Thursday, October 02, 2014

ကရင်ပြည်နယ် ကော့ကရိတ် နဘူးလမ်းပိုင်းတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဆက်လက်ဖြစ်ပေါ်



ကရင်ပြည်နယ် ကော့ကရိတ် နဘူးလမ်းပိုင်းတွင် အောက်တိုဘာ ၁ ရက်က ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (DKBA) က အစိုးရစစ်တပ်ယာဉ်တန်းနှင့် ခရီးသည်တင်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်မှုများရှိ ခဲ့ပြီးနောက် တပ်မတော်ဘက်လုံခြုံရေး တိုးမြှင့်ခဲ့သော်လည်း အောက်တိုဘာ ၁ ရက်တွင် ပစ်ခတ်တိုက်ခိုက် မှု ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
    
အောက်တိုဘာ ၁ ရက်တွင် ကော့ကရိတ် နဘူးလမ်းပိုင်းတွင် ပစ်ခတ်တိုက် ခိုက်မှုများရှိခဲ့သည့်နည်းတူ အဆိုပါနေ့ နံနက် ၁ နာရီ ၃၀ မိနစ်ကလည်း မြ၀တီဒေါနတောင်ကျော်လမ်းတံတားကျိုး စစ်ဆေးရေးဂိတ် စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
    
တပ်မတော် ဒေသခံတပ်များ၊ နယ်ခြားစောင့်တပ်နှင့် DKBA တို့အကြား တင်းမာမှုများသည် စက်တင်ဘာ ၁၈ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ၊ တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
    
ပစ်ခတ်တိုက်ခိုက်မှုအများစုမှာ ကရင်ပြည်နယ် မြ၀တီ-ဘားအံလမ်းပိုင်းနှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် များတွင် အများဆုံးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
    
ယခုရက်ပိုင်းအတွင်းဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဒေသ ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဆက်ရှိနေခြင်းဖြစ်သည်။
    
"မနေ့က ယာဉ်တန်းအတက်နေ့ မြ၀တီကို ကားတက်လာရပေမယ့် ခရီးသွားနည်းသွားတယ်။ မဖြစ်မနေ သွားတဲ့သူတွေလောက်ပဲရှိတယ်။ အရင်လို အလည်သွားတာ၊ ဈေးဝယ်သွားတာတွေ မရှိသလောက်ဖြစ် သွားပြီ" ဟု ဘားအံ-မြ၀တီယာဉ်မောင်း ဦးအောင်ကျော်က ပြောကြားသည်။
    
ဘားအံ-မြ၀တီယာဉ်လမ်းပိုင်း၌ အသွားအလာနည်းပါးသွားခြင်းသည် စက်တင်ဘာ ၂၉ ရက်နေ့ဖြစ်စဉ်နှင့် သက်ဆိုင်နေခြင်းဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်က ဘားအံ-မြ၀တီလမ်းကြောင်း၊ သာမညအလွန် သာယာကုန်းနှင့် ဒူရိန်ရော်ဘာခြံအနီးတွင် ဘားအံနှင့် ကော့ကရိတ်ပြေးဆွဲနေသော လိုင်းကားနှင့် ပေ ၂၀ ခန့်အကွာတွင် လက်နက်ကြီးတစ်လုံးပေါက်ကွဲခဲ့သဖြင့် ခရီးသည်အချို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
    
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး နယ်မြေခံအစိုးရ တပ်များနှင့် DKBA အဖွဲ့တို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။
    
မြ၀တီမြို့ရှိ DKBA မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆိုအရ အစိုးရတပ်များနှင့် DKBA တို့အကြား တင်းမာမှုဆက်ရှိနေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားသည်။
    
မြ၀တီမြို့တွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားခြင်းမရှိသော် လည်း မြို့တွင်း၊ မြို့ပြင် အ၀င်အထွက်လမ်းများတွင် တပ်မတော်ဘက်က လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံများကဆိုသည်။ စက်တင်ဘာ ၂၇ ရက် ပစ်ခတ်တိုက်ခိုက်မှုအပြီး ပိတ်ခဲ့သည့်စာသင်ကျောင်း များကို စက်တင်ဘာ ၂၉ ရက်တွင် ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
    
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများတွင်မူ စာသင်ကျောင်းများကို အောက်တိုဘာ ၁ ရက်အထိ ပိတ်ထားဆဲဖြစ်သည်။
    
"နယ်မြေမအေးချမ်းဘူး။ လုံခြုံမှုမရှိဘူးဆိုရင်တော့ ကျောင်းတွေကို ခေတ္တယာယီပိတ်တာတွေလုပ်ရမှာပဲ" ဟု ကျိုက်မရောမြို့နယ်ပညာရေးမှူး ဦးအောင်တင်က The Daily Eleven သို့ပြောကြားသည်။
    
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း၌ အစိုးရတပ်များနှင့် DKBA အဖွဲ့တို့သည် စက်တင်ဘာ ၂၆ ရက်ကစတင်ကာ ထိတွေ့မှု များဖြစ်ပွားခဲ့ပြီးနောက် ကျိုက်မရောမြို့နယ်အတွင်းရှိ ကတုံစီး၊ ရွှေဝါချောင်၊ ကျခတ်ကုန်း၊ ဦးလေး၊ ငါးပြင်မ အစရှိသောကျေးရွာများမှ ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ထိုကျေးရွာများမှာ ကျောင်းများကိုလည်း ပိတ်ခဲ့ခြင်းဖြစ်သည်။
    
ကရင်ပြည်နယ်တွင် စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ်တို့ တင်းမာမှုဖြစ်ပေါ်ကာ ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စက်တင် ဘာ ၂၆ ရက်တွင် တပ်မတော်ခလရ ၂၀၈ မှ ယာဉ်တန်းအား DKBA မှ ချောင်းမြောင်းပစ်ခတ်မှုတစ်ကြိမ်၊ စက်တင်ဘာ ၂၉ ရက်တွင် ကျုံဒိုး-ကျိုက်မရောခရီးလမ်းအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီး ကို DKBA မှပစ်ခတ်ရာ ခရီးသည်လေးဦး ဒဏ်ရာရတစ်ကြိမ်၊ ၎င်းနေ့တွင် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ ရှိ ခလရ ၂၃၀ ရိက္ခာတင်စက်လှေငယ်ကို ပစ်ခတ်မှုတစ်ကြိမ်၊ စက်တင်ဘာ ၂၉ ရက်တွင် ဖာပွန်မြို့နယ် မိဇိုင်းဒေသတွင် DKBA နှင့် BGF ၁၀၁၄ တပ်ဖွဲ့တို့ ထိပ်တိုက်ပစ်ခတ်မှုတစ်ကြိမ်၊ အောက်တိုဘာ ၁ ရက် နံနက် ၁ နာရီကျော်ခန့်က မြ၀တီမြို့အနီး တံတားကျိုးစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်ကြိမ်ဖြစ် ပွားခဲ့ကြောင်း သိရသည်။
    
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ လွှတ်တော်သို့တက်ရောက်နေ သော ကရင်တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာထံသို The Daily Eleven သတင်းစာမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် "ဒီကိစ္စကို အမြန်ဆုံးရပ်ဆိုင်းနိုင်အောင် လွှတ်တော်မှာ တင်ပြသွားမယ်။ သဘောချင်းမတိုက်ဆိုင်လို့ လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်တယ်ဆိုပေမယ့် အခုနောက်ပိုင်း ပြည်သူလူထုဘက်ကို သေနတ်ပြောင်းဝလှည့်တာကိုတော့ သည်းမခံနိုင်ဘူး။ဒါမဖြစ်သင့် တဲ့ ကိစ္စ၊ ရှေ့ဆက်ပြီး နှစ်ဖက်တပ်တွေ ရင်ဆိုင်တိုက်ပွဲမဖြစ်အောင် လွှတ်တော်မှာ တင်ပြမှာဖြစ်တယ်" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List