အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ဖို့ ဆွေးနွေးပွဲမှာ
တပ်ပိုင်းဆိုင်ရာကိစ္စတွေဖြစ်တဲ့ နှစ်ဖက် တပ်တွေ လိုက်နာကျင့်သုံးရမယ့်
စည်းကမ်းတွေ ကို ဒီနေ့ ဆွေးနွေးခဲ့ပြီး မပြီးပြတ်သေးကြောင်း
နှစ်ဖက်ခေါင်းဆောင်တွေက ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဒုတိယနေ့ဆွေးနွေးပွဲအပြီး
သတင်းစာ ရှင်းလင်းပွဲမှာ ကရင် အမျိုးသားအစည်းအရုံး KNU အထွေထွေ
အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ဒီနေ့ဆွေးနွေးပွဲ အကြောင်း
ရှင်းပြခဲ့ပါတယ်။
"ဒီနေ့ကျနော်တို့ ဒုတိယမူကြမ်းမှာပါတဲ့အချက် တချို့တပ်ပိုင်းဆိုင်ရာကိစ္စ၊ ဒါကို ကျနော်တို့ အလုပ် အဖွဲ့ အဖြစ်ဆွေးနွေးပြီးတော့ မူနဲ့ဆိုင်တဲ့ကိစ္စတွေ ကြားမှာ NCA လဲပြန်စစ်ရမယ်၊ ဒါမှလဲ NCA တစ်စောင်လုံး ကျနော်တို့ရမှာပေါ့၊ ဒီနေ့ညှိနှိုင်းမူဟာ နှစ်ဘက် စလုံးကတစ်ကယ့်ကို နားလည်မှုရှိရှိညှိနှိုင်း တဲ့အပေါ်မှာ ကျနော်တို့က အချက်တော်တော်များများကို သဘော တူပြီးတော့ NCA ထဲပြန်ထည့်နိုင်မယ့် အနေအထား ရှိပါတယ်"
မနေ့က ဆွေးနွေးပွဲမှာ နှစ်ဖက်စစ်ရေးပဋိပက္ခတွေလျှော့ချနိုင်ရေး အတွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီတကြိမ်ဆွေးနွေးပွဲဟာ နောက်ဆုံးဆွေးနွေးပွဲဖြစ်နိုင်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ဖို့ နှစ်ဖက်သဘောတူညီချက် ရနိုင်မယ် လို့ မျှော်လင့်နေကြပါတယ်။
ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း RCSS/SSA က လေ့လာသူ အဖြစ် တက်ရောက်သလို ကုလသမဂ္ဂ အထူးအကြံ ပေးအရာရှိ Vjay Nambia လည်း တက်ရောက်ခဲ့ပြီး တပ်တော်ဘက်က ဗိုလ်ချုပ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ၅ ဦးတက်ရောက်ခဲ့ ပါတယ်။
RFA Burmese

No comments:
Post a Comment