မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေတ်ဦးတွင် အာရှတစ်ခွင်သြဇာ ကြီးမားခဲ့သော နေးရှင်းသတင်းစာကြီး ကို မြန်မာပြည်ဖွား ဦးလောရုံက စတင်ထူထောင်ထုတ်ဝေခဲ့သည်။ တစ်ပါတီအာဏာရှင် စနစ်ကို တိုက်ဖျက်ရင်း ဒီမိုကရေစီစနစ်ကို ခိုင်မာစေရန် တစိုက်မတ်မတ် ရပ်တည်ရေးသားခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဖဆပလအစိုးရအဖွဲ့အတွင်း ထိုစဉ်က သြဇာညောင်းခဲ့သည့် သတင်းစာ တစ် စောင်လည်းဖြစ်ခဲ့သည်။
စာရေးသူဝင်ဒီလောရုံမှာ ရှင်ရင်ရွှေထီး အပါအ၀င် နာမည်ကျော်လုံးချင်း ၀တ္ထုလေးအုပ်ခန့် ကမ္ဘာတွင် ဖြန့်ချိ ထားပြီး ယခုအခါမိသားစုနှင့်အတူ လန်ဒန်မြို့တွင်နေထိုင်လျက်ရှိသည်။
ရှင်ရင်ရွှေထီးအပါအ၀င် အ နောက်တိုင်းမှာ မြန်မာစာရေး ဆရာတစ်ဦး အနေနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေရ တဲ့ အတွေ့အကြုံ ကို မျှဝေပေးပါဦး။
ဒီစာအုပ်(ရှင်ရင်ရွှေထီး)က ကျွန်မစိတ်ထဲမှာ အကြာကြီးရှိပြီး ရေးတော့ မရေးရဲခဲ့ဘူး။ တစ်နေ့တော့ အယ်ဒီတာတွေကိုပြောလိုက်တယ်။ ဒီစာအုပ်တော့ရှိတယ်။ ကျွန်မအဖေနဲ့ ပတ်သက်တယ်လို့။ သူတို့က စိတ်ဝင်စားတယ်။ အရင်ကတော့ ကျွန်မထင်တာ အဖေထားခဲ့တဲ့အတ္ထုပ္ပ တ္တိကို တည်းဖြတ်ပြီး ချောအောင် လုပ်ပြီး ရေးမယ်ပေါ့။ ပထမဆုံးအကြမ်းကိုပြလိုက်တော့ သူတို့က ဒီလိုတော့ အဆင်မပြေဘူး။ ရှင်အသံက ဒီစာအုပ်မှာ တိုးတိုးလေး တဲ့။ ဒီလူကြီးက မြန်မာပြည် အတွက် အရေးကြီးတဲ့ပုဂ္ဂိုလ်ဆို တာမှန်တယ်။ ဒါပေမဲ့ လူတိုင်း၊ လူတိုင်း နားလည်နိုင်မယ့် စတိုရီကသူ့သမီးဖြစ်လို့ ဘ၀က ဘယ်လိုပြောင်းသွားလဲ၊ ဘယ်လိုအကျိုးရှိလဲ၊ ဘယ်လို ဒုက္ခတွေဖြစ်လဲဆိုတဲ့ သမီးဖြစ်သူရဲ့ အကြောင်း စာဖတ်သူက သိချင်တာတဲ့။ ရှင့်အတွေး အမြင်နဲ့ပဲ ရေးပါဆိုပြီး ပြန်ထပ်ရေးရပြန်ရော။ ထွက်လာတော့လည်း အရင်ကလိုပဲဖြစ်နေပြန် တယ်။အယ်ဒီတာတွေက တော်တော်မာတယ်။ အဲဒီမှာ ကျွန်မသတ္တိမွေးရတယ်။ အရင်အကြိမ် တွေမှာ ကျွန်မ ဒီလိုပြော ရင် ဖေဖေက ဘယ်လိုထင်မလဲ။ မှားလား၊မှန်လား တွေးနေတာ။ နောက်ဆုံး ကျဖေဖေက အပြင်မှာ တကယ့်ကိုမရှိတော့ဘူး။ ကျွန်မခေါင်းထဲမှာပဲရှိနေတာဆိုပြီး ဒါကျွန်မစာ အုပ်ဆိုတဲ့ယုံကြည်ချက် နဲ့ ပြန်ရေး ခဲ့တော့မှ အဆင်ပြေသွားတယ်။
မူရင်းစာအုပ်က အတော်လေးထူပါတယ်။ မြန်မာဘာသာပြန် စာအုပ်မှာတော့ ပုံစံတစ်မျိုးလေးဖြစ်နေပါ တယ်။ ဘာသာပြန် အပေါ်မှာကော ကျေနပ်အားရမှုရှိပါသလား။
ဒါက ပြောရခက်တယ်။ အခုဒီမှာက အကြာကြီးပဲ၊ စာရေးဆရာတွေ၊ ဘာသာပြန်ဆရာတွေက ဘာသာပြန် စာတွေကို ဖတ်ဖို့အခွင့်အရေးမရှိခဲ့ကြဘူး။ ဘာသာပြန်ပထမဆုံး အကြမ်းကိုတွေ့ တော့ နည်းနည်းလေး အံ့သြသွား တယ်။ ဒါပေမဲ့ ဒီမှာကတော့ standard နည်းနည်း ပြောင်းရ တယ်။ ကျွန်မကိုယ်တိုင် ဆရာ ဟိန်းလတ်ဘာသာပြန်ကို ကြိုးစားပြီး ဖတ်တော့ ကျွန်မမေ့နေတဲ့ မြန်မာစကားတွေ အတော်များ များပြန်ရ လာတယ်။ အဲဒါတစ်ခုဆရာဟိန်းလတ်ကို ကျေးဇူးတင် တယ်။
မြန်မာစာဆိုတဲ့ ကျွန်မရဲ့ ပထမဘာသာကို ပြန်ရခဲ့တာပါ။ အခု မြန်မာစကားကို နည်းနည်းပြန်တတ်သွား တယ်။ ဒီဘာသာ ပြန်ကို ပြန်ပြီးတော့ပြင်မလား။ အကြာကြီးနေမှ ကိုယ့်စိတ် ကြိုက်ကြိုးစားပြီးမှ ပြန်ထုတ်မ လားတွက်ဆတော့ အကောင်းဆုံးက အခုလူတွေ သိချင်နေတယ်။ အခုပဲထွက်လိုက်တာ ကောင်း တယ် ဆိုပြီး ထုတ်လိုက်တာ။
နေးရှင်းသတင်းစာဆိုတာ အာရှမှာပါ သြဇာအရမ်းကြီးခဲ့တယ် ဆိုတော့ အခုမြန်မာပြည်မှာ ပုဂ္ဂလိ က သတင်းစာတွေ ထုတ်ဝေခွင့်ရ နေပြီ။ အန်တီတို့ မိသားစုပိုင် နေးရှင်းကို မြန်မာမှာ ပြန်လည် ထုတ်ဝေဖို့ အစီအစဉ်ရှိပါ သလား။
အိပ်မက်ကတော့ အိပ်မက်ပါပဲ။ တကယ်တော့ မဖြစ်လာတော့ပါဘူး။ အခြေအနေက ပြောင်းသွားပြီ။ နေး ရှင်းတည် ထောင်ဖို့ဆိုတာ လူငယ်ဖို့၊ အားအင်တွေရှိဖို့လိုတယ်။ ကျွန်မတို့က အသက်ကလည်း ကြီး သွားပြီ။မရတော့ဘူး။ အားလည်းမရှိတော့ ဘူး။ ဒီခေတ်က သမီးတို့လို (တွေ့ဆုံမေးမြန်းသူကို ညွှန်ပြ လျက်)ဂျာနယ်လစ်တွေ ကို ကျွန်မယုံကြည်ရမယ်။ တာဝန်ပေးထား ရမယ်။ ကျွန်မခဏခဏတော့အိပ်မက် မက်တယ်။ နေရှင်းကို ပြန်တည်ထောင်ရရင် ဘယ် လောက်ကောင်းလိုက်မလဲလို့ တွေးတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။
ကျွန်မအလုပ်က စာအုပ်ရေးဖို့လေ။ အဲဒီတာဝန်ကလည်း အရေးကြီးတယ်ဟုတ်မလား။ ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို အကောင်းဆုံးလုပ်ဖို့ကလည်း တာဝန်ပါပဲ။ နေးရှင်းကတော့ ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ ပိတ်သွားတဲ့အနေအ ထားက အကောင်းဆုံးပါပဲ။
အန်တီ့စာအုပ်မှာ မြန်မာပြည်ရဲ့ တစ်ခေတ်တစ်ခါက သတင်းစာ လွတ်လပ်ခွင့်ကို လေ့လာခွင့်ရခဲ့ တယ်။ အခုလက်ရှိ မြန်မာအရပ် သားအစိုးရထက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့်နဲ့ နှိုင်းယှဉ်လိုက်ရင် အဆင့်အ တန်းက ဘယ်လိုကွာဟ တာမျိုးရှိနေပါသလဲ။
လူတိုင်းက ကျွန်မကိုပြောကြတယ်။ ကျွန်မဖေဖေခေတ်တုန်းက သတင်းစာသမားတွေ အတွက် ရွှေခေတ် တဲ့။ ဒါပေမဲ့အဲဒီခေတ်မှာလည်း ကျွန်မပြောချင်တာက သတင်းစာတွေမှာ အများကြီးပဲ ဒုက္ခတွေရှိတယ်။ သတင်းသမားတွေ ပြောချင်တာ၊ရေးချင်တာပဲ ရေးလို့ရတယ်ဆို တာမမှန်ဘူး။ သူတို့ခဏခဏ တရားစွဲခံ ရတယ်။ ခဏခဏထောင်ကျတယ်။ အစိုးရနဲ့လည်း အတိုက်အခံလုပ်ရတာတွေ အ များကြီိးရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းက တစ်ခုရှိတာက စတုတ္ထ မဏ္ဍိုင်ဆိုတဲ့အ ဆောက်အအုံကြီးရယ်၊ Rule of law ဥပဒေပြု မဏ္ဍိုင် ဆိုတာရယ်။ ဘာမဆို အပြန်အလှန်ထိန်းကျောင်းကြတယ်။ အခုတော့ ဒါကမရှိသေးဘူး။
နေးရှင်းဦးလောရုံဟာ သတင်းစာလောကသာမက နိုင်ငံရေးမှာ သြဇာကြီးတဲ့ သူတစ်ယောက် လည်း ဖြစ် တယ်။ အခြေအနေအရ ပြည်ပမှာလည်း ဦးနုရဲ့အဝေးရောက်အစိုးရ အဖွဲ့နိုင်ငံ ခြားရေး ၀န်ကြီးအနေနဲ့ တိုင်းရင်း သားအဖွဲ့အစည်းတွေကို စည်းရုံး ရေးလုပ်နိုင်ခဲ့တယ်။ အခုထိ မြန်မာမှာ ပြည်တွင်းစစ်က ဆက်ဖြစ်နေတော့ အမျိုးသားရင်ကြား စေ့ရေးခရီးလမ်းက အန်တီတို့ ကြုံတွေ့ရတဲ့အနေအထားနဲ့ ဆို ဘယ်လောက်ထိ အလှမ်းဝေးနေပါ သေးလဲ။
ဒါသိပ်ပြီးတော့ အံ့သြစရာ မဟုတ်ပါဘူး။ ဒီတိုင်းရင်းသားနဲ့ မြန်မာဖြစ်တာက တော်တော် လေးရှည်တဲ့ ရာဇ၀င်။ အခုထိလည်း တိုက်နေကြတယ်။ ကျွန်မ အဖေက ဦးနုတို့နဲ့ ပြည်ပမှာ အဖွဲ့အစည်းလုပ်ခဲ့ချိန် (၁၉၇၀ တစ်ဝိုက်) မှာ ငြိမ်းချမ်းရေးဖို့ တော်တော်လေးကို အခွင့်အရေး ကြီးမားခဲ့တယ်။ အဲဒီအချိန်က မွန်တွေရော၊ ရှမ်းတွေရော၊ ကချင် အားလုံးပေါင်းနိုင်ခဲ့တယ်။ အဲဒါတောင်မှ ဒီငြိမ်းချမ်းရေးကို မရခဲ့ဘူး။ အကြောင်းက အများကြီးရှိတယ်။ မပြောမဖြစ်တဲ့ တစ်ခုကတော့ မြန်မာပြည်သူ၊ ပြည်သားတွေက တစ်ယောက်နဲ့ တစ် ယောက် တည့်အောင်နေပြီး အတူတူအလုပ်လုပ်ဖို့ကို တစ်ခါမှ မကြိုးစားခဲ့ကြဘူး။ ရန်ဖြစ်နေရတာကို ပိုအားသန်တယ်။ နောက်တစ်ခုက ဒီအခြေအနေဖြစ်လာတာဟာ ဟိုးဗြိတိသျှခေတ် တည်းက တိုင်းပြည်ကို သွေးခွဲခဲ့တယ်ဆိုတဲ့ အမြင်ပေါ် မူတည်တယ်။ နောက်တစ် ချက်က အဲဒီအချိန်မှာ အာရှမှာ ဗီယက်နန်စစ်ကို ရှုံးတော့မယ်။ လူတွေက အာရှတိုက်မှာ တိုက်တဲ့ စစ်တွေကို တော်တော်လေး စိတ် ညစ်သွားပြီ။ မကြားချင်တော့ဘူး။ အာရှနိုင်ငံတစ်နိုင်ငံက စစ်တိုက် မှာကို အားလည်းမပေးနိုင်ဘူး။ ပိုက်ဆံလည်းမပေးနိုင်ဘူး။ အဲဒီ တော့ ဖေဖေတို့ တော်လှန်ရေးက ဆုံးရှုံးသွားတာပေါ့။ အဖေက အခုပြန် လာရင် ဘယ်လိုအတွေး အမြင်ရှိမလဲ ကျွန်မခဏခဏစဉ်းစားမိတယ်။ သူက ခေါင်းကိုခါပြီး တော့ ပြော ပါလိမ့်မယ်။ ‘‘ဘာမှမပြောင်းသေးဘူး။ ဘာမှဆိုဘာမှမပြောင်းလဲဘူး’’လို့ပြောမှာပါ။
အာဏာသိမ်းမှုကြောင့် ပြည်ပကိုမြန်မာနိုင်ငံသားတွေ ထွက်ခွာ သွားရတယ်။ အန်တီလည်း တစ်ယောက် အပါအ၀င်ပေါ့။ မြန်မာ ပြည်သူတစ်ဦးအနေနဲ့ မဖြစ်မနေ နိုင်ငံကိုစွန့်ခွာခဲ့ရတဲ့အခါ ရုန်းကန်ရမှုတွေကို ပြော ပါဦး။
ဒီမှာနေတုန်းက ကျွန်မစာ သင်ကြားခွင့်ပိတ်ခံရတယ်။ ဖမ်းခံရတယ်။ လူတိုင်းဟာ အဝေးရောက်ဘ၀နဲ့ နေ ရတဲ့အဖြစ်ကို တစ်ချိန်လုံး ညည်းညူနေကြ တယ်။ တစ်ကမ္ဘာလုံးပါပဲ။ ကိုယ့်တိုင်းပြည်ကိုလွမ်းတဲ့စိတ်။ မိသား စုနဲ့လည်း မနေနိုင်ကြဘူးလေ။ ဒါပေမဲ့ အဲဒီလိုဖြစ်သွားတာက အကျိုးက တော်တော်ရှိတယ်။ ကျွန်မဆို စာရေးဆရာမ ဖြစ်သွားတာပေါ့။ အဲဒါမျိုးမဖြစ်ရင် ကျွန်မ က စာအုပ်တွေရေးမှာမဟုတ်ဘူး။ ကျွန်မအဖေ နာမည်နဲ့ ဂုဏ်ကြောင့် ဘယ်နိုင်ငံသွားသွားကျွန်မအတွက် တံခါးတွေ ပွင့်ခဲ့တယ်။ ကျွန်မက သိပ်ပြီး Typicalဖြစ်တာမဟုတ်ဘူး။ ဒါပေမဲ့ အဖေ့နာမည်ကြောင့် ကျွန်မကို သူတို့က ယုံကြည်ခဲ့ကြတယ်။
နိုင်ငံအတော်များများမှာ နေထိုင် ခဲ့သူ အန်တီ့အနေနဲ့ မြန်မာနိုင်ငံမှာအာဏာသိမ်းအစိုးရ အဆက်ဆက် ကို နှစ်ပေါင်းများစွာကြာ အောင် မြန်မာပြည်သူတွေ မတွန်းလှန်နိုင်ခဲ့တာ ဘာကြောင့်လို့ထင် ပါသလဲ။
ကျွန်မဘ၀တစ်လျှောက်မှာ အဲဒီကိစ္စ(အာဏာသိမ်းမှု)က၁၉၆၂ ကနေ စခဲ့တာက ပြန်ပြန်ဖြစ်နေတာ ပဲ။ ဖေဖေက ခေါင်းကြီးပိုင်းမှာရေးခဲ့တယ်။ သူက ပျင်းပြီး ငုတ်တုတ်ထိုင်တဲ့လူတွေကို သိပ်စိတ်တို တယ်။ မြန်မာတွေက ညည်းတတ်တယ်။ ကျွန်လို ခံစားခဲ့ရလို့ အခက်အခဲတွေ ဒဏ်ရာတွေရတယ်ဆိုပြီးပဲ အမြဲပြောနေတယ်ပေါ့။ သူနောက်တစ်ခုရေးဖူးတယ်။ ‘People get the gover-nment they deserve’ တဲ့။ ကျွန်မဒီစကားကို ကျွန်မအမျိုးသားနဲ့ပြောရင် သူက သိပ်စိတ်ဆိုးတယ်။ အဲဒါ မဟုတ်နိုင်ဘူးတဲ့။ လူတွေမှာ ဘာအပြစ်ရှိလို့လဲတဲ့။ တကယ်တော့ လူဆိုတာ အစိုးရပဲ။ အစိုးရဆိုတာလည်း ကျွန်မတို့ပဲ။ ဘာဖြစ်လို့ လူတစ်မျိုးက ဒီလို အစိုးရမျိုးရရသလဲစဉ်းစားတယ်။ အဖြေကတော့ မရှိသေးဘူး။ (ရယ်လျက်)
အခု မြန်မာနိုင်ငံရဲ့ လူ့အခွင့်အ ရေး၊ ဒီမိုကရေစီရေးစံနှုန်းတွေကို အန်တီ့ခရီးစဉ်တွေမှာ လေ့လာရ သလောက်ပေါ့ အားရကျေနပ်မှု က ဘယ်လိုရှိပါသလဲ။
တကယ်တော့ ဒီလိုလိုအပ်တာတွေက ဒီမိုကရေစီနာမည် အကျော်ဆုံးဆိုတဲ့ တိုင်းပြည်တွေ မှာလည်း ရှိနေတယ်။ ကျွန်မ အခု အင်္ဂလန်မှာနေတယ်။ အဲဒီမှာလည်း ဆင်းရဲသားကိုနှိပ်စက် တာ။ ခွဲခြားဆက်ဆံ တာတွေ တချို့ရှိတယ်။ အမေရိကမှာ လည်း အားလုံးသိတဲ့အတိုင်းပဲ။ ဒီမိုကရေစီဆိုတာနဲ့ အားလုံး ကောင်း သွားပြီတော့ မဟုတ်ဘူး။ ဒီမှာကတော့ သူတို့နဲ့စာရင် အများကြီးပိုလိုတယ်။ ဒါပေမဲ့ကျွန်မကြည့်ရ သလောက် အားရစရာအကောင်းဆုံးက ဒါတွေကို ကြိုး
စားနေတဲ့သူတွေက လူငယ်တွေ။ကျွန်မအရွယ် (၀င်ဒီလောရုံမှာ ၁၉၄၇ ခုနှစ် ဖွားဖြစ်၍ ယခုအခါအသက် (၆၈) နှစ်ရှိပြီဖြစ်သည်) လူကြီးတွေက မှားခဲ့တယ်။ လိုခဲ့တယ်။ ဒီပြည်တွင်းမှာမှ မဟုတ်ဘူး။ နိုင်ငံတော်တော် များများမှာ ပါ။ ကျွန်မတို့ generation တွေတော်တော်မှားခဲ့တော့ ဒီမျိုးဆက်ကထားခဲ့တဲ့ အမွေက လူငယ်တွေ အတွက် သိပ်ခက်ခဲတယ်။ ဒီတော့ လူငယ်တွေအပေါ်ပဲ ကျွန်မတို့က တာဝန်ပေးရတာပေါ့။ အခုမြန် မာပြည်ရောက်တော့ ကျွန်မမြေပြင်မှာ လုပ်နေတာ ကျွန်မသွားကြည့်တယ်။ ဧရာဝတီတိုင်းမှာဆို လယ်သမားတွေ၊ ငါးဖမ်းသမားတွေ အဖွဲ့အစည်းတွေ အားလုံးလုပ်နိုင်သလောက်တော့ လုပ်နေတာပဲ။ ဒီမိုကရေစီတော့ မရသေးဘူး။ ဟိုးအမြင့်ဆုံးကတော့ တော်တော် စိတ်ညစ်စရာ ကောင်းတယ်။ ကြည့်ရတာ။ အဲဒီကိုကြည့်လိုက်ရင်တော့ စိတ်ကရှုံးသွားတယ်။ ဒါပေမဲ့ အောက်က ပြန်ကြည့်ရင် လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုကူညီမလဲ၊ ဘယ်လို အကြံဉာဏ်ပေးမလဲဆိုတာ လူငယ်တွေကြားမှာ ရှိနေတယ်။ ဒါတွေကိုပဲ အားရတယ်။
အန်တီ့စာအုပ်ထဲမှာဆို တရုတ် ဆန့်ကျင့်ရေးလှုပ်ရှားမှုကာလ တချို့ကို ဖတ်ရပါတယ်။ အခု မြန်မာပြည် အရှေ့မြောက်ပိုင်းက ကိုးကန့်တိုက်ပွဲကို အခြေခံပြီးတော့တရုတ်- မြန်မာဆက်ဆံရေးနဲ့ တရုတ်ဆန့် ကျင့်ရေးလှုပ်ရှားမှုတွေ အပေါ်မှာ စိုးရိမ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီဖြစ်စဉ်အပေါ် ဘယ်လို ထိန်းသိမ်းသင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ဒါက ဇာတ်လမ်းဟောင်းကြီး ပါ။ ဖြစ်တာကြာနေပါပြီ။ မြန်မာပြည်နဲ့ တရုတ်ပြည်နဲ့က ဟိုးအရင် တည်းက နယ်စပ်လိုင်းက ကပ်နေတယ်။ နှစ်နိုင်ငံဟာ နိုင်ငံရေးအရ လည်း ကွဲပြားတယ်။ တစ် ယောက်နဲ့ တစ်ယောက် ယုံကြည်စိတ်မရှိပေမယ့် မြန်မာပြည်က ဘယ်မှာဆုံးပြီး တရုတ်က ဘယ်မှာစလဲဆိုတာ မပြောနိုင်ဘူး။ နယ်စပ် လိုင်းက တစ်ဆက်တည်းပဲ။ အခု တရုတ်ပြည်က သိပ်ပြီးတော့အာဏာရှိတယ်။ စီးပွားရေးအရ ဆိုရင်တောင် တချို့ပြောနေကြပြီ။ သူတို့ဟာ အမေရိကန်ပြည် ကိုပိုင်တယ်။ တရုတ်ပိုက်ဆံနဲ့ ပဲ အမေရိကစီးပွားရေးလှည့်ပတ်နေတယ်ဆိုတာပေါ့။ တရုတ်က တော်တော်စီးပွားရေးတိုးတက် လာပြီ ။ မြန်မာအစိုးရက အရင် တည်းက တရုတ်ချစ်စိတ်မရှိဘူး။ ဦးနုခေတ် တည်းကကို တရုတ်တွေနဲ့ဖြစ်တယ်။ ကွန်မြူနစ်တွေဆို အစိုးရဆန့်ကျင်ဖို့ တရုတ်ဘက်သွားနေတယ်။ ဒီသမိုင်းကြောင်း ကလည်း ရှိတယ်။ ဒါပေမဲ့ အခြေအနေအရ တရုတ်ဘက်ကနေ အကူအညီတောင်းရတယ်။ အခုတရုတ်ဆီက ပိုက်ဆံတွေယူရ တယ်။ စစ်ရေးအကူအညီယူရ တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အစိုးရကို မုန်းတယ်၊ ကဲ့ရဲ့တယ်။ကမ္ဘာကလည်း အကူအညီက မရတော့ အခုသူတို့က မှန်းပြီးတော့ အမေရိကဘက်ကို လိုက်ရမယ်ဆိုတာမျိုး စဉ်းစားတယ်။ ဒါကြောင့်နည်းနည်း ဖွံ့ဖြိုးလာတယ်။ အစိုးရကတော့ သူတို့ကို အကျိုးပေးတဲ့ဘက်ကိုပဲ လိုက်မှာပဲ။
အာဏာသိမ်းမှု နောက်ပိုင်း မိသားစု တကွဲတပြားစီဖြစ်ပြီး တိုင်းပြည်က စွန့်ခွာရတဲ့အတွက် ဒီလိုဖြစ်စေခဲ့တဲ့ ဦးနေ၀င်းအပေါ် မှာ အန်တီစိတ်ခံစားချက်က ဘယ်လိုရှိသလဲ။
ကျွန်မလုပ်ချင်တာတစ်ခုရှိ တယ်။ အခုဒီစာအုပ်ထဲမှာ ကိုယ်ဖတ်စေချင်သူများဆိုပြီးသို့ လိပ်မူပြီး ထည့်ထား ချင်တာ။ မြန်မာ ပြည်ကို အုပ်ချုပ်ခဲ့တဲ့လူတွေရဲ့ သမီး၊ သားတွေကို အဲဒီလို စာအုပ်မှာ စာရင်းထည့်ပြီး ပေးချင် ခဲ့တာ။ အဲဒီထဲမှာ နေ၀င်းလည်းပါတယ်လေ။ သူ့သား၊ သမီးတွေမှာလည်း သူတို့အဖေကြောင့် ခံစားခဲ့ရ တာတွေ အများကြီး ရှိ တယ်။ သူတို့နဲ့ ကျွန်မတို့ Politicချင်းတော့မတူဘူး။ ဒါပေမဲ့လည်း သူတို့အဖေကြောင့် သူတို့ခံစားခဲ့ရတာတွေရှိတာပဲ။ ကျွန်မကတော့ သူတို့နဲ့ တွေ့ရင် သိပ်ပြော ချင်တယ်။ ဘယ်လိုခံစားရလဲလို့။ ဒါပေမဲ့ မဖြစ်နိုင်ဘူးထင်ပါတယ်။ (ရယ်လျက်)
တစ်ချိန်က ဦးလောရုံအပါအ၀င် မြန်မာနိုင်ငံမှာ ပြည်ဖုံးကားချခံ ခဲ့ရတဲ့ တိမ်မြုပ်ဆဲ ပြည်ပရောက် မြန်မာပြည် သူတွေအကြောင်းကို ကမ္ဘာသိအောင် ဘယ်လို ဖော်ထုတ်သင့်တယ်လို့ အကြံပြုချင်ပါ သလဲ။
အကြံပေးချင်တာ ပထမဆုံးက စာဖတ်ရမယ်။ သူများတွေ ဘာပြောနေတယ်၊ ဒီပြင်နိုင်ငံတွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာသိမှ ပဲ အဆက်အသွယ်ရှိမှာ။ တချို့က စာအုပ်ရေးချင်တယ်။ မဖတ်ချင်ဘူး။ ဒါတော့မဖြစ်ဘူး။ ပထမဆုံးသူများတွေ ဘယ်လို စဉ်းစားလဲသိမှ။ ကိုယ့်ပေးချင်တဲ့ မက်ဆေ့ခ်ျကို ပို့ချင်ရင်သူများ တွေ ဘယ်လိုဆက်သွယ်ပြီး ဘယ်လိုရေးလဲဆိုတာ ကြည့်ပြီး နိုင်ငံတကာဘာသာ နဲ့ ရေးတာ ကောင်းမယ်။ အခုခေတ် အတော်ဆုံး စာရေးဆရာတွေက ကဗျာဆရာတွေလို့ထင်တယ်။ နိုင်ငံ တကာ မှာတော့ သူတို့အသံက သိပ်ကို ထွက်နေပါပြီ။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
7Day Daily
No comments:
Post a Comment