Wednesday, March 18, 2015

နံပါတ်တုတ် အောက်က ဒေါ်နီလာသိန်း


ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့ ညနေပိုင်းက အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြနေတဲ့ ကျောင်း သားတွေနဲ့ ဆန္ဒပြမှုကိုထောက်ခံနေတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) ကအဖွဲ့ဝင်တွေကို ရော်ဘာ တုတ် တွေ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် တွေနဲ့ “တာဝန်” ဆိုတဲ့ လက်ပတ်နီတွေကို ဝတ်ဆင်ထားတဲ့ အရပ်ဝတ်အဖွဲ့တွေက အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခံခဲ့ရပါတယ်။ 


ဖြိုခွင်းခံရတဲ့အထဲမှာ ၈၈ မျိုးဆက်က ဒေါ်နီလာသိန်းလည်း ပါပါတယ်။ အဲဒီလို အကြမ်းဖက် ဖြိုခွင်းခံရတဲ့နေ့က သူ့အတွေ့အကြုံတွေ ကို ဧရာဝတီ သတင်းထောက် စနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဧရာဝတီ ။ ။ မတ်လ ၅ ရက်နေ့က ဆူးလေဘုရားရှေ့မှာ အကြမ်းဖက်မှု အဖြစ်ခံရတဲ့ အဖြစ်အပျက်လေးကို အရင်ဆုံး ပြောပြပေးပါ။

ဒေါ်နီလာသိန်း ။ ။ ကျမတို့ရောက်ပြီး မိနစ်ပိုင်းအကြာမှာ ကျောင်းသားတွေက သူတို့ ဆန္ဒပြတောင်းဆိုတဲ့ြွေကးကြော်သံ တိုင်ပြီး ဆိုနေတဲ့ အချိန်မှာ တဖက်ကလည်း လော်စပီကာနဲ့ နာရီဝက်အတွင်း လူစုခွဲဖို့ အော်နေ တယ်။ အဲဒီအချိန်မှာ ရဲအင်အားက အပြည့် ရှိပါတယ်။ ရဲတွေရဲ့ရှေ့မှာ လက်ပတ်အနီနဲ့ အရပ်ဝတ် လူအုပ်ကြီး ရှိတာကို တွေ့ရတယ်။ နာရီဝက်မတိုင်ခင်မှာ ရှေ့ဆုံးမှာရှိတဲ့ အရပ်ဝတ်၊ လက်ပတ်အနီနဲ့ လူအုပ်ကြီးက ကျောင်း သားတွေကို အင်အားသုံးဖြိုခွင်းတာကို တွေ့ရတယ်။ အဲဒီအချိန်မှာ ကျမတို့ က ကျောင်းသားတွေကို မလုပ်ဖို့ ကြားထဲကိုဝင်ပြီး ကျမတို့ အပါအဝင် အရပ်ဘက်နဲ့ တခြားအင်အားစုတွေက ဝိုင်းကာကွယ်ကြ တယ်။ အဲဒီကြားထဲမှာ လူမသိ၊ သူမသိ ထိခိုက် ဒဏ်ရာရ သူတွေလည်း ရှိတယ်။ ပြီးတဲ့အချိန်မှာ ရဲတွေက ရှေ့တိုးလာ ပြီး နံပါတ် တုတ်တွေနဲ့ ထပ်ဖြိုခွင်းတယ်။

ဘယ်နေရာတွေမှာ ဘယ်နှစ်ချက်လောက်အထိ ထိခိုက်ဒဏ်ရာ ရခဲ့ပါသလဲ။

ရဲက ရိုက်တဲ့အချိန်မှာ အဓိကက ဦးခေါင်းနဲ့ ပခုံး ၂ ဖက်လုံးကိုထိတယ်။ အချက်တော့ မရေတွက် မိတော့ဘူး။ ဦးခေါင်းကို နံပါတ် တုတ်တွေနဲ့ ရိုက်တာ ခံရတယ်။ ကျောကိုလည်း တချက်တချက် ထိတယ်။ အရပ်ဝတ်တွေ စလုပ်တုန်းက လက်နဲ့ပဲထိသေးတာ။ အရပ်ဝတ်တွေက ထိုးတာ၊ ကန်တာတွေလုပ်တော့ ကျောင်းသားတွေက ကျမတို့ကို ပြန်ကာပေးတယ်။ ရဲတွေက မျက်နှာတွေကိုပဲ အဓိကထားပြီးရိုက်တာ။

ကားပေါ်ကို အကြမ်းဖက်ဖြိုခွဲပြီး အတင်းဆွဲ ခေါ်သွားတော့ အမျိုးသမီး ရဲမေတွေ တဦးမှမပါတာ ကို တွေ့ရတယ်။ အဲဒီလို မိန်း ကလေး မပါဘဲနဲ့ အတင်းလုပ်တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သုံးသပ်လဲ။

အဓိကက ကျောင်းသားတွေကို ဝင်ဖမ်းတာ။ ကျမတို့က ကျောင်းသားတွေကို မဖမ်းဖို့ အတင်း ပြန်ဆွဲခေါ် နေရင်း ကျမတို့ကိုပါ ဆွဲခေါ်သွားတာ။ ပြောချင်တာက အမျိုးသမီးတွေကို ဖမ်းမယ်ဆိုရင် အမျိုးသမီး ရဲမေတွေ ပါရမယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံမှာက ဥပဒေလက်လွတ် လုပ်ဆောင်နေတာတွေက အင်မတန်ကို များပြားနေ ပါတယ်။ ဒီလိုမျိုးနေရာမှာ ဒီလိုမျိုးလုပ်ရမယ်၊ လုပ်သင့်တယ် ဆိုတာ သိသိကြီးနဲ့ ဥပဒေရဲ့ ချိုးဖောက်မှုဒဏ်ကို ပြည်သူလူထုက ခံနေရတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ပြည်သူက ခံနေရတယ်။

အခု အစိုးရကို ၈၈ မျိုးဆက်တွေ အပါအဝင် တခြားအဖွဲ့အစည်းတွေ အားလုံးက ဒီလက်ပတ်အနီ ကိုသုံးတာနဲ့ ပတ်သက်ပြီး ဘယ်သူ တာဝန်ရှိတယ်။ ဘယ်သူက လုပ်ဆောင်တယ်ဆိုတာကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေ တယ်။ ဒါပေမယ့် ဒီနေ့အထိ ဘာမှထူးခြားမလာသေးဘူး။ ဒီကိစ္စက အစိုးရမှာ တာဝန်ရှိတယ်။

ဒီအစိုးရ လက်ထက်မှာ စွမ်းအားရှင်လို့ ပြော နေကြတဲ့ အရပ်ဝတ် ပြည်သူတွေကို ဆန္ဒပြပွဲတွေမှာ ပြန်အသုံးပြု တဲ့အပေါ်မှာ ဘယ် လိုမြင်ပါသလဲ။

အစိုးရက ဒီပြောင်းလဲမှုကာလကို သွားနေပါတယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေပါတယ်ဆိုတဲ့ စကားလုံးတွေထက် လုပ်နေတဲ့လုပ်ရပ်က မိမိက ဘာကိုသွားနေပါတယ်ဆိုတာကို သက်သေ ထူလိုက်တာပဲ။

ဒီလူတွေကို ထုတ်သုံးလိုက်တဲ့အတွက် ရွေးကောက်ပွဲအတွက်ရော အန္တရာယ်ရှိလာနိုင်တယ်လို့ ထင်ပါသလား။

ဒီလူတွေကို နောက်ပိုင်းမှာ ဆက်ပြီး ထုတ်သုံး နေမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲတခုတည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို လို လားတောင်းဆိုနေတဲ့ စကားလုံးတွေအတွက်ပါ အများကြီး တာသွားမှာပါ။ အစိုးရပိုင်းက လည်း ဒါကို သေသေချာချာ ဆုံးဖြတ်ရ မယ်။ သူတို့လုပ်ဆောင်မယ့် အပိုင်းမှာလည်း မှန်မှန် ကန်ကန် လုပ်ပေးဖို့လိုတယ်။ ဒီလိုမျိုးလုပ်လိုက်ရင် ဒီလိုဖြစ်မယ်ဆိုတာ သူတို့သိနေတာပဲ။ သူတို့သိနေ လျက်နဲ့ လုပ်တယ်ဆိုကတည်းက သူတို့သွားနေတဲ့ လမ်းကြောင်းကို ပြောနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပဲဖြစ်ဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲ ဘယ် လိုလုပ်ပါ့မယ်လို့ စကားလုံးတွေနဲ့ ပြောနေပေမယ့် လုပ်ရပ်က အဓိက ကျတယ်။ လုပ်ရပ်က အဖြေတွေ ပေးနေတယ်။

ဒီ ၂၀၁၅ ရွေးကောက်ပွဲကြီး ကောင်းကောင်း မွန်မွန် အဆုံးသတ်သွားဖို့ဆိုတာ အားလုံးမှာတာဝန် ရှိတယ်။ အကောင်းဆုံး လုပ်ဆောင်ချင်တဲ့စိတ် ရှိတယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမှာပဲ။ အဲဒီနေ့ကအဖြစ်အပျက်ဆိုရင် ဆယ်ဂဏန်း ရှိတဲ့ ကျောင်းသားတွေကို ရာနဲ့ချီပြီး လုပ်တာ။ ဒီကျောင်းသားတွေ ကို ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ် ဆိုတာသိသိကြီးနဲ့ လုပ်တာ။

အခုလို ကျောင်းသားထုတွေ အမျိုးသား ပညာရေးအတွက် ဆန္ဒပြတဲ့အပေါ်မှာရောဘယ်လို သဘောထားပါသလဲ။

အမျိုးသားပညာရေး ဥပဒေအတွက် တကယ့် ကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ လုပ်ဆောင်မှု၊ တောင်းဆိုမှုတွေကို ယုံလည်း ယုံကြည်တယ်။ အားပေးထောက်ခံတယ်။

ဆန္ဒပြမှုတွေကို အစိုးရအပါအဝင် တခြားသံဃာ့အဖွဲ့အစည်းတချို့၊ အရပ်ဘက်အဖွဲ့အစည်းတချို့တွေက လွှတ်တော်ကို ရောက်နေ ပြီဖြစ်တဲ့ အတွက် လမ်းပေါ်ထွက် သပိတ်မှောက်တာ မှားတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ ရော ဘယ်လိုထင်ပါလဲ။

ဒါကို ကျောင်းသားတွေက အကောင်းဆုံး လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်တယ်။ ဘေးကဝေဖန်သုံးသပ် ချက်တွေက အမျိုးမျိုး ရှိမှာပေါ့။ ဒီအပေါ်မှာ ကျောင်းသားတွေက ဘယ်လိုအချိန်မှာ ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာ၊ ဘယ်လို အဆုံးသတ် ရမလဲဆိုတာ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေအားလုံးက ဆုံးဖြတ် လုပ်ဆောင်သွားနိုင်ပါလိမ့် မယ်။

အခု လွှတ်တော်မှာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် လုပ်နေတဲ့ဟာတွေမှာရော ကျောင်းသားတွေ တောင်းဆိုနေ တာတွေ ပြည့်ပြည့် စုံစုံ ရနိုင်ပါ့မလား။

လွှတ်တော်အပိုင်းကိုတော့ ဆက်ပြီး စောင့်ကြည့်ရမှာပဲ။ ယတိပြတ်တော့ပြောလို့မရဘူး။ ရမယ်လို့လည်း အာမခံလို့ မရသလို မရဘူးလို့ လည်း ပြောလို့မရသေးဘူး။

ဧရာဝတီ

No comments:

Post a Comment

My Blog List