ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် (FDA) နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့က အသီးသီး ရေးဆွဲထားသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်သုံးခု ပေါင်းစည်းရေးကို နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု မူဘောင် ချမှတ်ရေး လုပ်ငန်းကော်မတီက ယနေ့ (စက်တင်ဘာ၂၉) တွင် စတင် ဆွေးနွေးမည် ဖြစ်ကြောင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြား သည်။
အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို နိုင်ငံရေးပါတီများ၏ အကြံပြုချက်များ ထည့်သွင်းကာ မူဘောင် တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် စတင် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။“ပါတီအားလုံးကို ကိုယ်စားပြုတဲ့ မူဘောင်တစ်ရပ် ဖြစ်လာအောင် ညှိနှိုင်းသွားမှာပါ။ ပါတီတွေကနေ ပေးပို့ အကြံပြုချက်တွေ လည်း ရောက်ရှိနေပါပြီ” ဟု ၎င်းကဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တောင်အာဖရိက သမ္မတနိုင်ငံမှ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရေးဆွဲရေး ပညာရှင် တစ်ဦး ပါဝင်မည် ဖြစ်ပြီး စုစုပေါင်း ငါးရက်တာ ကြာမြင့်နိုင်ကြောင်း မူဘောင်ချမှတ်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။
လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း UNFC နှင့် ညှိနှိုင်းရေးဆွဲလျက် ရှိသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း နိုင်ငံရေးဆွေးနွေး ပွဲ မူဘောင်ကို သီးခြားရေး ဆွဲလျက်ရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
အဆိုပါ တိုင်းရင်းသားပါတီ ၅၆ ပါတီ၏ ဘုံသဘောတူညီသော မူဘောင်တစ်ရပ် ရရှိလာပါက UNA၊ NLD ပါတီတို့ သီးခြားရေးဆွဲလျက် ရှိသော မူဘောင်များနှင့်လည်း ပေါင်းစည်းနိုင်ရေးကို ညှိနှိုင်းသွားမည် ဖြစ် ကြောင်း မူဘောင်ချမှတ်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment