Wednesday, September 18, 2019

၁၉၉၀ ရွေးကောက်ပွဲနှင့်၂၀၀၈ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အကြိုကာလတွင် အချိန်တိုအတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့သဖြင့် မမှန်ကန်သူများပါ ကတ်ပြားများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ပြောကြား


လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြန်လည်ဖြေကြားနေစဉ်
၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၀၈ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အကြိုကာလတွင် အချိန်တိုအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့သဖြင့် မမှန်ကန်သူများပါ ကတ်ပြားများ ရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မြန်မာ နိုင်ငံသားများ ရရှိကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အကြောင်းအမျိုး မျိုးကြောင့် ပျောက်ဆုံးသည့်အခါ ပြန်လည်လျှောက်ထားရာတွင် အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေးအတွက် မည်သို့ ဆောင်ရွက်ပေးလျက် ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“အချိန်တိုအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားအရေအတွက် များပြားစွာ ထုတ်ပေးခဲ့ပြီးတော့ မိမိဝန်ထမ်း အင်အားနဲ့ ဆောင်ရွက်ခြင်းမရှိဘဲ လုပ်အားပေးများစွာနဲ့ ဆောင်ရွက်ခဲ့ရတဲ့အတွက် နိုင်ငံခြားသား မှတ်တင်ပုံတင် ကိုင်ဆောင်တွေလည်းကောင်း၊ တိုင်းရင်းသား မဟုတ်သူတွေများက လည်းကောင်း၊ လူမျိုးအမည်နဲ့ ကိုယ်ရေးအချက်အလက်တွေ ဖုံးကွယ်ပြီး တိုင်းရင်းသားအဖြစ် မဟုတ်မမှန်  ဖော်ပြလျှောက်ထား ခဲ့ပြီးတော့ ဥပဒေနဲ့အညီ သေချာစွာ စိစစ်နိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲအမီ ကတ်ထုတ်ပေးနိုင်ဖို့ ဦးတည်ဆောင်ရွက် ခဲ့ရတဲ့အတွက် မမှန်ကန်သူတွေလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်သူတွေ ရှိခဲ့ပါတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
စီမံချက်ကာလများအပြင် နောက်ပိုင်းတွင်လည်း စိစစ်နိုင်မှု အားနည်းခဲ့သဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများနှင့် ရုပ်ရည်သွင်ပြင်အရ တိုင်းရင်းသားဟု သတ်မှတ်မရနိုင်သူများက ကတ်ပြားပျောက်ဆုံး ပျက်စီးပြီး မိတ္တူလာရောက် လျှောက်ထားလျှင်လည်းကောင်း၊ ၎င်းတို့၏ သားသမီးများက နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက် လျှောက်လျှင်လည်းကောင်း၊ ၎င်းတို့၏ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးမှုတို့ကို မှန်ကန်မှု ရှိ မရှိ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။
နိုင်ငံသား မဖြစ်သင့်သူများကို ကတ်ပြားထုတ်ပေးခဲ့သူများအား စိစစ်သင့်ကြောင်း၊ ယခင်လွှတ်တော် သက်တမ်းတွင်လည်း လွှတ်တော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည့် ဖြစ်စဉ်များလည်းရှိကြောင်း ဆက်စပ်မေးခွန်းအဖြစ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ထပ်မံမေးမြန်းခဲ့သည်။
“နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ပျောက်တဲ့အခါမှ စိစစ်ခြင်း မဟုတ်ဘဲနဲ့ စီမံချက်ချမှတ်ပြီးတော့ မှားယွင်းထုတ်မိတဲ့ သူတွေကို စိစစ်သွားသင့်တယ်လို့ တင်ပြလိုပါတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ ဒီလိုမှားယွင်း ထုတ်ပေးထားမိတဲ့ အချို့လူတွေဟာဆိုရင် နည်းမျိုးစုံနဲ့ လုပ်ကိုင်ဆောင်ရွက် ပေါင်းသင်းကြပြီးတော့ နောက်ဆုံးမှာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာဆိုရင် လွှတ်တော်ထဲအထိ ရောက်ရှိနေတာကို ကြားသိခဲ့ရပါတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။
လက်ရှိတွင် နိုင်ငံသားစိစစ်ရးကတ်ပြား ထုတ်ပေးရာတွင် ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ပိုမိုလျင်မြန် လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင် ထုတ်ပေးထားသော နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ မှန်ကန်ပါက ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်း၊ လဲလှယ်ခြင်း၊ ပျောက်ဆုံးပျက်စီး မိတ္တူလျှောက်ထားခြင်း များအတွက် နောက်ကြောင်းပြန် စိစစ်ခြင်း မပြုရန်လည်း အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာနက ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List