Wednesday, September 18, 2019

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးကို အကြိမ် ၃၀ မြောက် ရုံးထုတ်


စက်တင်ဘာ ၁၇ ရက်က တနင်္သာတိုင်းဒေသကြီး တရားလွှတ်တော်၌ အကြိမ် ၃၀ မြောက်အဖြစ် ရုံးထုတ်စဉ်
အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကို စက်တင်ဘာ ၁၇ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်၌ အကြိမ် ၃၀ မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီထံ ကျပ်သိန်း ၂၀၀၀ ဖြင့်ရောင်းချခဲ့သည့် သရက်ချောင်းမြို့ရှိ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် နေအိမ်နှင့် ခြံဝင်းအရောင်းအဝယ်စာချုပ်တွင် အသိသက်သေနေရာ၌ လက်မှတ်ရေးထိုးခဲ့သူအား စစ်ဆေးချက်အရ ကွဲလွဲမှုများရှိနေကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေ မန်နေဂျာ ဦးသူရအုံတို့ လေးဦးကို ထားဝယ်အကျဉ်းထောင်မှတစ်ဆင့် ရဲတပ်ဖွဲ့ကားနှစ်စီးဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်သို့ နံနက် ၁၀ နာရီခန့်တွင် ရုံးထုတ်လာခဲ့ပြီး တရားခွင် စတင်ချိန်၌ တရားလိုပြ သက်သေဖြစ်သူ သရက်​​ချောင်းမြို့နယ်​ သင်းကျွန်း​ကျေးရွာ​နေ ကိုဝင်းကိုယုကို ရာဇဝတ်​ကြီး အမှုအမှတ်​ (၄/၂၀၁၉) အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
“ဒီ​နေ့ ၂၀၁၉ ခုနှစ်​စက်တင်ဘာလ ၁၆ ရက်နေ့ရုံးချိန်းမှာ တနင်္သာရီတိုင်း​ဒေသကြီး လွှတ်​​တော်​ ရာဇဝတ်​ကြီး အမှုအမှတ်​ (၄/၂၀၁၉) အမှုက တရားလိုပြသက်​​သေ သရက်​​ချောင်းမြို့နယ်​ သင်းကျွန်း​ကျေးရွာ​နေ ကိုဝင်းကိုယုကို စစ်​​ဆေးခဲ့ပါတယ်​။ နောက်​ရုံးချိန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ရာဇဝတ်​ကြီးအမှု အမှတ်​ (၃/၂၀၁၉)အမှုက တရားလိုပြသက်​​သေ ထားဝယ်​မြို့ CB ဘဏ်ခွဲက ဒုတိယမန်နေဂျာ ဦးမျိုးဇင်​ကို စစ်​​ဆေးဖို့ရယ်​၊ ရာဇဝတ်​ကြီး အမှုအမှတ်​ (၄/၂၀၁၉) အမှုက တရားလိုပြသက်​​သေ ​ကော့​သောင်းခရိုင်​​ မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝဏ္ဏထွန်းနဲ့ အောင်​မိုးမြတ်​ကုမ္ပဏီ​ဆောက်​လုပ်​​ရေး တာဝန်​ခံ ဦးဇာနည်​ထွန်းတို့ကို စစ်​​ဆေးဖို့ ချိန်းဆိုထားခြင်း ဖြစ်​ပါတယ်​။ ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က​ရော တရားခံဘက်​ကပါ သက်သေခံ စာရွက်စာတမ်း တစ်စုံတစ်ရာ တင်​သွင်းခဲ့ခြင်း မရှိပါဘူး” ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။
တရားခွင် စတင်ချိန်၌ ရာဇဝတ်​ကြီးအမှု အမှတ်​ (၄/၂၀၁၉) အမှုမှ တရားလိုပြသက်သေ သရက်​​ချောင်းမြို့နယ်​သင်းကျွန်း​ကျေးရွာ​နေ ကိုဝင်းကိုယုအား တရားလိုဘက်မှ ဥပဒေအရာရှိများက စစ်မေးရာတွင် ၎င်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်  ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းနှင့် ရင်းနှီးခဲ့ကြောင်း၊ သရက်ချောင်းမြို့ရှိ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် နေအိမ်နှင့် ခြံဝင်းကိုကျပ်သိန်း ၂၀၀၀ ဖြင့်ရောင်းချခဲ့ရာ၌ ဦးထွန်းမင်းက အရောင်းအဝယ် စာချုပ်တွင် လက်မှတ်ရေးထိုးရန် ၎င်းအားပြောဆိုခဲ့ကြောင်း၊ ယင်းစာချုပ်တွင်ရောင်းသူ ဝယ်သူအမည်များကို ဖြည့်သွင်းထားခြင်း မရှိသည့်အပြင် လက်မှတ်ရေးထိုးထားခြင်းလည်း မရှိကြောင်းနှင့် အသိသက်သေ နေရာတွင်လည်း သက်သေအမည်နှင့် လက်မှတ်များ ရေးထိုးထားခြင်း မရှိဘဲ ဦးထွန်းမင်းပေးသည့် စာချုပ်တွင် ၎င်းအနေဖြင့် အသိသက်သေနေရာ၌ စတင်၍ လက်မှတ်ရေးထိုးခဲ့ရကြောင်း၊ ထို့နောက် ဦးထွန်းမင်း မိသားစု ခရီးထွက်ချိန်၌ ၎င်းမှာ အိမ်စောင့်ပေးခဲ့ရပြီး ဦးဝင်းမြတ်အောင်ထံ အခန်းအတွင်းရှိ အရောင်းအဝယ်စာချုပ်ကို ယူပေးရန် ဦးထွန်းမင်းက ဖုန်းဆက်ပြောကြားသောကြောင့် ချိန်းဆိုထားသည့် ထားဝယ်မြို့ ဥတ္တံတားကြီး လမ်းဆုံသို့ သွားပေးခဲ့ကြောင်း ကိုဝင်းကိုယုက ထွက်ဆိုခဲ့သည်။
ထို့ပြင် အဆိုပါစာချုပ်ကို ဖတ်ကြည့်ရာ သိန်း ၂၀၀၀ အရောင်းအဝယ်စာချုပ်ဖြစ်ကာ ရောင်းသူမှာ ဦးထွန်းမင်းနှင့် ဝယ်သူမှာ ဦးသူရအုံဖြစ်သည်ကို တွေ့ရပြီး အသိသက်သေနေရာတွင် ၎င်း၏အမည်၊ မှတ်ပုံတင်နှင့် အိမ်လိပ်စာများကို ရေးထားသော်လည်း ယင်းစာချုပ်၌ ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ရခြင်း မရှိကြောင်း၊ ယင်းစာချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ခေါ်ယူစစ်ဆေးမှသာ ၎င်းလက်မှတ်ရေးထိုးခဲ့သည့်စာချုပ် မဟုတ်သည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ကိုဝင်းကိုယုက ထွက်ဆိုခဲ့သည်။
၎င်း၏ထွက်ဆိုချက်အရ သရက်ချောင်းမြို့ရှိ ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် နေအိမ်နှင့်ခြံဝင်းအား ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းက ရောင်းချခဲ့ရာတွင် ချုပ်ဆိုခဲ့သည့် အရောင်းအဝယ် စာချုပ်မှာ နှစ်ခုရှိနေသည့်သဘော ဖြစ်နေပြီး တရားလိုပြသက်သေ ကိုဝင်းကိုယု လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်မှာ ပျောက်ဆုံးနေကာ တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းထားသည့် စာချုပ်မှာ တရားလိုပြသက်သေ ကိုဝင်းကိုယု လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့် စာချုပ်ဖြစ်နေသည်ကို တွေ့ရသည်။
စက်တင်ဘာ ၁၇ ရက် ရုံးချိန်းတွင် သက်သေခံ စာရွက်စာတမ်း တင်သွင်းမှု မရှိသောကြောင့် စတင်တရားစွဲဆိုသည့် အချိန်မှ အကြိမ် ၃၀ မြောက်ရုံးချိန်းအထိ သက်သေခံစာရွက် စာတမ်းတင်သွင်းမှုအဖြစ် တရားလိုဘက်မှ ဥပဒေအရာရှိများက ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) အတွက် ၈၄ စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉) အတွက် ၅၆ စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉)အတွက် ၄၈ စောင်နှင့် ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အတွက် ၇၆ စောင် စုစုပေါင်း ၂၆၄ စောင် တင်ပြထားပြီး တရားခံဘက်က ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၇) အတွက် တစ်စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) အတွက် အစောင် ၂၀ နှင့် ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အတွက် ခုနစ်စောင် စုစုပေါင်း ၂၈ စောင် တင်ပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List