မန္တလေးမြို့တော်တွင် တယ်လီနော ဆင်းမ်ကတ်များ စတင်ရောင်းချသည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နာရီပိုင်း အတွင်း ဆင်းမ်ကတ် မှောင်ခိုဈေးကွက် ဖြစ်ပေါ်ခဲ့ကာ ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ်တစ်သောင်း ဝန်းကျင်အထိ ပေါက်ဈေး ရှိခဲ့သောကြောင့် တယ်လီနော ကုမ္ပဏီသည် မှောင်ခိုဈေးကွက် လုံးဝ မပေါ်ပေါက်အောင် အကောင်းဆုံး ထိန်းချုပ်သွားမည် ဖြစ်ပြီး မှောင်ခိုဈေးကွက် အတွင်းရှိ တယ်လီနော ဆင်းမ်ကတ် ဖုန်းနံပါတ်များ အားလုံးကို ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း တယ်လီနော ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စရောင်းတဲ့ ၂၇ ရက်နေ့မှာ ကျွန်တော်တို့ အဖွဲ့တွေ မြို့ထဲလှည့်လည်ရင်း လမ်းမှာ မှောင်ခိုရောင်းတဲ့ လူတချို့ကို တွေ့ခဲ့ တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီမှောင်ခိုဈေးကွက် မရှိအောင် လုံးဝ တင်းတင်းကျပ်ကျပ် ထိန်းချုပ် လုပ်ဆောင် သွားမှာပါ။ တွေ့လိုက်ရတဲ့ မှောင်ခိုအရောင်းသမား တချို့ရဲ့ လက်ထဲမှာ ရှိနေတဲ့ ဆင်းမ်ကတ်တွေကိုလည်း ချက်ချင်း သိမ်းဆည်းပြီးတော့ ဆင်းမ်ကတ်ကုတ်ကို ရုံးချုပ်ကို ပို့ပြီးတော့ ဒီစီးရီးထဲမှာပါတဲ့ နံပါတ်တွေကို Deactivate (အသုံးပြု၍ မရအောင်) လုပ်ပစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ဝယ်ယူသုံးစွဲသူများ အဆင်ပြေပြေဖြင့် ဆင်းမ်ကတ်များ ဝယ်ယူရရှိနိုင်စေရန် အတွက် မန္တလေးမြို့တွင်းရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များ၊ စတိုးဆိုင်များနှင့် အခြားဆိုင်များထိပါ ဆင်းမ်ကတ်များကို လိုသ၍ ချထားပေးထားပြီး ဖြစ်သဖြင့် သုံးစွဲသူများ အနေနှင့် မှောင်ခိုဈေးကွက်မှ လုံးဝဝယ်ယူခြင်း မပြုပါရန်နှင့် မှောင်ခိုဈေးကွက်မှ ဝယ်ယူသော ဆင်းမ်ကတ် များမှာလည်း Deactivate လုပ်ဆောင်သည့် နေရာတွင် ပါဝင်သွားမည် ဖြစ်သောကြောင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်မည် ဖြစ်သကဲ့သို့ ဆင်းမ်ကတ် သုံးမရသည့် အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပါကလည်း မှောင်ခိုဈေးကွက်မှ ဝယ်ယူထား ပါက လုံးဝဖြေရှင်းရ လွယ်ကူမည် မဟုတ်ကြောင်း တယ်လီနောကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သူတို့တွေ စပြီး မရောင်းခင်ကတည်းက ဆင်းမ်ကတ်တွေကို ဆိုင်တိုင်းမှာ လိုသလောက် ဝယ်ယူနိုင်အောင် ဖြန့်ဖြူးပေးထားသင့်တယ်။ အခုတော့ ရောင်းတဲ့ဆိုင်က ရောင်းတယ်။ မရောင်းတဲ့ဆိုင်က မရောင်းဘူး။ သူတို့ ကြေညာထားသလို နံနက် ၁၁ နာရီမှာ ဆိုင်တိုင်း ပြိုင်တူ ရောင်းချကြတာလည်း မဟုတ်ဘူး။ အစောကြီး ကြိုရောင်းတဲ့ ဆိုင်တွေက ရောင်းတယ်။ အဲ့ဒီလို ဆိုင်တွေက ကတ်တွေကို ဝယ်ခဲ့တဲ့ လူတွေက ပြန်ရောင်းကြတော့ မှောင်ခိုဈေး ကွက်က ဖြစ်လာတယ်။ အခုကျမှ မှောင်ခိုဈေးကွက်က ကတ်တွေကို ဖျက်ပစ်မယ်ဆိုတော့ ဝယ်ထားပြီးတဲ့ လူတွေရဲ့ ပိုက်ဆံကို ပြန်ပေးမှာလား၊ တချို့ဆို တစ်ကတ်ကို တစ်သောင်းနီးပါး ပေးဝယ်ထားရတယ်” ဟု ဟန်းဆက်နှင့် ဆင်းမ် ကတ်များ အရောင်းအဝယ် လုပ်ဆောင်နေသူ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် ဦးနိုင်ဦးက ဆိုသည်။
နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော ကုမ္ပဏီထုတ် မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် များသည် နိုင်ငံငါးနိုင်ငံသို့ စက်တင် ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ဖုန်းခေါ် ဆိုနိုင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment