Thursday, March 19, 2015

ဗြိတိသျှကိုလိုနီခေတ်မှ အစိုးရအဆက်ဆက် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်း ရှိ ပုဒ်မ ၅၀၀ ဖြင့် ပြစ်ဒဏ်ချမှတ်မှုများတွင် ပထမဆုံး ထောင်ဒဏ်ချမှတ်မှု အဖြစ် မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်က ဂျာနယ်လစ်နှစ်ဦး အား ထောင်ဒဏ်နှစ်လ ချမှတ်


ဗြိတိသျှကိုလိုနီခေတ်မှ အစိုးရအဆက်ဆက် နှစ်ပေါင်း ၁၀၀ ကျော်သက် တမ်းရှိ ပုဒ်မ ၅၀၀ (အသရေ ဖျက်ပုဒ်မ) ဖြင့် ပြစ်ဒဏ်ချမှတ်မှုများတွင် ပထမဆုံး ထောင်ဒဏ်ချမှတ်မှုအဖြစ် မော်လမြိုင်မြို့နယ် တရား သူကြီး ဦးသန်းအောင်က ဂျာနယ်လစ်နှစ်ဦးအား ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ နှစ်ဦးမှာ မြန်မာပို့စ်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးသန်းထိုက်သူနှင့် ဦးဆန်းမိုးထွန်းတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်နှစ်လ ကျခံစေရန် မော်လမြိုင်မြို့နယ် တရားရုံး မြို့နယ်တရားသူကြီး ဦးသန်းအောင်က မတ် ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ဝေခဲ့သော မြန်မာပို့စ်သတင်း ဂျာနယ် အတွဲ(၆)၊ အမှတ်(၅) တွင် ဖော်ပြခဲ့သည့် “ပညာရည်နိမ့်ကျမှုကြောင့် တပ်မတော်သားများ လွှတ်တော်တွင် ပါဝင်နေရခြင်းဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဆို” သတင်းနှင့် ပတ်သက်ပြီး ဦးသန်းထိုက် သူနှင့် ဦးဆန်းမိုးထွန်းတို့အား ပုဒ်မ ၅၀၀ ဖြင့် မွန်ပြည်နယ်လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က ၂၀၁၄ ခုနှစ် ဖေဖော် ၀ါရီလအတွင်း တရားစွဲဆိုခဲ့သည်။ အဆိုပါသတင်းအား ဖော်ပြ ထားစဉ်က သတင်းရေးသူများအဖြစ် ‘သံလွင်မောင်မောင်၊ ဆန်းမိုးထွန်း’ ဟု ဖော်ပြ ထားသည်။

“အယ်ဒီတာချုပ် ကိုသန်းထိုက်သူနဲ့အတူ ဒုတိယသတင်းထောက်ချုပ် ကိုဆန်းမိုးထွန်းတို့ကို မွန်ပြည်နယ် တရားရုံးကနေ ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့ပါတယ်။ မွန်ပြည်နယ် လွှတ်တော်က တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်နဲ့ ဖြစ်တဲ့ အမှုပါ။ သံလွင်မောင်မောင်ကတော့ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့တယ်။ အဲဒါကြောင့် သူ့ကိုတော့ တရားခံစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ သူက ကျွန်တော်တို့တိုက်က သတင်းထောက် မဟုတ်ဘူး။ အလွတ်တန်း သတင်းထောက်ပါ” ဟု မြန်မာပို့စ် ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇင်သော်နိုင်က ပြောကြားသည်။

မြန်မာပို့စ်က ဖော်ပြခဲ့သော သတင်းတွင် မွန်ပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်၏ ပြောစကားကို အသုံးပြုခဲ့သဖြင့် ဗိုလ်မှူးသိန်းဇော်က တရားလိုပြုလုပ် တရားစွဲဆို ခဲ့ခြင်းဖြစ်ကာ တစ်နှစ်ကြာ တရားရင်ဆိုင်ရပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဂျာနယ်လစ်များ ဖမ်းဆီးခံ ရခြင်း၊ ထောင်ဒဏ်ချမှတ်ခံရခြင်းများမှာ အများဆုံးအနေဖြင့် ဆက်တိုက်ဖြစ်ပေါ်နေပြီး ယခုကဲ့သို့ ပုဒ်မ ၅၀၀ ဖြင့် ဂျာနယ်လစ်နှစ်ဦးကို ထောင် ဒဏ်ချမှတ်ခြင်းမှာ ပထမဆုံး ပေါ်ပေါက်ခဲ့ခြင်း ဖြစ် . . . . .

ထို့အပြင် တရားစွဲဆိုရာ၌ မူလ သတင်းရေးသားသူ ကိုဇော်မင်းဦး (ခေါ်) သံလွင်မောင်မောင်အား တရားစွဲဆိုခဲ့ခြင်း မရှိဘဲ အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက်ချုပ်တို့ကိုသာ တရားစွဲဆိုပြီး ထောင် ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကတော့ တရားမျှတမှုအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ ဒီဟာအတွက် လိုအပ်တဲ့ အယူခံတွေ ဆက်ပြီး တက်သွားပါမယ်။ တရားလွှတ်တော်ချုပ်အထိ ဆက်တက်သွားပါမယ်” ဟု ကိုဇင်သော်နိုင်က ဆက်လက်ပြောကြားသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဂျာနယ်လစ်များ ဖမ်းဆီးခံရခြင်း၊ ထောင်ဒဏ်ချမှတ်ခံရခြင်းများမှာ အများဆုံးအနေဖြင့် ဆက်တိုက်ဖြစ်ပေါ်နေပြီး ယခုကဲ့သို့ ပုဒ်မ ၅၀၀ ဖြင့် ဂျာနယ်လစ်နှစ်ဦးကို ထောင်ဒဏ် ချမှတ်ခြင်းမှာ ပထမဆုံး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဗြိတိသျှ ကိုလိုနီခေတ်ကတည်းက ရေးဆွဲခဲ့သော ရာဇသတ်ကြီး ပုဒ်မ ၅၀၀ တွင် အမြင့် ဆုံးထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရန် ပြဋ္ဌာန်းထားသော်လည်း ထိုပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်မှုမှာ ဗြိတိသျှ ကိုလိုနီခေတ်မှာပင် မရှိသလောက် နည်းပါးခဲ့သည်။ ထို့နောက် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပါလီမန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီခေတ်နှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရလက်ထက်များတွင်လည်း ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမှုများ၌ ငွေဒဏ်ဖြင့်သာ ပြီးဆုံးလေ့ရှိပြီး ထိုပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ဂျာနယ်လစ်များ လည်း မရှိခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေများ၏ ပြောကြားချက်အရ သိရသည်။

ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်နှစ်လချမှတ်ခြင်း မခံရမီ နှစ်ရက်အလို မတ် ၁၆ ရက်က ထုတ်ဝေခဲ့သည့် မြန် မာပို့စ်ဂျာနယ် အတွဲ(၇)၊ အမှတ် (၁၁) မျက်နှာဖုံးကို အနက်ရောင်ဖြင့် ဖော်ပြခဲ့ပြီး သပိတ်မှောက် ကျောင်း သားများကို အကြမ်းဖက် နှိမ်နင်းခဲ့ခြင်း၊ မီဒီယာသမားမှန်း သိလျက်နှင့်ပင် ဂျာနယ်လစ်များကို ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်းများအတွက် တာဝန်ရှိသည့် သမ္မတ၊ အစိုးရအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အား ကန့်ကွက်ရှုတ်ချကြောင်းကို ဖော်ပြသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာပို့စ်ဂျာနယ်မှ အယ်ဒီတာအဖွဲ့ဝင်များက ထုတ်ဖော်ပြောကြားသည်။

“အခုလိုမျိုး မီဒီယာသမားတွေကို ပုဒ်မ-၅၀၀ အသရေဖျက်မှုနဲ့ ထောင်ချတာ ဘယ်ခေတ်ဘယ်ခါကမှ မရှိခဲ့ဘူး။ ဒီလိုမျိုး ထောင်ချတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ စာနယ်ဇင်းတွေကို ပိုမိုဖိနှိပ်လာ တာနဲ့ ပတ်သက်ပြီး ဒီနေ့လုပ်မယ့် စာနယ်ဇင်းကောင်စီ အစည်းအဝေးမှာ တင်ပြသွားမယ်” ဟု စာနယ် ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်၊ Eleven Media Group မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့် က ပြော ကြားသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ၂၀၁၄ ခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံရသည့် ဂျာနယ်လစ် ၁၀ ဦးရှိခဲ့ပြီး တရားရင်ဆိုင်နေရသည့် ဂျာနယ်လစ် ၁၉ ဦး ရှိခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် သတင်းထောက်များအနက် ယူနတီဂျာနယ်လစ် ငါးဦးကို ၂၀၁၄ ခုနှစ် ဇူလိုင် လအတွင်းက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ထို့အတူ Bi မွန်းတည့်နေဂျာနယ်လစ် ငါးဦးကိုလည်း ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြား မှုနှင့် ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေသော ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်စီ ချမှတ် ခဲ့ခြင်း ဖြစ် သည်။

Bi မွန်းတည့်နေ ဂျာနယ်လစ်များကို တရားစွဲဆိုချိန်တွင် သတင်းမီဒီယာ ဥပဒေကို အတည်ပြုပြဋ္ဌာန်း ပြီး ဖြစ်သော်လည်း ထိုဥပဒေ၏ အကာအကွယ်ကို လုံးဝမရရှိခဲ့ဘဲ စစ်အစိုးရလက်ထက် နိုင်ငံရေးသမား များကို အရေးယူလေ့ရှိသော ဥပဒေပုဒ်မဖြင့် အရေးယူ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆို ခံထားရသော ဂျာနယ်လစ်များအနက် Weekly Eleven သတင်းဂျာနယ်၏ ထုတ်ဝေသူ၊ Weekly Eleven သတင်းဂျာနယ်နှင့် The Daily Eleven သတင်းစာတို့မှ မန်နေးဂျင်းဒါရိုက်တာ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် အမှုဆောင် အယ်ဒီတာတို့အား ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်ပြီး အသရေဖျက်ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားခြင်း ဖြစ် သည်။

ထို့အတူ မြန်မာသံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာချုပ်မှ ဖြန့်ချိရေးအထိ ပါဝင်သော လူပုဂ္ဂိုလ် ၁၁ ဦးကို လည်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ရုံးအဖွဲ့မှူးက တရားလိုပြုလုပ်ပြီး သတင်းမီဒီယာ ဥပဒေဖြင့် တရားစွဲဆို ထားသည်။ အလားတူ မြန်မာသံတော်ဆင့် သတင်းဂျာနယ်၏ ပဲခူးတိုင်း တာဝန်ခံတစ်ဦးကိုလည်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး သတင်းမီဒီယာ ဥပဒေဖြင့်ပင် တရားစွဲဆိုထားသည်။

ထိုကဲ့သို့ ဂျာနယ်လစ်များ ဖမ်းဆီးထောင်ချခံရမှုနှင့် ထောင်ဒဏ်ချမှတ်ခံရမှု များသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အဆိုးရွားဆုံး ပေါ်ပေါက် ခဲ့ခြင်းဖြစ်ကာ ဆန္ဒထုတ်ဖော်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များ တွင် ဂျာနယ်လစ်များ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်မှတ်ထား တိုက်ခိုက်နေမှုများမှာလည်း ဆက် တိုက်ဖြစ်ပေါ်နေသည်။

နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ၏ ၂၀၀၄ ခုနှစ် အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွင်း ဂျာနယ်လစ်များကို ထောင် ဒဏ်ချမှတ်မှု အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List