Tuesday, September 17, 2019

ကမ္ဘာ့ရေနံဈေးတစ်စည် ဒေါ်လာ ၆၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ တစ်လကျော်အတွင်း တစ်လီတာ ၄၅ ကျပ်မှ ကျပ် ၅၀ အထိ ဆက်လက်မြင့်တက်


ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ကမ္ဘာ့ရေနံဈေး ဒေါ်လာ ၆၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တစ်လကျော် အတွင်း တစ်လီတာ ၄၅ ကျပ်မှ ကျပ် ၅၀ အထိဆက်လက်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်း ဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံဈေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀၊ ဧပြီ ၁၆ ရက်တွင် ၆၄ ဒေါ်လာ၊ ဧပြီ ၂၃ ရက် တွင်  ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင်  ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက် တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ဒေါ်လာ ၆၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရေနံဈေး  ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက် အတွင် စက်သုံးအမျိုးအစားအလိုက် ၁၁ ရာ ခိုင်နှုန်းကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ စက်သုံးဆီဈေးနှုန်းများ သုံးရာခိုင်နှုန်းကျော်မှ လေးရာခိုင်နှုန်းကျော်အထိ ပြန်တက်ခဲ့သည်။ ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အတွင်း သုံးရာခိုင်နှုန်းကျော်မှ ငါးရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းများပြန်ကျလာပြီး သြဂုတ် ၁၅ ရက်မှစတင်ကာ စက်သုံးဆီဈေး အနည်းငယ်ပြန်တက်လာခြင်းဖြစ်သည်။
စက်တင်ဘာ ၁၆ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်အချို့တွင် ရောင်းချနေသော ဈေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၉၃၀ (တစ်ဂါလန် ၄၂၂၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၄၀ (တစ်ဂါလန် ၄၂၇၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၃၀ (တစ်ဂါလန် ၃၇၇၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၉၂၀  (တစ်ဂါလန် ၄၁၈၂ ကျပ်) ဖြစ်ပြီး သြဂုတ် ၁၄ ရက်ဈေးထက် တစ်လီတာ ၄၅ ကျပ်မှ ကျပ် ၅၀ အထိ မြင့်တက်ခဲ့သည်။
ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ဈေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ၈၅၅ ကျပ် (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၆၇၀ (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၃၀ (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီဈေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန် (၂၁ ရက် အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ် ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ သြဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၁၆ ရက် အထိ တစ်လီတာ ၄၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်တက်ခဲ့ခြင်းဖြစ်သည်။
Eleven Media Group

No comments:

Post a Comment

My Blog List