Friday, March 20, 2015

လွတ်မြောက်နေသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များအား အစိုးရက ပိုက်စိပ်တိုက် ရှာဖွေနေ


လွတ်မြောက်နေသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂခေါင်းဆောင်များအား အစိုးရက နည်းလမ်းမျိုးစုံ အသုံးပြု၍ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း လွတ်မြောက်နေသည့် ကျောင်းသားခေါင်းဆောင် အချို့ထံမှ သိရသည်။
ဒီမိုကရေစီ ပညာရေးပင်မ သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသည့် ကျောင်း သားခေါင်းဆောင်များထဲတွင် မပါဝင်သည့် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ကိုရှိန်းရာဇာထွန်း၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုနန္ဒာစစ်အောင်၊ ကိုအောင်နေပိုင်၊ မတ် ၁ဝ ရက် လက်ပံတန်းရှိ ကျောင်းသား သပိတ်ကို ရဲတပ်ဖွဲ့ဝင်များက ဖြိုခွဲမှုအပြီး ရန်ကုန်၊ လှည်းတန်းတွင် ပေါ်ပေါက်လာသော ဆန္ဒပြပွဲဦးဆောင် သူများ ဖြစ်သည့် ကိုလင်းထက်နိုင်၊ ကိုထက်ခိုင်စိုးတို့အား ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေနေခြင်းဖြစ် သည်။

ထို့ပြင် သပိတ်တွင်ပါဝင်သူ ကျောင်းသားများ၊ ဝန်းရံသူပြည်သူများ၏ အိမ်နားနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ ဝင်များ၊ SB များက အချိန်ပြည့် စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

“အခုအချိန်ထိတော့ ကျွန်တော်လွတ်နေသေးတယ်။ ကြားရတဲ့ သတင်းတွေအရတော့ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုရဲ့အိမ်ကို ရဲတွေကလာမေးတယ်။

အချိန်မရွေး စောင့်ကြည့်နေတယ်လို့ပြောတယ်။ နောက်ပြီး ပုဒ်မ ၅ဝ၅ (ခ) နဲ့ ကျောင်းသားခေါင်းဆောင် ခုနစ်ဦးကို အမှုဖွင့်ထားတယ်လို့ကြားတယ်။ ဝရမ်းတွေ ဘာတွေလည်း ထုတ်ထားမှာပေါ့။ အဓိက ကတော့ ရန်ကုန်၊ လှည်းတန်းမှာ ဆန္ဒပြတဲ့ ကိစ္စကြောင့်လို့ သိရတယ်” ဟု လွတ်မြောက်နေ သည့် ဗကသအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “နယ်က ကျွန်တော့်အိမ်ကိုတောင်မှ လက်ပံတန်းက ရဲတွေကလာပြီးတော့ စစ် တာတွေ၊ မေးတာတွေလုပ်တယ်။ ကျွန်တော့် အမေကိုမေးတယ်။ အမျိုးတွေအိမ် ဘယ်မှာရှိလဲမေးတယ်။ အခုဟာက တစ်ယောက်မကျန် အကုန်လုံး လိုက်ဖမ်းနေတဲ့သဘောပဲ” ဟု ပြောကြား သည်။

ယင်းကဲ့သို့ ဗကသကျောင်းသား ခေါင်းဆောင်များအား အစိုးရက ရှာဖွေနေခြင်းနှင့် ပတ်သက်၍ အနောက် ပိုင်းခရိုင် ရဲတပ်မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်ကို မေးမြန်းရာ “လှည်းတန်းမှာ ဆန္ဒပြသွားတဲ့ လူတွေကို လိုက်လံရှာဖွေ နေပါတယ်။ သူတို့ကို ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားပြီး ရှာဖွေဖမ်းဆီးဖို့တွေ လုပ်နေပါတယ်” ဟု The Daily Eleven သို့ အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ ရန်ကုန်တွင် ကျောင်းသားခေါင်းဆောင်များကို အမှုဖွင့်ရှာဖွေနေသည် သာမကဘဲ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်း ဖြတ်သန်းသွားရာ ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁ဝ ခုမှ ကျောင်း သားခေါင်းဆောင် ခုနစ်ဦးကိုလည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့ပြင် မတ် ၁၃ ရက် နံနက် ၁ နာရီ ဝန်းကျင်ကလည်း အလုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဗကသ ကျောင်း သားခေါင်းဆောင်များ ဖြစ်သည့် ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုမိုးထက်နေတို့ကို ဧည့်စာရင်း စစ်မည် ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် သာယာဝတီ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

အစိုးရ၊ လွှတ်တော်၊ NNER နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့၏ လေးပွင့် ဆိုင် ဆွေးနွေးပွဲတွင် သပိတ်မှောက် ကျောင်းသားများနှင့် သပိတ်ကိုဝန်းရံသော ပြည်သူများအား အရေးမယူရဆိုသော အချက်အပါအဝင် ကျောင်းသားများတောင်းဆိုသော အကြိုသဘောတူညီမှု ကိုးချက်နှင့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် တောင်းဆိုသော အချက် ၁၁ ချက်ကို သဘောတူ ခဲ့သည်။

သို့သော် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က စတင်ဝန်းရံ ပိတ်ဆို့သည့် မတ် ၂ ရက်မှ စတင်ကာ လက်ရှိအချိန်အထိ ကျောင်းသားသပိတ် ခေါင်းဆောင်များအား အကြမ်း ဖက်ဖြိုခွင်းမှုများ၊ လိုက်လံဖမ်းဆီးမှုများကို အစိုးရဘက်က ပြုလုပ်လာကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List