Monday, September 16, 2019

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် ခရီးသွားဝန်ဆောင်မှုအမြင့်ဆုံးဖြစ်



ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် အမြင့်ဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

အနောက်နိုင်ငံခြောက်နိုင်ငံကို ဗီဇာဖြေလျှော့ပေးရာ ပြည်တွင်း လုံလောက်စွာ ဝန်ဆောင်မှုပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းရာတွင် ၄င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ခရီးသွားကဏ္ဍဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ အဆင့်မနိမ့်ပါဘူး။ ဟိုတယ်တွေရဲ့ အဆင့်အတန်းကလည်း မြင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဝန်ဆောင်မှုက အာဆီယံနိုင်ငံတွေထဲမှာ တော်တော်လေးမြင့်တယ်။ အနောက်နိုင်ငံက ခရီးသွားဧည့်သည်တွေကို ဗီဇာဖြေလျှော့ပေးလိုက်လို့ လာရောက်မယ့်ဧည့်သည်တွေကို ထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံကို လေကြောင်းခရီးစဉ်ဖြင့်လာရောက်မည့် အနောက်နိုင်ငံ ၆ နိုင်ငံဖြစ်သည့် အီတလီ၊ စပိန် ၊သြစတေးလျ၊ ဂျာမနီ၊ ဆွစ်ဇာလန် ၊ ရုရှား နိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa On Arrival ဖြင့် လာမည့် ခရီးသွားရာသီဖြစ်သည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး စမ်းသပ်ကာလ တစ်နှစ် ၊ ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံပြီး ပြည်တွင်းတွင် နေထိုင်ခွင့်သက်တမ်း ရက် ၃၀ သတ်မှတ်ခွင့်ပြုပေးထားကြောင်း သိရသည်။
အရှေ့နိုင်ငံ သုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption) နှင့် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Visa on Arrival (Tourist) ဖြင့် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ယခုနှစ်အောက်တိုဘာလအထိ တစ်နှစ်စမ်းသပ်ကာလဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ လာမည့်အောက်တိုဘာလတွင် သက်တမ်းတစ်နှစ်အား  ထပ်မံတိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံသားများ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များအတွက် (Tourist Visa) ကို ဗီဇာကင်းလွတ်ခွင့်နှင့် လေကြောင်းဖြင့် လာရောက်သည့် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များအတွက် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် တိုးမြှင့်သက်တမ်းအား ယခုနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ လာမည့် ၂၀၂ ၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် အထိနှင့် လေကြောင်းဖြင့် လာရောက်သည့် အိန္ဒိယနိုင်ငံသား ခရီးသည်များကိုမူ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Visa on Arrival (Tourist) ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက် မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ စမ်းသပ်ကာလ(၁)နှစ်စီ ထပ်မံသက်တမ်း တိုးခွင့်ပြုထားကြောင်း သိရသည်။
စုသက်နှင်း (အကုန်သိသတင်းဌာန)

No comments:

Post a Comment

My Blog List