Tuesday, March 17, 2015

ဧရာဝတီသပိတ် ဖြတ်သန်းရာ မြို့နယ် ၁၀ခုတွင် ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံရ


ဧရာဝတီ သပိတ်စစ်ကြောင်း ပုသိမ်မှ ထွက်ခွာပြီး ဖြတ်သန်းရာ မြို့နယ် ၁၀ ခုတွင် သပိတ်ဦးဆောင်ကော်မ တီနှင့် သပိတ်ဝန်းရံ ကော်မတီတို့မှ သုံးဦအား ပုဒ်မ ၁၈ ဖြင့် မတ်လ ၁၆ရက်က အမှုဖွင့်ထားကြောင်း သပိတ်ဦးဆောင်ကော်မတီမှ ဆရာ ဦးဝေယံအောင်က မဇ္ဈိမကို ပြောသည်။
ဆရာ ဦးဝေယံအောင်မှာလည်း အမှုဖွင့်နှင့် ပတ်သက်ပြီး “ကျွန်တော် တို့ ကို ဖြတ်သန်းတဲ့ မြို့ နယ်တွေမှာ မနေ့က (မတ်လ ၁၆ ရက်) ပုဒ်မ ၁၈ နဲ့ ညနေပိုင်းမှာ အမှုဖွင့်လိုက်တယ်လိုကြားရတယ်။ မြို့နယ်ဖြတ်သွား တိုင်း မြို့နယ်မှူးတွေ ပုဒ်မ ၁၈ တင်ဖို့လာမေးတယ်၊ သူတို့ အခုလို လုပ်နိုင်ဖို့အတွက်ပါ၊ ကတိကဝတ်တွေကို ချိုးဖောက်ဖို့ အတွက်ပါ” ဟု ဆရာ ဦးဝေယံအောင်က မဇ္ဈိမကို ပြောသည်။

ဧရာဝတီပညာရေး သပိတ်စစ်ကြောင်း ဖြတ်သန်းခဲ့သည် ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ပန်း တနော်၊ ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ဖျာပုံ၊ ဘိုကလေး နှင့် ဒေးဒရဲမြို့နယ်များတွင် ဧရာဝတီသပိတ် ဦးဆောင်ကော်မတီမှ ဆရာဦးဝေယံအောင်၊ ကိုအောင်ခန့်ဇော် တို့ကို ပုဒ်မ ၁၈ဖြင့် အမှုဖွင့် ခံရပြီး သပိတ်ဝန်းရံကော်မတီမှ ကိုအောင်အောင်ကျော်ကို ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့မှ လွဲ၍ အခြား ရှစ်မြို့နယ်တွင် မတ်လ ၁၆ရက်က အမှုဖွင့်ခံရခြင်း ဖြစ်သည်။

“အစိုးရအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းမှုတွေမှာ အရေးယူမယူဘူးပြောထားပြီး ဥပဒေအရဆိုတာမျိုးနဲ့ လုပ်လာတဲ့ အပေါ် ပြန်မေးချင်တာက လက်ပံတန်းဖြစ်စဉ်နဲ့ မြို့ တော်ခန်းမဖြစ်စဉ် ရဲတပ်ဖွဲ့ က ဥပဒေအညီ လုပ်ဆောင် တာဟုတ်လား ပြန်မေးချင်တယ်။ ဥပဒေအရလို့ ပြောပြီး လုပ်ဆောင်နေတာဆို ကျွန်တော်တို့လည်း လက်ပံ တန်းနဲ့ မြို့တော်ခန်းမဖြစ်စဉ်တွေမှာ ဥပဒေနဲ့ မညီတာ ဥပဒေနဲ့ တုံပြန်သွားဖို့ လိုလာပြီ”ဟု ဧရာဝတီသပိတ် စစ်ကြောင်း ဝန်းရံကော်မတီမှ ကိုအောင်အောင်ကျော်က ပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၃ရက်တွင် ပုသိမ်မြို့မှ စတင်၍ ရန်ကုန်မြို့သို့ ဦးတည် ချီတက်ခဲ့ပြီး မြို့နယ် ၁၀မြို့နယ်ကို ဖြတ် သန်းပြီးချိန်တွင် ကျောင်းသားကိုယ်စားလှယ်၊ အစိုးရ၊ လွှတ်တော် နှင့် NNER တို့ လေးပွင့်ဆိုင်တွေ့ဆုံပွဲ ရလာဒ်ကြောင့် သပိတ်ကို ရပ်နားကာ ပုသိမ်မြို့ သို့ ပြန်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသပိတ် ထွက်ခွာခဲ့ပြီး ကန်ကြီးထောင့်မြို့သို့ ရောက်ချိန် ဖေဖော်ဝါရီ ၄ရက်က ဧရာဝတီတိုင်း ဝန်ကြီးချုပ်က သပိတ်စစ်ကြောင်းမှ ကျောင်းသားအချို့ နှင့် ကျောင်းသားမိဘအချို့ကို ခေါ်တွေ့ပြီး ဧရာဝတီ တိုင်းအတွင်း လုံခြုံရေးကို တာဝန်ယူကြောင်း ပြောကြားခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List