ယုံကြည်ထောက် ခံသည်”စသည့် ဗီနိုင်း၊ ပိုစတာ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့ ဟစ်တိုင်အနီးတွင် နေထိုင်သူတစ်ဦးက “ဆန္ဒပြနေတယ်ဆိုတာသိလို့ သွားကြည့်တော့ ပြီးသွားပြီ။ ဘာမှမကြာလိုက်ဘူး။ လမ်းဖြတ်သွားတဲ့ သူတွေမပြောနဲ့၊ အနီးပတ်ဝန်းကျင်နေတဲ့သူတွေတောင် ကောင်းကောင်း မသိလိုက်ဘူး”ဟု ပြောကြားသည်။

ယခုကဲ့သို့ သမ္မတအားထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုအပေါ် မန္တလေးမြို့ခံ သတင်းမီဒီယာများအနေဖြင့် သိရှိခဲ့ခြင်း မရှိသဖြင့် သွားရောက်သတင်းရယူခဲ့ခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။

သမ္မတဦးသိန်းစိန်အား ထောက်ခံသည့် ယခုဆန္ဒဖော်ထုတ်မှုသည် မန္တလေးမြို့ တွင်ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်က ဆန္ဒဖော်ထုတ်မှု တစ်ကြိမ် ပြုလုပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List