Friday, March 20, 2015

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု အစီရင်ခံစာ တင်သွင်းမည့်ရက် ရွှေ့ဆိုင်း


ရခိုင် ကမ်းရိုးတန်းသွား အောင်တံခွန် သင်္ဘောနစ်မြုပ်မှု အကြောင်းရင်းမှန် ဖော်ထုတ်ရေးအတွက် ပြည် နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၁၈ ရက်တွင် အစီရင်ခံစာ တင်သွင်းရန် သတ်မှတ်ခဲ့သော်လည်း အစီရင်ခံစာ တင်သွင်းမည့် ရက်ကို ထပ်မံရွှေ့ဆိုင်း လိုက်သည်။
စစ်ဆေးမှု မပြီးပြည့်စုံသဖြင့် အစီရင်ခံစာ တင်သွင်းမည့်ရက်ကို မတ် ၂၁ ရက် အထိ ထပ်မံရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းချစ်ဦးက "ပိုပြီးတိကျ ပြည့်စုံတဲ့ အစီရင်ခံစာမျိုးဖြစ်ဖို့အတွက် ဝန်ကြီးချုပ်ကိုယ်တိုင် ရွှေ့လိုက်တာ" ဟု ပြောသည်။

အဆိုပါ ကော်မရှင်ကို မတ်လ ၁၆ ရက်က ဖွဲ့စည်းခဲ့ပြီး    မတ် လ ၁၈ ရက်တွင် အစီရင်ခံစာ တင်သွင်းမည် ဟု ပြည်နယ် အစိုးရက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အောင်တံခွန် သင်္ဘော နစ်မြုပ်မှုတွင် မတ်လ ၁၉ ရက်အထိ ကျောက်ဖြူ လူငယ်အဖွဲ့က ရုပ်အလောင်း ၆၈ လောင်းကို ဆယ်ယူထားနိုင်သည် ဟုထုတ်ပြန်ထားသည်။  သို့သော် အစိုးရ ကမူ သေဆုံးသူ စာရင်း ကို ခြောက်ဆယ် ဦး ထုတ်ပြန်ထာသည်။

သင်္ဘောအောက်ခြေတွင် သေဆုံးသူ ရုပ်အလောင်းများ ကျန်နေသေးသည် ဟု ကျောက်ဖြူ လူငယ်ကွန်ရက် ဆိုသည်။

"တိကျတဲ့ စုံစမ်းမှုမျိုးဖြစ်ဖို့ဆိုရင် သင်္ဘောကို ပြန်ဆယ်မှ ရမယ်"ဟု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက်နေသူ ကိုစိုးနိုင်ကပြောသည်။

ထပ်မံတွေ့ရှိသော ရုပ်အလောင်းများကို ဒေသခံများ၏ အစီအစဉ်ဖြင့် မြုပ်နံခြင်း၊တရားနာခြင်းများပြုလုပ် လျှက်ရှိပြီး ဒေသ ရှာဖွေရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်နေသည် ဟုဆိုသည်။

ကျောက်ဖြူ-စစ်တွေ ကျွန်းပတ် အောင်တံခွန် သင်္ဘောသည် မတ်လ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့ ခြင်းဖြစ်ပြီး လူပေါင်းတစ်ရာ ကျော်ကို ဒေသခံများက ကယ်တင်ထားခဲ့သည်ဟု ကယ်တင်ထား သူမျာက မဇ္ဈိမကိုပြော သည်။

ထို ကိစ္စနှင့် ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီး နုတ်ထွက်ပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်ရန် ပြင်ဆင် လျှက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List