Friday, October 03, 2014

အီဘိုလာပျောက်သည့် ပဋိပစ္စည်း ထုတ်လုပ်နိုင်ပြီဟု ထိုင်း မဟီဒေါတက္ကသိုလ် ဆေးပညာဌာန ကြေညာ



ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက် အခြေစိုက် မဟီဒေါတက္ကသိုလ် ဆီရီရက်ဂ်ျ ဆေးတက္ကသိုလ် ဆေးရုံမှ ဆရာဝန်များက အီဘိုလာ ဝေဒနာရှင်များကို ကုသပေးနိုင်မည့် ပဋိဇီဝပစ္စည်း အသစ်တစ်မျိုးကို ထုတ်လုပ်နိုင်ပြီဟု အခိုင်အမာ ကြေညာ ချက် ထုတ်ပြောဆိုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ ပမာဏများများဖြင့် ထုတ်လုပ်ဖြန့်ချိရန် တစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်းလည်း အဆိုပါ ထိုင်းပညာရှင်များက ပြောကြားလိုက်သည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆေးရုံက ကြေညာသည်မှာ ရောဂါ ကူးစက် ခံထားရသော ဆဲလ်များအတွင်းသို့ စိမ့်ဝင်နိုင်လောက်အောင် သေးငယ်သော ပဋိဇီဝ ပစ္စည်းများသည် ဆဲလ်အတွင်းရှိ ဗိုင်းရပ်စ်၏ ပရိုတိန်းများကိုလည်း ရယူနိုင်စွမ်း ရှိသည်ဟူ၍ ဖြစ်သည်။

အခြားဖြစ်နိုင်ခြေ ရှိသော ကုထုံးများ ထွက်ပေါ်ခဲ့သော်လည်း ယခု သုတေသနပြု တွေ့ရှိချက်အရ ထိုင်းကုထုံးသည် ပိုမိုထိရောက် ကောင်းမွန်ဖွယ်ရှိကြောင်း ထိုင်းဆရာဝန်များက ပြောကြားသည်။ယခု လက်ရှိအချိန်အထိ အီဘိုလာကို ကုထုံး သို့မဟုတ် ဆေးဝါးဖြင့် ပျောက်ကင်းအောင် မပြုလုပ်နိုင်သေးသော်လည်း စမ်းသပ် ဆေးဝါးများတော့ ထွက်ပေါ် ခဲ့သည်။

လူသား၏ မျိုးရိုးဗီဇကို အသုံးပြုကာ ပဋိဇီဝပစ္စည်းကို ဖန်တီးထားခြင်း ဖြစ်ကြောင်း ထိုင်းဆရာဝန်များက ဆိုကာ သုတေ သန ရှုထောင့်မှ ဆိုပါက အချိုးအကွေ့တစ်ခု ဖြစ်ကြောင်းလည်း ပြောကြားကြသည်။

စမ်းသပ်ခဲ့ရာတွင် အီဘိုလာနှင့် အလားသဏ္ဌာန်တူသော ဗိုင်းရပ်စ် နမူနာများကို အသုံးပြုခြင်း ဖြစ်ပြီး သက်ရှိ အီဘိုလာ ဗိုင်းရပ်စ်များကို အသုံးပြုခြင်းတော့ မရှိကြောင်း ၎င်းတို့က ဖြည့်စွက် ပြောဆိုခဲ့သည်။

ထပ်မံပြုလုပ်မည့် သုတေသန အဆင့်သည် တိရစ္ဆာန်များကို စမ်းသပ်ခြင်း ဖြစ်ကာ နောက်ပိုင်းတွင် ဖန်တီးထားသော ကုသဆေးဝါးကို လူသားနှင့် စမ်းသပ်မည် ဖြစ်သည်။

စမ်းသပ်မှုများ အောင်မြင်သွားပါက အဆိုပါပဋိဇီဝဆေးများကို အမြောက်အမြား ထုတ်လုပ် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း လည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဆိုင်ယင်း ဇီဝသိပ္ပံ သုတေသနမှ အဆိုပါ စမ်းသပ်ထုတ်လုပ်မှု များကို လုပ်ဆောင်နေခြင်း ဖြစ်ကာ ယင်းဓာတ်ခွဲခန်းများသည် ထိုင်းနှင့် ကျူဘားတို့ ပူးတွဲပြုလုပ်သော ဆေးဝါးထုတ် လုပ်ရေး သုတေသနမှ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List